ယမန်နေ့မှအဆက်
ဒီဘက်ကတော့ ဟိုလောက်ဆိုးမယ် မထင်ပါဘူး
တစ်မျိုးစီ ဆိုးတာပဲ ခင်ဗျ။ ဒီကကောင်တွေက လက်နက်ကောင်းတယ်။ နယ်ခြားမှာ လက်နက်ကောင်းရတယ်။ သူတို့ထောင်တဲ့ ဗုံးကလည်းကောင်းတယ်။
ဒါပေမဲ့ ဗုံးထောင်တာတော့ သိပ်မစုံလှဘူး ပြောတာပဲ
သောင်းဒန်က တံတားဆောက်လုပ်ရေးနှင့် ပတ်သက်၍ အရေးကြီးကြောင်း၊ နောင်လမ်းပန်းဆက်သွယ်ရေး ကောင်းသွားလျှင် တိုက်ရ ခိုက်ရလွယ်မည်၊ ရွှေ့ရပြောင်းရ လွယ်မည်ဆိုသည်တို့ကို ပြောပြသည်။
ပြီးတော့ ကျွန်တော်တို့ကိုလည်း ကူညီပါဗျာ။
ဒီတံတားဆောက်တဲ့လုပ်အားထဲမယ် ရဲဘော်တို့ရဲ့လုပ်အားလည်း ပါမှာ အမှန်ပဲ။ ရဲဘော်တို့ကို ကျွန်တော်တို့ မမေ့ပါဘူး
ရဲဘော်စိန်သောင်းက ခေါင်းညိတ်သည်။ သောင်းဒန်ပြောပြသဖြင့် သူလည်း သဘောပေါက်သွားဟန်တူသည်။
သူ့အလှည့်ပြီးလျှင် သောင်းဒန်အိပ်ရာသို့ဝင်သည်။
သူနှင့်လဲသူမှာ မစ္စတာဒေးဗစ်ဖြစ်သည်။ သူအိပ်ရာသို့ ဝင်သည့်အချိန်တွင် အားလုံးလိုလိုအိပ်နေကြပြီ။
ပတ်ဝန်းကျင်တစ်ခုလုံးလည်း တိတ်ဆိတ်နေသည်။
မိုးသားအနည်းငယ်ရှိသဖြင့် ကြယ်ပြောက်များပင်မမြင်ရ။
လောကတစ်ခုလုံး မှောင်အတိလွှမ်းနေချိန်ဖြစ်သည်။
အလင်းနှင့်အမှောင်ကို သောင်းဒန်ကောင်းကောင်း သဘောပေါက်လာသည်။ သူကိုယ်တိုင်ပင် တောင်တွေး မြောက်တွေးနှင့် စိတ်ချောက်ချားချင်လာသည်။ တုန်တုန်လှုပ်လှုပ်ဖြစ်ချင်လာသည်။
ဒီချောင်းမှာ တံတားဆောက်လို့ ဘယ်တော့မှမဖြစ်ဘူးတဲ့ခင်ဗျ။ အဲဒါ စင်ရော်သားတွေရဲ့အယူအဆပဲ နလကဥက္ကဋ္ဌ ဗိုလ်ကြီးဘကြိုင်ပြောသည်ကို နားထဲတွင် ကြားနေသည်။
ဆောက်လို့ဖြစ်ရင် အင်္ဂလိပ်လက်ထက်ကတည်းက ဆောက်မှာပေါ့တဲ့
ဟုတ်မယ် မထင်ပါဘူးဗျာ။ အင်္ဂလိပ်လက်ထက်က သောင်ဦးနဲ့ရေပြာအထိ မီးရထားလမ်းဖောက်ဖို့ စီမံကိန်းရှိသေးတာပဲ။ စစ်ဖြစ်သွားလို့ကိုးဗျ။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ အင်္ဂလိပ်လက်ထက်က မီးရထားဌာနက အစိုးရဌာနမဟုတ်ဘူး။ ဒီတော့ ကားလမ်းအတွက် တံတားဆောက်တာတို့၊ လမ်းဖောက်တာတို့ဆိုရင် မီးရထားဌာနရဲ့ဝင်ငွေကို မထိခိုက်အောင် စဉ်းစားမှာပေါ့
သောင်းဒန်က သူ ကြားဖူးနားဝရှိသမျှ ပြန်ပြောသည်။
ဒါတွေတော့ ကျွန်တော်မကြားဖူးဘူး။ ဒါပေမဲ့သူတို့နယ်သားတွေရဲ့ အယူအဆတစ်ခုကတော့ စင်ရော်ချောင်းကို တံတားဖြတ်လို့မရတာ သေချာတယ်တဲ့။
စင်ရော်ဟာ လမ်းဆုံပဲတဲ့။ စင်ရော်ကနေ ဆက်ပြီးလမ်းပေါက်တယ်ဆိုရင် စင်ရော်မြို့ပျက်ပြီးမှ ဖြစ်မြောက် အောင်မြင်မယ်တဲ့
အင်း၊ ဒီအကြောင်းတွေကို အလုပ်သမားတွေပြောပြလို့ မဖြစ်ဘူး။ သူတို့ သိသွားရင် အလကားစိတ်ဓာတ်ပျက်ကုန်မယ်။ အယူသီးတာတွေပေါ့။ အခုထက်ထိဒီအယူသီးမှုတွေရှိနေသေးတယ်။
တောင်တွေး မြောက်တွေးနှင့် သုံးနာရီခန့်တွင်မှ အိပ်ပျော်သွားလေသည်။
နောက်တစ်နေ့တွင် လှမင်းနှင့်စောသာအေးတို့ စခန်းတဲများ ဆောက်လုပ်ရာတွင် ကြီးကြပ်စေသည်။
အောင်ကြီးနှင့်အဖွဲ့ကို စင်ရော်သို့ခေါ်သွားသည်။
စက်ပစ္စည်းများ တဖွဲဖွဲရောက်နေသည်။ မြေထိုးစက်၊ မြေတင်စက်၊ မြေညှိစက်၊ ဘိလပ်မြေဖျော်စက်၊ ကွန်ကရစ်ထုံစက်၊ သံမဏိအားဖြည့်ကိရိယာ၊ ရေစုပ်စက်၊ ကျောက်ခွဲစက်၊ လွှစက်၊ သံဂဟေဆော်စက်၊ မီးစက်၊ ပဲ့ချိတ်စက်၊ ဝန်ချီစက် စသည်တို့ဖြစ်သည်။
ဝန်ချီစက်ကို သယ်ရသည်မှာ အခက်ဆုံးဖြစ်သည်။
စက်မောင်းသမား ဘလှကိုပစ္စည်းကိရိယာအစုံနှင့် ခေါ်ခဲ့ကာ တစ်ခုချင်းဖြုတ်ခိုင်းရသည်။ ပြီးမှ သမ္ဗန်သုံးခုကို ဆက်ကာ ဖောင်သဖွယ်လုပ်၍ သံချပ်ကားအခြေ စက်အုံကို တင်ရသည်။ မောင်းတံများသည့်အပေါ်က စက်အုံများကို တစ်ခုချင်းဖြုတ်၍ တင်ရသည်။ ထိုသမ္ဗန်များကို ဒီရေအတက်နှင့်အတူ တံတားစခန်းဆီသို့ ဆန်တက်စေရသည်။ သောင်းဒန်သည် ဖောင်ဖွဲ့သမ္ဗန်များ ဆန်တက်သည့်အခါ ရင်တထိတ်ထိတ်နှင့် လိုက်သွားရသည်။ မဟန်နိုင်၍ မြုပ်သွားမည်ဆိုလျှင် ဆုံးဖွယ်ရာသာရှိသည်။ ၁၆ တန်လေးသည့်ဝန်ချီစက်ကို ရေထဲမှ ပြန်၍ဆယ်ရန် မလွယ်လှ။
သမ္ဗန်နဲ့သယ်ရတာ မတတ်နိုင်ဘူး ဗိုလ်ကြီး။
ကျွန်တော်တို့ စခန်းအထိ စက်လှေမဝင်နိုင်ဘူးလား
အေးဗျ၊ ကျွန်တော်မေးကြည့်ဦးမယ်။ ဒီစက်တွေ တင်လာတဲ့ အကြီးကြီးကတော့ ဝင်နိုင်မှာမဟုတ်ဘူး။
ဒီမှာတောင် ကမ်းကိုကပ်မှ မကပ်ဘဲ။ အသေးစားလေးနဲ့ဆိုရင် ဝင်နိုင်မယ် ထင်တာပဲ}}
လုပ်စမ်းပါဦးဗျာ
ခင်ဗျားဟာကလည်း တင်လာလိုက်တဲ့ စက်တွေ နည်းတာမှမဟုတ်ဘဲ။ စက်ပစ္စည်းတွေကလည်း ပါသေးတယ်။ သံချောင်း သံထည်တွေကလည်း ပါသေးတယ်
ဗိုလ်ကြီးဘကြိုင်က ဆိုသည်။
လုပ်ငန်းက အကြီးကြီးဗျ။ ပစ္စည်းစုံအောင် သယ်ခဲ့ရတာပဲ။ ဌာနချုပ်မှာ ပစ္စည်းစုရတာက တစ်ရန်ပဲ။
သီရိတံတားပြီးတော့ ဒီစက်တွေကိုယန္တရားပြန်မအပ်ဘဲ သီရိတံတားမှာပဲ စုထားတယ်။ တခြားလိုတဲ့ပစ္စည်းတွေ တောင်းရတယ်။ အဲဒါဌာနချုပ်က ကိုယ်တော်ချောတွေက သောင်းဒန်တစ်ယောက် အင်္ဂလိပ်အင်ဂျင်နီယာနဲ့တွဲပြီး သီရိတံတားဆောက်လိုက်တာ အခုအင်္ဂလိပ်အင်ဂျင်နီယာ စိတ်ပေါက်နေပြီ။ ပစ္စည်းမစုံရင် တံတားမဆောက်နိုင်ဘူး ဖြစ်နေတယ်နဲ့ ပြောကြသေးတယ်။ကျွန်တော်တော့ ဘယ်သူဘာပြောပြော ဂရုမစိုက်ဘူး။
ကိုယ့်လုပ်ငန်းအကြောင်း ကိုယ်သာသိတယ်။ ပစ္စည်းစုံလူစုံနဲ့ လုပ်လိုက်ရရင် ဘယ်အလုပ်ဖြစ်ဖြစ် မကြာလှဘူးဗျ
ကိုယ့်ဆရာကတော့ တံတားဖြင့် မဆောက်ရသေးဘူး။ ပြီးဖို့နဲ့ပြန်ဖို့လောက် စိတ်ကူးနေတယ်နဲ့တူတယ်
ဗိုလ်ကြီးဘကြိုင်က စက်လှေများဖြင့် ပစ္စည်းသယ်ရန် စုံစမ်းသည်။
အထဲကို သူတို့မဝင်ဖူးဘူးတဲ့။ ရေအတိမ်အနက် သူတို့မသိဘူးတဲ့
ဒီလိုဆိုရင် ကျွန်တော် ရေစမ်းပေးမယ်ဗျာ
သောင်းဒန်သည် တံတားစခန်းနှင့်စင်ရော်မြို့အကြား ရေကြောင်းတိုင်းပေးသည်။ ထိုအခါတွင်မှ စက်လှေလေးများဖြင့် ပစ္စည်းများကို သယ်ရသည်။
ပို၍ လွယ်ကူလာသည်။
မီးစက်ကတော့ ရတာယူလာခဲ့တာပဲ စောသာအေးရေ၊ ခင်ဗျား မီးစက်မောင်းသမား လှဖေကိုခေါ်ပြီးသာ အပ်လိုက်ပေတော့။ ဒီနေ့ည စမ်းကြည့်နိုင်ရင် စမ်းကြည့်ရအောင်
ဘာစက်လဲ ဦးသောင်းဒန်
ချက်ကိုစလိုဗက် စက်တဲ့။ ဓာတ်ဆီနဲ့စက်ဆီရောပြီး မောင်းရတယ်ဆိုတာပဲ။ ကျွန်တော်လည်း ဒါမျိုးတစ်ခါမှ မတွေ့ဖူးသေးဘူး။ ဒီစက်မျိုးနှစ်ခုလိုတယ်။ တံတားတိုင်တွေ ချပြီဆိုရင် နေ့ရော ညရော လုပ်ရမှာ။ ဒီတော့မီးလိုမယ်။ အခုမပါလာသေးဘူး လှဖေက စက်ကိုဖင်ကြည့် ခေါင်းကြည့် ကြည့်ကာ ခေါင်းခါနေသည်။
မတတ်နိုင်။ ရှိတာပဲ သုံးရမှာပဲ။ မီးလိုတယ်။ မီးမရှိရင် မှောင်တယ်။ လူတွေ စိတ်ဓာတ်ကျတယ်။ စိတ်ဓာတ်ကျသည့်အထဲတွင် သူလည်း အပါအဝင်ဖြစ်သည်။
ဘယ့်နှယ်လဲဟေ့၊ တဲတွေ ထိုးတာ ဘယ်အခြေရောက်နေပြီလဲ
နှစ်လုံးပြိုင်ဆောက်နေတာပဲ ဆရာကြီး။ နက်ဖြန်သန်ဘက်ဆို ပြီးသွားမှာပဲ
ဒါ အစပဲရှိသေးတယ်။ နောက်အများကြီးဆောက်ရဦးမယ်။ လူနေဖို့ တဲ၊ အိမ်၊ ပစ္စည်းဂိုဒေါင်၊ အလုပ်ရုံ၊ ရုံး၊ ရဲဘော်တွေအတွက် ကင်းတဲက တောင်ပေါ်မှာ နှစ်တဲ။ သူတို့နေဖို့ တဲက တစ်လုံး။
ချောင်း ဟိုဘက်မှာလည်း နောက်တော့ သူတို့အတွက် တဲထိုးပေးရဦးမယ်။ လုပ်စရာတော့ အများကြီးပဲ။
မင်းတို့ ညည်းသာ မညည်းကြနဲ့
တက်ညီလက်ညီ ဆောက်လိုက်ကြရာ နှစ်ရက်နှင့်တဲကြီးနှစ်လုံးပြီးသွားသည်။ သူတို့အားလုံး တဲကြီးထဲသို့ ပြောင်းရွှေ့နေကြသည်။ ရဲဘော်များအတွက် မလှမ်းမကမ်းတွင် တဲငယ်တစ်လုံး ထိုးပေးထားသည်။
ကင်းတဲကား မဆောက်ရသေး။ ရဲဘော်များက တောင်ပေါ်တွင် မလို၊ သူတို့တွင်လည်း လူရှစ်ယောက်သာရှိသေးရာ နေရာခွဲ၍မစောင့်နိုင်ဟုဆိုသည်။
သောင်းဒန်စိတ်ထဲတွင်မူ တပ်စုရောက်လာပြီး လူများလာပြီဆိုလျှင် တောင်ပေါ်၌ ကင်းတဲဆောက်မှ ဖြစ်မည်ဟု ယူဆထားသည်။ ယခုကား ဘာမျှမပြောသေး။
နောက်တွင် အိမ်ထောင်သည်တို့ ရောက်လာကြလိမ့်ဦးမည်။ စင်ရော်တွင် လိုသောပျဉ်၊ ဝါး၊ သစ်တို့ရသည်။
ယခု လိုသည်မှာ တဲအိမ်ဆောက်ရေးအတွက်သာ ဖြစ်သည်။ နောင် တံတား စဆောက်ပြီဆိုလျှင် သစ်ကြီးဝါးကြီး အများအပြားလိုသည်။ စင်ရော်မှာမရနိုင်။ စင်ရော်တစ်ဖက်ကမ်းတွင် ရှိသည့် သစ်စက်သည် စက်ကလေးဖြစ်သည်။ စိမ့်မြိုင်မှသယ်ရမည်။
တဲကြီးနှစ်လုံးထိုးပြီးသည့်အခါ အနည်းငယ်နေသားကျသွားသည်။ တဲနှစ်လုံးကို စင်ရော်ဆောင်နှင့် စိမ့်မြိုင်ဆောင်ဟု နာမည်ပေးလိုက်သည်။ သောင်းဒန်သည် စင်ရော်ဆောင်တွင်နေသည်။ သူနှင့်အတူ စောသာအေး၊ အောင်ကြီး၊ မစ္စတာဒေးဗစ်တို့နေကြသည်။
စိမ့်မြိုင်ဆောင်တွင် လှမင်း၊ ခင်မောင်စိန်၊ ဗစ်တာတို့ နေကြသည်။ ယခုကား စင်ရော်တွင် အဆောင်မှူးသည် စောသာအေးဖြစ်သည်။ စိမ့်မြိုင်အဆောင်မှူးကား လှမင်းဖြစ်လေသည်။
ဆက်လက်ဖော်ပြပါမည်။
လိပ်သိုမြို့၌ မြေပြိုမှုနှင့် လမ်းသားပဲ့ကျမှု ယာယီပြုပြင်ပြီးစီး
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ရှိ ဝန်ထမ်းအိမ်ရာသို့သွားသော ကွန်ကရစ်လမ်းနှင့် တောင်ငူ-လွိုင်ကော်
ပြည်ထောင်စုလမ်းမ မိုင်တိုင်အမှတ်(၃၁/၄)နှင့် (၃၁/၅)အကြား လမ်းဆုံတွင် မိုးရေတိုက်စားမှုကြောင့် မြေပြိုမှုနှင့် လမ်းသားပဲ့ကျမှုများ ဖြစ်ပေါ်သဖြင့် ယခုအခါ ယာယီပြုပြင်မှုများ ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြန်လည်ပြုပြင်ရေး လုပ်ငန်းကို ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပံ့ပိုးရန်ပုံငွေဖြင့် လိပ်သိုမြို့ လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ-၁ ဒေါ်နုနုထွေးနှင့် အငယ်တန်းအင်ဂျင်နီယာ-၄ စောမိုးထက်ထက်ကျော်တို့၏ ကြီးကြပ်မှုဖြင့် မြေပြိုသည့်နေရာတွင် ယာယီမျောတုပ်ရိုက်ခြင်း၊ မြေကာနံရံပြုလုပ်ခြင်းနှင့် လမ်းသားပဲ့ကျသော နေရာများတွင် ပြန်လည်ပြုပြင် တည်ဆောက်ခြင်းများကို ဆောင်ရွက်ကြရာ ယခုအခါ လုပ်ငန်းများပြီးစီးသွားပြီဖြစ်၍ ပြည်သူများအနေဖြင့် အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်ကြောင်း သိရ သည်။
နွယ်နွယ်ခိုင်
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ဠင Video Conferencing စနစ်ဖြင့် ကျင်းပ
နေပြည်တော် နိုဝင်ဘာ ၁၉
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (DPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်း
အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက Video Conferencin စနစ်ဖြင့် ကျင်းပသည်။ အစည်းအဝေးသို့ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကချင်ပြည်နယ်အစိုးရ အဖွဲ့မှဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးက ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှု ကိစ္စနှင့်ပတ်သက်၍ ကချင်ဒေသတိုက်ပွဲရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) အဖွဲ့နှင့် စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပရန်ရှိကြောင်း၊ တတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးကြရန်လိုအပ်ကြောင်း၊ ထို့ပြင် လုပ်ငန်းဆောင်ရွက်နေမှုများ၏ တိုးတက်မှု အခြေအနေများ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များအပေါ် ဆွေးနွေးပေးကြရန် ပြောကြားသည်။
လုပ်ငန်းအဖွဲ့အတွင်းရေးမှူး ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်နေမှုများနှင့် နေရပ်ပြန်ရေး ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက KHCC နှင့် စတုတ္ထအကြိမ်အစည်းအဝေးတွင် ဆွေးနွေးရမည့် အချက်များကို အကြံပြုဆွေးနွေးကြသည်။
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အား နိုင်ငံတော်သမ္မတရုံးမှ မေ ၈ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်၍ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ကလေးအားလုံးရဲ့အနာဂတ်လှပဖို့ စိတ်ကူးပုံဖော်ဆောင်ရွက်စို့
ကလေးသူငယ်ဆိုသည်မှာ အသက်အရွယ်ငယ်ရွယ်သူ၊ အရွယ်မရောက်သေးသူဖြစ်ပြီး အသက် ၁၈ နှစ်မပြည့်သေးသူကို ဆိုလိုသည်။ မွေးကင်းစမှ အသက် ၈ နှစ်ပြည့်အထိအရွယ်ကို ရှေးဦးအရွယ်ကလေးသူငယ်အဖြစ် သတ်မှတ်ထားသဖြင့် ဘဝတစ်ခုကို ရှေးဦးအရွယ်ကလေးသူငယ်အဆင့်မှ စတင်ဖြတ်သန်းကြသည်။ ကလေးသူငယ်အရွယ်သည် တတ်သိနားလည်နိုင်စွမ်း နည်းပါးပြီး အကောင်းအဆိုး၊ အမှားအမှန်ခွဲခြား ဝေဖန်ပိုင်းဖြတ်နိုင်စွမ်း မရှိဘဲ မိဘအုပ်ထိန်းသူ လူကြီးသူမတို့၏ ပြုစုစောင့်ရှောက်မှုဖြင့်သာ လူလားမြောက်ကြသည်။ လူ့ဘဝသက်တမ်းတွင် ထိုအရွယ်သည် အလွန်နုနယ်သဖြင့် လိုအပ်သလိုပုံသွင်းနိုင်သော်လည်း ကလေးများ၏ မသိနားလည်မှုကို အခွင့်ကောင်းယူ၍ နည်းမျိုးစုံဖြင့် အမြတ်ထုတ်အသုံးချကာ ကလေးသူငယ် အခွင့်အရေးကို မျက်ကွယ်ပြုလိုက်လျှင် ပန်းကောင်းအညွန့်ချိုးလိုက်သကဲ့သို့ရှိမည် ဖြစ်သည်။
ကလေးများဘဝက ရိုးရှင်းသည်။ အပြစ်ကင်းသည်။
စားမည်၊ ကစားမည်၊ အိပ်မည်၊ လိုချင်တာပူဆာမည်။
ထိုသို့သော သဘောကပင် ကလေးများ၏ ဖွံ့ဖြိုးကြီးထွားမှု၊ သန်မာမှု၊ ကြံ့ခိုင်မှု၊ ကျန်းမာမှုနှင့်ဉာဏ်ရည်တိုးတက်မှုကို အထောက်အကူပြုသည်။ ကလေးများ၏ သဘောသဘာဝကိုသိရှိပြီး လိုအပ်ချက်နှင့်အညီ ပြုစုပျိုးထောင်ပေးလျှင် ဘဝရှေ့ရေးစိုပြည်သာယာ တတ်လေ့ရှိသည်။ ဘဝသက်တမ်းတစ်ခုတွင် အသက်အပိုင်းအခြားအလိုက်၊ အရွယ်အလိုက် သူ့အလုပ်နှင့်သူ၊ သူ့အားထုတ်မှုနှင့်သူ ဟန်ချက်ညီစွာ ကြိုးစားဆောင်ရွက်ရမြဲဖြစ်သည်။ အစကောင်း အနှောင်းသေချာ ဆိုသလို ရှေးဦးအရွယ်ကလေးသူငယ်ဘဝတွင် အစမကောင်းခဲ့ပါက သူတို့၏ဘဝတစ်လျှောက်လုံး ညှိုးငယ်စွာ ဖြတ်သန်းကြရနိုင်သည်။ ဘဝအစကောင်းစေရေး အတွက်ဆိုလျှင် ကလေးသူငယ်များ၏ ရှေးဦးအရွယ်မှစတင်ကာ ကလေးသူငယ်အခွင့်အရေးကို ပြည့်ဝစွာဖြည့်ဆည်းပေး၊ မြှင့်တင်ပေးကြရေးလိုအပ်သည်။
လူတိုင်းလူတိုင်း ဘဝရပ်တည်ရေးအတွက် အကောင်းဆုံးအကျိုးစီးပွားနှင့် ပြည့်စုံအောင် ကြိုးစားကြရသည်။ ထိုသို့ ဆောင်ရွက်နိုင်ရေး အဓိကလိုအပ်ချက်မှာ ကလေးသူငယ်ဘဝကတည်းက အကောင်းဆုံး အကျိုးစီးပွားနှင့် ပြည့်စုံရေးပင်ဖြစ်သည်။ ဆိုလိုသည်မှာ ကလေးများ၏ အသက်ရှင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှု ရရှိရေးနှင့် လူ့အသိုက်အဝန်းတွင် ဝင်ဆံ့နိုင်ရေးတို့အတွက် အဘက်ဘက်က ဖြည့်ဆည်းပေးရေးဖြစ်သည်။ အထူးသဖြင့် ကလေးသူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ အကျိုးဖြစ်ထွန်းမှုအတွက် ဦးတည်ဆောင်ရွက်တတ်ရေး လိုအပ်သည်။ သို့မှသာ အနာဂတ်ပန်းများ ပွင့်လန်းပြီး လူ့ဘောင်လောကအကျိုးကိုသယ်ပိုးနိုင်ကာ တန်ဖိုးရှိသော လူသားအသွင်ရပ်တည်နိုင်ကြမည်ဖြစ်သည်။
ကုလသမဂ္ဂက ချမှတ်ထားသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် ၁၇ ရပ် (၂၀၁၆-၂၀၃၀) သည် ကမ္ဘာ့နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်ချက်များ ဖြစ်သည်။ ယင်းပန်းတိုင် ၁၇ ရပ်တွင် ပန်းတိုင် (၁)နေရာ အနှံ့ဆင်းရဲမှုအဆုံးသတ်ရေး၊ ပန်းတိုင်(၂)ငတ်မွတ်ခေါင်းပါးမှုအဆုံးသတ်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝမှု တိုးတက်ရေးနှင့် စဉ်ဆက်မပြတ်စိုက်ပျိုးရေး တိုးတက်ဖြစ်ပေါ်စေရေး၊ ပန်းတိုင်(၃) လူတန်းစေ့ကျန်းမာရေးနှင့် သာယာဝပြောရေး၊ ပန်းတိုင်(၄)လူသားအားလုံး အကျုံးဝင်ကာ ညီညွတ်မျှတပြီး အရည်အသွေးရှိသည့် ပညာသင်ယူနိုင်ရေးနှင့် အစဉ်လေ့လာသင်ယူနိုင်သော အခွင့်အလမ်းရရှိရေး၊ ပန်းတိုင်(၅) ကျား၊ မတန်းတူညီမျှရရှိရေးနှင့် အမျိုးသမီးများ၊ အမျိုးသမီးငယ်များအားလုံးစွမ်းပကား တိုးမြှင့်ရေးတို့သည် လူသားတိုင်းအတွက်အဓိကကျသော အခြေခံဖြစ်သလို ကလေးသူငယ်အခွင့်အရေးနှင့်လည်း တိုက်ရိုက်သက်ဆိုင်သည်။
ထိုပန်းတိုင်များ အောင်မြင်စွာအကောင်အထည်ဖော်နိုင်လျှင် ကလေးသူငယ်အခွင့်အရေးကို ပြည့်ဝစွာဖြည့်ဆည်းပေးရာ ရောက်သည်။
မိသားစုများ ဆင်းရဲရခြင်းအခြေခံအကြောင်းရင်း တစ်ရပ်မှာ မိသားစုဝင်သားသမီးဦးရေ အဆမတန်များပြားခြင်း ဖြစ်သည်။ ထိုအခါဝန်နှင့်အားမမျှ ထိန်းမနိုင်သိမ်းမရဖြင့် ကလေးသူငယ်တို့၏ ဖွံ့ဖြိုးတိုးတက်မှုကို အလွန်အမင်းထိခိုက်စေသည်။အဓိကလိုအပ်ချက်မှာ မျိုးဆက်ပွားကျန်းမာရေး အသိရှိပြီး လိုက်နာကျင့်သုံးရေးဖြစ်သည်။ မျိုးဆက်ခြားတတ်ခြင်းသည် မိသားစုသုခခံစားရရှိစေသည်သာမက ကလေးသူငယ်တို့၏ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တစ်ပါတည်းဆောင်ကြဉ်းပေးရာရောက်သည်။
အာဟာရပြည့်ဝစွာ စားသောက်တတ်ရေးသည် လူတိုင်းအတွက် အဓိကလိုအပ်ချက်ဖြစ်သည်။ အထူးသဖြင့် ကလေးသူငယ်များ အာဟာရကြွယ်ဝအောင်ကျွေးမွေးတတ်ရေးအထူးလိုအပ်သည်။ အာဟာရပြည့်စုံညီညွတ်မှသာ ကျန်းမာခြင်း၊ ကြံ့ခိုင်ခြင်း၊ ထွားကျိုင်းခြင်း၊ ရွှင်လန်းခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးခြင်းတို့နှင့် ပြည့်စုံလျက် အရွယ်ရောက်လာသော် မြားမြောင်လှသည့် လူမှုကိစ္စအ၀၀ကို အဆင်ပြေညီညွတ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ရှေးဦးအရွယ်ကလေးသူငယ်ဘဝတွင် အသက်ခြောက်လအထိမိခင်နို့ရည်တစ်မျိုးတည်းကိုသာ တိုက်ကျွေးခြင်း၊ ခြောက်လကျော်ပြီး ဖြည့်စွက်စာစတင် ကျွေးမွေးသည့် အချိန်မှစ၍ အင်အားကိုဖြစ်စေတတ်သောအစာ၊ ခန္ဓာကိုယ်ကြီးထွားမှုကို ဖြစ်စေသောအစာ၊ ရောဂါကာကွယ်သောအစာ (ဗီတာမင်သက်စောင့်ဓာတ်)တို့မျှတစွာ စီမံကျွေးမွေးတတ်ခြင်း၊ သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှုပြုစေခြင်းတို့သည် ကလေးသူငယ်များ၏ အခွင့်အရေးကို ဖော်ဆောင်ပေးရာရောက်သည်။
ကလေးသူငယ်ဘဝတွင် ကျန်းမာရေးအထူးလိုအပ်သည်။ သတ်မှတ်ထားသော ကာကွယ်ဆေးများအားလုံးကို မပျက်မကွက်ထိုးနံှတိုက်ကျွေးကြမှသာ ကလေးသူငယ်များအတွက် စိတ်ချရပေမည်။ ထို့အတူ အရွယ်ကိုလိုက်၍ ပြေးလွှားဆော့ကစားမှုကို မပိတ်ပင်ဘဲ လွတ်လပ်စွာကစားနိုင်အောင် စီမံပေးသင့်သည်။ ကလေးသူငယ်များ မကျန်းမာပါက အလွယ်တကူရရှိသည့် ဆေးနည်းတိုများဖြင့်သာ မကုသဘဲနားလည်တတ်ကျွမ်းသူ တို့နှင့် ပြသကုသသင့်သည်။
လူကြီးမိဘများ၏ ကျန်းမာရေး အသိပညာကြွယ်ဝမှုသည် ကလေးသူငယ်များအတွက် အင်အားပင်ဖြစ်သည်။
ဘဝရှေ့ဆောင်မီးရှူးရောင်သည် ပညာဖြစ်သည်။
အသိပညာ၊ အတတ်ပညာအရပ်ရပ်သည် ဘဝကိုရှေ့ဆောင်သဖြင့် ကလေးသူငယ်ဘဝ၌ပင် အသိပညာ လေ့လာဆည်းပူးနိုင်အောင် ဖြည့်ဆည်းပေးရေး လိုအပ်သည်။ အသက်ခြောက်လပြည့်ပြီးချိန်မှ အသက် သုံး နှစ်မပြည့်သေးသော ကလေးများအတွက် နေ့ကလေးထိန်းဌာနများက ဝန်ဆောင်မှုပေးသည်။ အသက် သုံးနှစ်ပြည့်ပြီး အသက် ငါးနှစ်မပြည့်သေးသူ ကလေးများအတွက်ကိုမူ မူကြိုကျောင်းများက ထိန်းကျောင်းသွန်သင်ပေးသည်။ အသက်ငါးနှစ်ပြည့်ပြီးက အခြေခံမူလတန်းပညာ KG တန်းသို့ မပျက်မကွက်တက်ရောက်သင်ကြားရေး၊ တန်းစဉ်မပျက်ရေး၊ အနည်းဆုံးအခြေခံပညာပြီးဆုံးသည်အထိ သင်ယူတတ်မြောက်ရေး၊ ထိုမှတစ်ဆင့် အဆင့်မြင့်ပညာ သင်ယူနိုင်အောင်တက်လှမ်းနိုင်ရေး တို့အတွက် တစ်ဆင့်ချင်းကြိုးစား အားထုတ်ကြရေး လိုအပ်သည်။
ယနေ့ကာလတွင် ကလေးသူငယ်များအနေဖြင့် အကြမ်းဖက်မှုအမျိုးမျိုးဖြင့် ရင်ဆိုင်ရကာ ကိုယ်စိတ်နှစ်ပါး ညစ်နွမ်းရသော အခြေအနေဆိုးများနှင့် ကြုံတွေ့နေရသည်။ ကလေးသူငယ်ရောင်းချခြင်း၊ ပြည့်တန်ဆာပြုလုပ် စေခိုင်းခြင်း၊ တောင်းရမ်းခိုင်းခြင်း၊ ကလေးသူငယ်ညစ်ညမ်းပုံ ပြုလုပ်ဖြန့်ဖြူးခြင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လျစ်လျူရှုခံရခြင်း၊ အရွယ်နှင့်မမျှ အလုပ်ကြမ်းစေခိုင်းခြင်း၊ အိမ်တွင်းအကြမ်းဖက်မှု၊ နှိပ်စက်မှုများ ပြုခြင်းတို့သည် ကလေးသူငယ်များ၏ ဘဝကိုနာလန်မထူနိုင်အောင် ရိုက်ချိုးဖျက်ဆီးလိုက်ခြင်းပင် ဖြစ်သည်။ မူလလူ့အခွင့်အရေးများ ဆုံးရှုံးရသည်သာမက အရွယ်နှင့်မလိုက်အောင် ညှဉ်းပန်းနှိပ်စက်ခံရသော ကလေးများ၏ဘဝသည် ရှင်လျက်နှင့် သေနေကြသလိုရှိသည်။ လူသားမဆန်သော လုပ်ရပ်များပပျောက်အောင် အားလုံးကဝိုင်းဝန်းကာကွယ်တားဆီးကြရေး များစွာလိုအပ်သည်။ အချိန်မီကယ်တင်ခြင်း၊ အချိန်မီပြုစု ပျိုးထောင်ခြင်းတို့ ပြုပေးနိုင်မှသာ ထိုကလေးငယ်တို့၏ ဘဝရှေ့ရေးအာမခံချက် ပြည့်ဝမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင်လည်းကောင်း၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေကို ၂၀၁၉ ခုနှစ်ဇူလိုင် ၂၃ ရက်တွင်လည်းကောင်း ပြဋ္ဌာန်းပြီးဖြစ်သည်။ ဥပဒေများ၏ ရည်ရွယ်ချက်များမှာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ကလေးသူငယ်၏ အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ကလေးသူငယ်များအတွက် အကောင်းဆုံးအကျိုးစီးပွားကို ဆောင်ရွက်ပေးရန်နှင့် ကလေးသူငယ်အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားနိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်ရန်၊ ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျန်းမာရေး၊ အာဟာရပြည့်ဝရေး၊ ပညာသင်ယူမှု အခွင့်အလမ်းရရှိရေး အပါအဝင် လိုအပ်သောအစီအမံများ ချမှတ်ဆောင်ရွက်ရန်တို့ဖြစ်သည်။
အလားတူစွာ လျစ်လျူရှုခြင်း၊ အလွဲသုံးခြင်း၊ ရက်စက်ယုတ်မာခြင်းနှင့် ခေါင်းပုံဖြတ်ခြင်းခံရသော ကလေးသူငယ် များအား နိုင်ငံတော်၊ စေတနာ့ဝန်ထမ်း၊ပုဂ္ဂိုလ်နှင့်အစိုးရမဟုတ်သော အဖွဲ့အစည်းများက ကာကွယ်စောင့်ရှောက်ရန်၊ ကလေးသူငယ်မှုခင်းများကို သီးခြားစစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သော ကလေးသူငယ်၏ အကျင့်စာရိတ္တကို ပြုပြင်ဆောင်ရွက်ရန်၊ ကလေးသူငယ်များအားလုံးကို တည်ဆဲဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာအခွင့်အရေးနှင့် အကာအကွယ်တို့ တန်းတူညီမျှရရှိစေပြီး ခွဲခြားဆက်ဆံခြင်း မပြုရန် ရည်ရွယ်သည့်အတိုင်း ဥပဒေကိုလေးစားလိုက်နာခြင်းဖြင့် ကလေးသူငယ်အခွင့်အရေးများကို ဖော်ဆောင်ကြရမည်ဖြစ်သည်။
သို့ပါ၍ မိသားစု၊ ပတ်ဝန်းကျင်အတွက်သာမကနိုင်ငံတော်၏အကျိုးကို သယ်ပိုးထမ်းရွက်နိုင်သော အရည်အသွေးပြည့်သူများ ပေါ်ပေါက်စေရေး ကလေးအားလုံးရဲ့ အနာဂတ်လှပဖို့ စိတ်ကူးပုံဖော်ဆောင်ရွက်စို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
လင်းအရုဏ်ဦး