အပြင်ဘက်မျက်နှာပြင်တွေထက် ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုအန္တရာယ်ပိုများတဲ့ အမိုးအကာအောက်ရှိနေရာများ

လူသူကင်းမဲ့နေသော ဟောင်ကောင်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သန့်ရှင်းရေးသမားများက ခရီးဆောင် အိတ်သယ်တဲ့လှည်းများ၊ ဓာတ်လှေကားခလုတ်များ၊ စာရင်းသွင်းကောင်တာနေရာများကို ပိုးသတ်ဆေးတွေနဲ့ ပုံမှန်ဆိုသလိုဖျန်းပြီး သန့်ရှင်းရေးလုပ်နေကြပါတယ်။

နယူးယောက်မြို့မှာဆိုရင်လည်း ဘတ်စကားများ၊ မြေအောက်ရထားများရဲ့ မျက်နှာပြင်တွေမှာ အဆက် မပြတ်ဆိုသလို ပိုးသတ်သန့်ရှင်းမှုတွေလုပ်နေပါတယ်။ လန်ဒန်မြို့မှာရှိတဲ့ မြေအောက်မီးရထား လိုင်းတွေက တော့  မျက်နှာပြင်တွေကို သန့်ရှင်းရေးအတွက် ငွေကြေးနဲ့အချိန်များစွာကို အသုံးချနေပါတယ်။

တစ်ကမ္ဘာလုံးက အလုပ်သမားတွေကလည်း သက်ဆိုင်ရာမျက်နှာပြင်တွေကို သန့်ရှင်းရေးတွေ အသည်း အသန်လုပ်နေကြပါတယ်။ သူတို့အားလုံးရဲ့ ဦးတည်ချက်ကတော့ တစ်ခုတည်းပါပဲ။ ဘာလဲဆိုရင် လက်ရှိ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေ တဲ့ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုမရှိစေဖို့ပဲဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီလိုမျိုးမျက်နှာပြင်တွေကနေ ရောဂါကူးစက်ပျံ့နှံ့မှုပိုများစေတယ်ဆိုတဲ့ သက်သေပြချက်တွေ က မရှိသလောက်နည်းပါးတယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။ တကယ်တမ်းရောဂါ ကူးစက်မှုအတွက် အန္တရာယ်အများဆုံးကတော့ လေဆိပ်လိုမျိုး လေဝင်လေထွက်နည်းတဲ့ အမိုးအကာ အောက်နေရာတွေမှာ ရောဂါပိုးရှိသူဆီကနေထွက်လာတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်က လေထဲမှာတဝဲလည် လည်ဖြစ် နေခြင်းပါပဲ။

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ထိရောက်စွာကာကွယ်နိုင်ဖို့ ရေနဲ့ဆပ်ပြာ သို့မဟုတ် အရက်ပြန်ပါတဲ့ လက်သန့်စင် ဆေးရည်တွေအသုံးပြုပြီး လက်ကိုစက္ကန့် ၂၀ ကြာဆေးဖို့ ပညာရှင်တွေက တိုက်တွန်းထား ပါတယ်။ သို့သော်လည်း ဒါဟာ အမိုးအကာအောက်မှာရှိတဲ့ မျက်နှာပြင်တွေကို ပိုးသတ်ဆေးတွေဖျန်းဖို့  မဖြစ်မနေလုပ်ရမယ်လို့ ဆိုလိုတာမဟုတ်သလို ဒီလိုလုပ်ခြင်းကလည်း ရောဂါကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာ လျှော့ချနိုင်မှာမဟုတ်ဘူးလို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ ဒါ့အပြင် လေဝင်လေထွက်နည်းတဲ့    အမိုးအကာအောက်နေရာတွေမှာ လေဝင်လေထွက် ကောင်းအောင်လုပ်ခြင်းနဲ့ အဆောက်အအုံ ထဲကိုလေ သွင်းရာမှာလည်း တတ်နိုင်သမျှလေစစ်တွေကို အသုံးပြုခြင်းဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်များက ပြောပါ တယ်။

အခုဆိုရင် လူတွေက မျက်နှာပြင်တွေကို ပိုးသတ်ဖို့အတွက် အချိန်တွေ၊ ငွေတွေမြောက်မြားစွာ အကုန်အကျ ခံပြီးလုပ်နေ တာဟာ ဖြုန်းတီးရာရောက်ကြောင်း၊ နိုဗယ်ကိုရိုနာဗိုင်းရပ်သည် လေထဲမှတစ်ဆင့် ကူးစက် နိုင်ခြင်းဖြစ်တာကြောင့် လက်ရှိလုပ်ဆောင်မှုတွေဟာ ရေလိုက်လွဲနေသလိုဖြစ်နေကြောင်း အမေရိကန် အမျိုးသားကျန်းမာရေးဌာနမှ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှု အထူးကုဆရာဝန် ဒေါက်တာ ကီဗင်ဖန်နယ်လီက ပြောပါတယ်။

မကြာသေးခင်ကလည်း အမေရိကန်နိုင်ငံကလုပ်တဲ့ သုတေသနတစ်ခုမှာ အမိုးအကာအောက်မှာ အချိန်ကြာ ကြာနေသူတွေက ရောဂါပိုမို ကူးစက်ခံရလေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် နိုင်ငံအများအပြားက အမိုးအကာအောက်မှာ လူအရေအတွက် အများအပြားစုစည်းမှုကို တားမြစ်ကန့်သတ် မှုတွေလုပ်လာပါပြီ။ အဓိကကတော့ နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ လေထဲကနေတစ်ဆင့် ကူးစက်နိုင်တယ်လို့ တွေ့ရှိထားတဲ့အတွက်     အမှန်တကယ်ကောင်းမွန်တဲ့ နှာခေါင်းစည်းတွေကိုတပ်ခြင်းက ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာ လျှော့ချပေးနိုင်ပါတယ်။

တချို့ကတော့ နှာခေါင်းစည်းတပ်ထားပါလျက်နဲ့ ရောဂါကူးစက်ခံရတယ်ဆိုပြီး ပြောကြတာတွေရှိပါတယ်။ ဒါပေမဲ့ သူတို့မေ့နေတာက နှာခေါင်းစည်းကိုစနစ်တကျမချွတ်တာမျိုး၊ နှာခေါင်းစည်းကိုင်ပြီး လက်မဆေးဘဲ  မျက်နှာကိုလက်နဲ့ ကိုင်တွယ်မိတာမျိုးတွေကို လုပ်မိလေ့ရှိတာကိုပါ။အခုဆိုရင် ကမ္ဘာ့မြောက်ခြမ်းဒေသမှာ အေးမြတဲ့ ဆောင်းရာသီကိုရောက်ရှိလာပါပြီ။ နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ စိုစွတ်အေးမြတဲ့အပူချိန်မှာ အသက် ရှင်နိုင်စွမ်းပိုများတယ်လို့ သုတေသီတွေက တွေ့ရှိထားပါသေးတယ်။

ဆောင်းရာသီရောက်ချိန်မှာ လူအများစုကနေ အိမ်တံခါးတွေကို ပိတ်ထားလေ့ရှိပါတယ်။ ဒီလိုပိတ်ထားခြင်း ကြောင့် လေဝင်လေထွက်မကောင်းတော့ဘဲ ဗိုင်းရပ်ကိုပိုမို အသက်ရှင်ခွင့်ပေးလိုက်တာနဲ့ အတူတူပါပဲ။ ဒါကြောင့် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ဆိုရင် လူစုလူဝေးလုပ်ခြင်း၊ အထူးသဖြင့် အမိုးအကာအောက်တွင် လူအများစုဝေးခြင်း၊ နှာခေါင်းစည်းကိုစနစ်တကျတပ်ခြင်း၊ လက်ကိုစနစ်တကျ ဆေးခြင်း၊ ကိုယ်နေထိုင်ရာနေရာကို လေဝင်လေထွက်ကောင်းအောင် လုပ်ခြင်းတို့ကို ဆောင်ရွက်ပေးဖို့ လိုမှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Ref: NY Times