ဆိပ်ဖြူမြို့နယ် ချောင်းမကြီးကျေးရွာထွက်ဂန္ဓမာပန်း ယခင်နှစ်ထက်ဈေးနှုန်းပိုရရှိ

ဆိပ်ဖြူ၊ ဈေးကွက်စီးပွားရေး

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ချောင်းမကြီးကျေးရွာမှ ဂန္ဓမာပန်းစိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်း၍ ယခင်နှစ်ထက် ဂန္ဓမာပန်းဈေးပိုမိုရရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ် ချောင်းမကြီးကျေးရွာမှ ဒေသခံပြည်သူများသည် အခြေခံစားသောက်ကုန် ဟင်းသီးဟင်း ရွက်နှင့် ပန်းများကို ဥယျာဉ်ခြံမြေများ၌ တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ထွက်ရှိလာသည့် ကုန်စိမ်းနှင့်ပန်းများကို ဆိပ်ဖြူမြို့နှင့် ချောက်မြို့ဈေးကြီးတို့သို့ ရောင်းချလျက်ရှိရာ လက်ရှိအချိန်တွင် ဂန္ဓမာပန်းများ လှိုင်လှိုင်ပေါ် ထွက်နေပြီး ဈေးကွက်ရရှိနေကြောင်း သိရသည်။

ချောင်းမကြီးကျေးရွာမှ ဂန္ဓမာပန်း စိုက်ပျိုးသူများသည် ပြင်ဦးလွင်မှ ဂန္ဓမာပျိုးများ တစ်ပင်လျှင် ၁၅ ကျပ် နှုန်းဖြင့်မှာယူ၍ ဝါဆိုလနှင့်ဝါခေါင်လတို့တွင် စတင်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး သုံးလအကြာတွင် စတင်ရောင်းချနေရပြီး ယခုနှစ်တွင် အနီမျိုး၊ စံပယ်ဖြူနှင့် အဝါဟူ၍ ဂန္ဓမာသုံးမျိုးစိုက်ပျိုးထားရှိကြောင်း၊ စံပယ်ဖြူနှင့် အဝါပွင့်သည့် ဂန္ဓမာမျိုးများသည် အနီမျိုးထက် ဈေးပိုရကြောင်း၊ အနီပွင့်သည့် ဂန္ဓမာမျိုး တစ်ခိုင်လျှင် ငွေကျပ် ၃၀၀ ဖြင့် ရောင်းချရပြီး စံပယ်ဖြူနှင့်အဝါပွင့်သည့် ဂန္ဓမာမျိုးများမှာ တစ်ခိုင်လျှင်  ငွေကျပ် ၅၀၀  ဖြင့်ရောင်းချရကြောင်း၊ လက်ရှိကာလတွင် ဂန္ဓမာပန်းရောင်းချနေသူများအနေဖြင့် ဂန္ဓမာပန်း တစ်ခိုင်လျှင် ငွေကျပ်၄၀၀ မှ ၆၀၀ အထိရောင်းချရသည့်အတွက် ယခင်နှစ်ထက် ပန်းဈေးပိုမိုရရှိကာ အဆင် ပြေကြောင်း ချောင်းမကြီးကျေးရွာမှ ဂန္ဓမာပန်းစိုက်ပျိုးသူများနှင့် ပန်းရောင်းချသူများထံမှ သိရသည်။

ကိုဇွဲ(အညာမြေ)