ဇိမ်ခံ SUV လောကထဲကို Aito M9 နဲ့အတူဝင်လာတဲ့ ဟွားဝေ
ဟွားဝေလို့ဆိုလိုက်တာနဲ့ အလွှာမျိုးစုံအတွက် စမတ်ဖုန်း ထုတ်လုပ်တဲ့ နည်းပညာကုမ္ပဏီဆိုတာ အများသိကြပြီးဖြစ်မှာပါ။ အခုတော့ ဟွားဝေက စမတ်ဖုန်းတစ်မျိုးတည်းတင် ထုတ်လုပ်တော့မှာ မဟုတ်ပါဘူး။ လျှပ်စစ်ကားများကိုလည်း ထုတ်လုပ်သွားတော့မှာဖြစ်ပါတယ်။
ဟွားဝေအနေနဲ့ ဇိမ်ခံ SUV လောကထဲကို ပထမဆုံး ဝင်ရောက်လာပါပြီ။ သာမန် SUV နဲ့တော့ မဟုတ်ပါဘူး။ လျှပ်စစ် စွမ်းအင်သုံး SUV နဲ့ဝင်ရောက်လာတာပါ။ သူ့နာမည်ကိုတော့ Aito M9 လို့ပေးထားပါတယ်။
အလွန်လှပသိမ်မွေ့လှတဲ့ Aito M9 က သေးသေးကွေးကွေးတော့ မဟုတ်ပါဘူး။ သူ့ရဲ့အရွယ်အစားက တရုတ်နိုင်ငံမှာ အသုံးပြုနေတဲ့ မာစီဒီးဘန့်နဲ့ လန်းရိုဗာတို့လိုမျိုးဖြစ်ပါတယ်။
ဟွားဝေက Aitoနာမည်နဲ့ လျှပ်စစ်ကားများကို ဆဲရက်ကုမ္ပဏီနဲ့ ပူးပေါင်းထုတ်လုပ်တာဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်နဲ့ ပမာပြုခိုင်းနှိုင်းရရင် ဟွားဝေကဦးနှောက်ဖြစ်ပြီး ဆဲရက်က ခွန်အားဖြစ်ပါတယ်။
ဟွားဝေက Aito လျှပ်စစ်ကားများအတွက် လျှပ်စစ်မော်တာ၊ ချစ်ပြား၊ ဆင်ဆာ အစရှိတဲ့ပစ္စည်းတွေကို ထုတ်လုပ်ပေးပြီး ဆဲရက်ကုမ္ပဏီက အဲဒီပစ္စည်းတွေအပေါ်ကနေ ခြုံလွှာတစ်ထည်နဲ့ အုပ်ပေးလိုက်တာမျိုးပါ။
Aito M9 ကို အမျိုးအစားနှစ်မျိုးနဲ့ရရှိနိုင်ပါတယ်။ BEV နဲ့ BREV ပါ။ ပထမတစ်မျိုးက လျှပ်စစ်မော်တာနှစ်လုံးကို အသုံးပြုထားပြီး မြင်းကောင်ရေအား ၅၃၀ နှုန်းကို ထုတ်ပေးနိုင်ပါတယ်။
နောက်တစ်မျိုးဖြစ်တဲ့ BREV ကမြင်းကောင်ရေအား ၄၉၆ ကောင်အား ထုတ်ပေးနိုင်ပြီး သူ့မှာထူးခြားမှုတစ်ခုက ၁ ဒသမ ၅ လီတာဆံ့တဲ့ အတွင်းလောင် အင်ဂျင်တစ်လုံး ပါဝင်တာဖြစ်ပါတယ်။ အဲဒီအင်ဂျင်ရဲ့ လုပ်ဆောင်ချက်ကတော့ မီးစက်တစ်လုံးကဲ့သို့ပါပဲ။
Aito M9 က ဆိုက်ပြည့် SUV တစ်စီးပါ။ အလျား၊ အနံ၊ အမြင့်က ၅၂၃၀ X ၁၉၉၉ X ၁၈၀၀ မီလီမီတာရှိပါတယ်။ ကားဘီးတစ်ခုနဲ့တစ်ခုကြား အကွာအဝေးက ၃၁၁၀ မီလီမီတာပါ။
ဒါကြောင့် သူက သူ့ရဲ့ပြိုင်ဘက်တွေ ဖြစ်တဲ့ မာစီဒီးဘန့် EQE SUV နဲ့ BMW iXတို့နဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိပါတယ်။ အတွင်း ခန်းမှာတော့ လူ ၆ ဦးက သက်သောင့်သက်သာနဲ့ လိုက်ပါစီးနင်းနိုင်မှာဖြစ်ပါတယ်။
Aito M9 ကို ချုံချင်းမြို့ရှိ ဆဲရက်ရဲ့စက်ရုံမှာ ထုတ်လုပ်နေတာပါ။ အခုဆိုရင် ကနဦးထုတ်လုပ်မှုကို စတင်လုပ်ဆောင်နေပါပြီ။ စီစဉ်ထားတာကတော့ တစ်နှစ်ကို အစီးရေ ၇ သိန်းအထိ ထုတ်လုပ်သွားဖို့ဖြစ်ပါတယ်။
ဟွားဝေအနေနဲ့ Aito အမှတ်တံဆိပ်နဲ့ တခြားကားအမျိုးအစားတွေကို ထုတ်လုပ်ထားပြီးပါပြီ။ အဲဒါတွေကတော့ M5 နဲ့ M7 ပါ။ M9 အနေနဲ့ ဒီနှစ်အကုန်ပိုင်းမှာ ဈေးကွက်ထဲ ဝင်လာဖို့ရှိပါတယ်။
Aito M9 အနေနဲ့ ဈေးကွက်ဝင်လာတဲ့အခါ သူ့ရဲ့အမျိုးအစားအပေါ် မူတည်ပြီး ယွမ် ၅ သိန်းကနေ ယွမ် ၆ သိန်းအထိ ရှိမှာဖြစ်ပါတယ်။