ကြည်ညိုဖူးမြော် သီတဂူဆရာတော်

သီတဂူဆရာတော်ကြီးထံမှ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA) ဥက္ကဋ္ဌ ဦးရဲထွန်း ဦးဆောင်သော YMBA အသင်းအလုပ်အမှုဆောင် အဖွဲ့က Video Conferencingမှတစ်ဆင့် သြဝါဒခံယူပွဲကို နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ကျောင်းတော်ကြီး၌ ကျင်းပသည်။ ဆရာတော်ကြီးအား ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီး (YMBA)၏ သြဝါဒါစရိယနှင့် အဓိပတိ ဆရာတော်ကြီးအဖြစ် ဆက်ကပ်ပူဇော်ကြပြီး  ဆရာတော်ကြီးက သြဝါဒစကား ချီးမြှင့်တော်မူသည်။

ဂုဏ်ပြုလက်မှတ်ဆက်ကပ်မှုအပေါ် သီတဂူဆရာတော်ကြီးက Video Conferencing မှတစ်ဆင့် သြဝါဒစကား ချီးမြှင့်ရာတွင် နှစ်ပေါင်းတစ်ရာကျော်သည်အထိတည်ရှိခဲ့သော့ YMBA အသင်းကြီးအနေဖြင့် အဓိက ဆက်လက်ဆောင်ရွက် သွားရမည့် အရာမှာ အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ပင် ဖြစ်ကြောင်း၊ အမျိုးချစ်ရုံဖြင့် မလုံလောက်သေးဘဲ နိုင်ငံချစ်စိတ်ဓာတ်လည်း ရှိရမည်ဖြစ်ကြောင်း၊ ထို့ပြင် အမျိုးနှင့်နိုင်ငံတော်ကို ချစ်နေရုံဖြင့် မပြည့်စုံသေးဘဲ  သာသနာတော်ကိုချစ်သည့် စိတ်ဓာတ်တို့ ပါဝင်သည့် သုံးပါးသောစိတ်ဓာတ်ဖြစ်သည့် ဗုဒ္ဓဘာသာ သာသနာတော်ကို ချစ်ခင်မြတ်နိုးသောစိတ်ဓာတ်၊ နိုင်ငံတော်ကို ချစ်ခင်မြတ်နိုးသောစိတ်ဓာတ်၊ မြန်မာလူမျိုးကို ချစ်ခင်မြတ်နိုးသော စိတ်ဓာတ်တို့ကို ထွန်းကားပြန့်ပွားအောင် (၃၈)ဖြာ မင်္ဂလာတရားတော်ကို အခြေခံ၍ အားလုံးဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ထည့်သွင်းမိန့်ကြားခဲ့သည်။

မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓသာသနာ အထွန်းကားဆုံးနိုင်ငံအဖြစ် ရပ်တည်နေနိုင်ခြင်းမှာ သာသနာ့ဦးဆောင် ဆရာတော်ကြီးများ ရှိနေခြင်းကြောင့်ဖြစ်သည်။ ထိုဆရာတော်ကြီးများတွင် သီတဂူဆရာတော်သည် တစ်ပါးအပါအဝင်ဖြစ်သည်။ ယနေ့ခေတ် မြန်မာနိုင်ငံ၏ စွမ်းဆောင်ရှင် သာသနာ့အာဇာနည် သီတဂူဆရာတော်သည် သက္ကရာဇ် ၁၃၃၈ ခုနှစ်၌ စစ်ကိုင်းတောင်ရိုးတွင် သဒ္ဓမ္မသီတဂူချောင်ကို စတင်ထူထောင်တော်မူခဲ့သည်။ ဆရာတော်၏ဘဝတွင် အောင်မြင်မှုကြီး ပေါင်းခြောက်ခုရှိကြောင်း နှစ် ၁၅၀ သက်တမ်း ရတနာပုံမြို့ရွှေမန်းစာအုပ်တွင် ဖော်ပြထားသည်။ ပထမအောင်မြင်မှုမှာ စစ်ကိုင်းချောင်တစ်တောင်လုံးကို ရေပေးဝေနိုင်စေရန် ပိုက်လိုင်းများ သွယ်၍ဒါနပြုခဲ့သည်။   သက္ကရာဇ် ၁၃၄၂ ခုနှစ်မှစတင်၍ ငါးနှစ်အကြာတွင် တောင်စစ်ကိုင်း ချောင်တိုင်း ရေဝေမယ် ဆိုသည့်အဓိဋ္ဌာန် အောင်မြင်ခဲ့သည်။ ဒုတိယအောင်မြင်မှုမှာ သီတဂူအာယုဒါနဆေးရုံတော် တည်ဆောက်ခြင်း ဖြစ်သည်။ ရဟန်းသံဃာရှင်သာမဏေ၊ သီလရှင်နှင့် ဖိုးသူတော်အားလုံးတို့ကို အခမဲ့ဇီဝိတဒါနပြုတော်မူပြီး ဆေးရုံအုပ်ချုပ်မှုအတွက် ကျွမ်းကျင် ဆရာဝန်ကြီးများနှင့် အထူးကု ဆရာဝန်ကြီးများကိုလည်း စီမံချထားပေးနိုင်ခဲ့သည်။ တတိယ အောင်မြင်မှုကြီးမှာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးကို ဖွင့်လှစ်တည်ထောင်နိုင်ခြင်း ဖြစ်သည်။

ထိုတက္ကသိုလ်ကို ၁၉၉၁ ခုနှစ်မှစ၍ထူထောင်လာခဲ့ရာ ကမ္ဘာ့အဆင့်မီစာချ စာသင်ကျမ်းပြုကိစ္စများအပြင် ကမ္ဘာတစ်ဝန်း ထေရဝါဒပြန့်ပွားရေးကို လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံတကာအဆင့်မီ ပါဠိသက္ကတအင်္ဂလိပ်စာနှင့် မြန်မာစာတို့ကို နိုင်နိုင်နင်းနင်း ပီပြင်စွာသင်ကြား ပြသပေးသည်။ မြတ်ဗုဒ္ဓ၏ ပရိယတ္တိဒေသနာတော်များကို နိုင်ငံတကာသို့ နေ့စဉ်ဖြန့်ဝေရေးသား ဟောပြောပို့ချနေမှုမှာလည်း သူမတူအောင်ပင် စွမ်းဆောင်နိုင်ပေသည်။

ဌာနမှူးများ၊ ကထိကများ၊ ပါမောက္ခများနှင့် ပါမောက္ခချုပ်ဆရာတော်များ၊ မော်ကွန်းထိန်းဆရာတော်များ ခန့်ထားကာ ဌာနကြီး ပေါင်းများစွာကို ဆရာတော်၏လုံ့လ ဝီရိယ ကာယ ဉာဏစွမ်းအားတို့ဖြင့် တည်ထောင်ထားရှိနိုင်မှုမှာ အံ့ဖွယ်ကိစ္စကြီး ဖြစ်သည်။

စတုတ္ထအောင်မြင်မှုကြီးမှာ ဗုဒ္ဓဘုရားရှင်ပွင့်တော်မူရာ မဇ္ဈိမဒေသတွင် ရှိသော သံဝေဇနိယလေးဌာနတွင် စေတီတော်များနှင့် ကျောင်းတိုက်ကြီးများမှအစ ဆောက်လုပ်လှူဒါန်းမှုဖြစ်သည်။ မြန်မာနိုင်ငံမှ သွားရောက်သည့် ဘုရားဖူးများ တည်းခိုရန် ကျောင်းတော်ကြီးများ ပေါ်ပေါက်လာခြင်းမှာ သီတဂူဆရာတော်၏ကျေးဇူး ဖြစ်သည်။

ပဉ္စမအောင်မြင်မှုကြီးမှာ အခြားဆရာတော်များ လုပ်ဆောင်ရန်ခက်ခဲလှပေသည်။ ၁၉၈၁ ခုနှစ်မှစတင်၍ ယနေ့တိုင်အောင်ပင် နိုင်ငံပေါင်း ၃၂ နိုင်ငံမကဘဲ ထေရဝါဒဗုဒ္ဓဘာသာ အယူအဆနှင့် ကျမ်းဂန်ဒေသနာတော်များကို တင်ပို့ဖြန့်ချိလျက်ရှိသည်။ ဘာသာမျိုးစုံသို့လည်း ထိုထိုသောနိုင်ငံခြားသားတို့ လက်ခံနိုင်သည်အထိ လုံ့လစိုက်ထုတ်တော် မူလျက်ရှိသည်။

ဆဋ္ဌမအောင်မြင်မှုကြီးမှာ သီတဂူဆရာတော်သာလျှင် စွမ်းဆောင်နိုင်စွမ်းရှိသည်။ ကမ္ဘာပေါ်တွင် မဟာယာနဂိုဏ်းနှင့် ထေရဝါဒဂိုဏ်းဟူ၍ မူလကတည်းက ကွာဟချက်ရှိနေသည်ကို သာသနာသုံးရပ်တလုံး တစည်းတည်း တည်တံ့စေရန် ရည်သန်လျက် မြန်မာနိုင်ငံရှိ ထေရ်ကြီးဝါကြီးဆရာတော်များနှင့် အာရှဒေသ၊ ဥရောပဒေသ၊ အရှေ့တောင်အာရှဒေသ တို့မှ သာသနာ့ဝန်ထမ်းပုဂ္ဂိုလ်များပါဝင်သော စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာ ဆမ်းမစ်ပွဲကြီး အောင်မြင်စွာ ကျင်းပခဲ့ခြင်းမှာလည်း ဆရာတော်၏ စွမ်းဆောင်အောင်မြင်မှု ဖြစ်ပေသည်။ သီတဂူဆရာတော်ကြီး၏ စွမ်းဆောင် အောင်မြင်မှုများကား ရေးဖွဲ့၍ကုန်နိုင်ဖွယ်မရှိပါ။ ကြည်ညိုဖူးမြော် သီတဂူဆရာတော်အား မြဝတီမှ ရိုသေလေးမြတ်စွာ ပူဇော်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။