တောင်ကုတ်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် တရားမဝင်သစ်မျိုးစုံအား သစ်တောဦးစီးဌာနသို့ ဆက်လက် လွှဲပြောင်းအပ်နှံ

နေပြည်တော်၊ နိုဝင်ဘာ - ၁၉

 

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အနောက်ဘက်ပင်လယ်ပြင်နှင့် ဆက်စပ် မြစ်ချောင်းများအတွင်း တရားမဝင် သစ်မှောင်ခိုလှေများ ခိုအောင်းလျက်ရှိပြီး ပြည်ပနိုင်ငံများသို့ ပို့ဆောင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၁၇ ရက်မှ ၂၄ ရက်အထိ နေရာ ၁၁ နေရာမှတရားမဝင် သစ်မှောင်ခို သ‌င်္ဘော/စက်လှေများနှင့် တရားမဝင်သစ်များအား သိမ်းဆည်းရမိခဲ့သည့် သတင်းအား နိုဝင်ဘာ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

 

လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ဖမ်းဆီးရမိ တရားမဝင်သစ်များအား လွှဲပြောင်းအပ်နှံနိုင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် နိုဝင်ဘာ ၈ ရက်နေ့တွင် တောင်ရင်း ချောင်းဖျားအနီး စုပုံထားသည့် တရားမဝင်သစ်မျိုးစုံ ၁၅၀၀ တုံးခန့်အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိသစ်များအနက်မှ နိုဝင်ဘာ ၆ ရက်အထိ ခန့်မှန်း ၈၉၄ ဒသမ ၂၄ တန်(ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၂၂၆၅၅ ခန့်)အား တောင်ကုတ်မြို့ နယ်သစ်တောဦးစီးဌာနသို့ အပ်နှံဆောင်ရွက်ခဲ့ပြီး ကျန်ရှိသည့် တရားမဝင်သစ်များ အနက်မှ နိုဝင်ဘာ ၁၈ ရက်အထိ ခန့်မှန်း ၇၃၂ ဒသမ ၉၇၉၁ တန်(ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၁၆၃၆၈ ခန့်)အား တောင်ကုတ်မြို့နယ် သစ်တောဦးစီးဌာနသို့ ထပ်မံလွှဲပြောင်း အပ်နှံခဲ့ပြီးဖြစ်၍ ယနေ့အထိ လွှဲပြောင်း အပ်နှံပြီး ဖမ်းဆီးရမိ တရားမဝင် သစ်စုစုပေါင်းမှာ ၁၆၂၇ ဒသမ ၂၁၉၁ တန်(ခန့်မှန်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၃၉၀၂၃ ခန့်) ဖြစ်ပါသည်။

 

ကျန်ရှိသည့် သိမ်းဆည်းရမိ တရားမဝင်သစ် စုစုပေါင်းသစ်တုံး ၁၀၀၀၀ ကျော်အား ဆက်လက် လွှဲပြောင်း အပ်နှံနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။