ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ စားသောက်ဆိုင်များ ဖွင့်လှစ်နိုင်ရေး အကြံပြုစာပေးပို့ထား

ရန်ကုန်မြို့၌ စားသောက်ဆိုင်လုပ်ငန်းရှင်များအနေဖြင့် ကျန်းမာရေး ညွှန်ကြားချက်နှင့်အညီ စားသောက်ဆိုင်များ စနစ်တကျ ပြန်လည်ဖွင့်လှစ်နိုင်ရေး  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အကြံပြုစာပေးပို့ထားကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်း၏ ပြောပြချက်အရ သိရသည်။

စားသောက်ဆိုင်လုပ်ငန်းရှင်တွေအနေနဲ့ ဆိုင်တွေပြန်လည်ဖွင့်လှစ်ဖို့ လိုလားကြပါတယ်။ ဆိုင်လခတွေနဲ့ ဝန်ထမ်းလခတွေ    ပေးဖို့အခက်တွေ့နေကြရတယ်။ နောက်ထပ် နှစ်လလောက်သာ ဒီအတိုင်းပေးနေရမယ်ဆိုရင် နာလန်မထူနိုင်တဲ့ဆိုင်တွေ  အများကြီးဖြစ်သွားနိုင်တယ်။  ဆိုင်တွေ ပိတ်ထားရတဲ့အချိန်မှာ ပေးဆောင်ရတဲ့ အခွန်တွေလည်းရှိတယ်။  ဒါကြောင့် ကျန်းမာရေး ညွှန်ကြားချက်တွေနဲ့အညီ ဖွင့်လှစ်ခွင့်ပေးဖို့     အကြံပြုထားတာဖြစ်ပါ တယ်ဟု ဦးနေလင်းကပြောသည်။

လက်ရှိတွင် စားသောက်ဆိုင်များအနေဖြင့် ပါဆယ်စနစ်ဖြင့် ရောင်းချနေသော်လည်း ရောင်းအားလုံးဝမရှိ ဖြစ်နေကြောင်း၊

စားသောက်ဆိုင်များအနေဖြင့် သတ်မှတ်ထားသည့်  စည်းမျဉ်းစည်းကမ်းများနှင့်အညီ  လိုက်နာဆောင်ရွက်၍  ပြန်လည် ဖွင့်လှစ်နိုင်ရန်      ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ  အကြံပြုစာပေးပို့ထားပြီး ဖြစ်ကြောင်း သိရသည်။     

  ဇွန်သီတာ