တပ်မတော်တွင် စတုတ္ထအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုလုပ်ငန်း ဆောင်ရွက်

တပ်မတော်တွင် စတုတ္ထအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုလုပ်ငန်း ဆောင်ရွက်

 

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၁၄

    တပ်မတော်တွင် ပထမအကြိမ်အသည်း အစားထိုး ခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် အသည်းအစားထိုးလူနာ ၂ ဦး အား လည်းကောင်း၊ ဒုတိယအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်၊ ၃၁ ရက်နှင့် ဖေဖော်ဝါရီလ ၁ ရက်တို့တွင် အသည်းအစားထိုး လူနာ ၃ ဦး အား လည်းကောင်း၊ တတိယအကြိမ် အသည်းအစားထိုး ခွဲစိတ် ကုသမှုကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်မှ ၂၀ ရက်အထိ လည်းကောင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ယခုအခါ စတုတ္ထအကြိမ် အသည်းအစားထို းခွဲစိတ်ကုသမှုအား လူနာ ၃ ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမနေ့ အသည်းအစားထိုးခွဲစိတ်ကုသမှုကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ အထူးကုသမှုစင်တာ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး လူနာအလုပ်သင်ဗိုလ် ဇော်မင်းလတ်(ငြိမ်း)နှင့် တူဖြစ်သူ အသည်းအလှူရှင် ကိုငြိမ်းချမ်းအောင် တို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်သည်။

အသည်းအစားထိုး ခွဲစိတ်ကုသမှု ဆောင်ရွက်ရာတွင် အသည်းအလှူရှင်  လူနာထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၇ နာရီ ၅၀ မိနစ်တွင်စတင်ခဲ့ပြီး ထုတ်ယူရရှိသော အသည်းကို ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် အသည်းလက်ခံ လူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီခန့်ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင် လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူး ကြပ်မတ်ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက် ပေးလျက် ရှိသည်။

အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်ဆေးရုံကြီးများမှ တာဝန် ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး အောက်တိုဘာလ ၁၅ ရက်နှင့် ၁၆ ရက်များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။