သက်ဝင် ယုံကြည်ကိုးကွယ်မှုနှင့် လှူဒါန်းမှု

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာ ၂၁ ရက်)

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ရာနိုင်ငံတော်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးသည်ဗုဒ္ဓ ရတနာ၊ ဓမ္မရတနာ၊ သံဃာရတနာတည်းဟူသော ရတနာသုံးပါးကိုကိုးကွယ်ရမည်ဖြစ်သည်။ သတ္တဝါ တို့၏ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးတတ်သောကြောင့် ဗုဒ္ဓ၊ ဓမ္မနှင့် သံဃာတည်းဟူသော ရတနာသုံးပါးကို သရဏဟူ၍လည်း ခေါ်သည်။ မြတ်ဗုဒ္ဓကို ကိုးကွယ်ပူဇော်ရခြင်းမှာ ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် သတ္တဝါတို့ကို ကြီးပွားချမ်း သာကြောင်း နည်းလမ်း၌ဖြစ်စေခြင်း၊ မကြီးပွား မချမ်းသာကြောင်း မကောင်းသော နည်းလမ်းမှ ဆုတ်နစ် စေခြင်းနှင့် အပြစ်ဒေါသ အလုံးစုံကင်းစင်၍ ဂုဏ်ကျေးဇူး အလုံးစုံနှင့်ပြည့်စုံစေခြင်း တို့ကြောင့်ပင် ဖြစ်သည်။

ဓမ္မရတနာတည်းဟူသော ဘုရား၏တရားတော်ကိုကိုးကွယ်ရခြင်းမှာ တရားတော်ကိုကျင့်ကြံလိုက်နာသူ တို့ကို ဘဝ သံသရာ ခရီးမှ ဆွဲထုတ်ကယ်တင်ခြင်း၊ တရားကျင့်တုန်းအခိုက်နှင့် ကျင့်ပြီးနောက် ကာလတို့၌လည်း သက် သာမှုကို ပေးစေခြင်းဖြင့် သတ္တဝါတို့၏ဘေးဒုက္ခကို ပယ်ဖျောက် ဖျက်ဆီးစေနိုင်ခြင်းကြောင့်ဖြစ်သည်။

သံဃာတော်ကိုကိုးကွယ်ရခြင်းမှာ အနည်းငယ်မျှသောကောင်းမှုကုသိုလ်တို့ကို ကြီးကျယ်ဖွံ့ဖြိုးအကျိုးများစေရန် ပြုခြင်းဖြင့် သံဃာတော်များသည် သတ္တဝါတို့၏ဘေးဒုက္ခကိုပယ်ဖျောက်ဖျက်ဆီးနိုင်ခြင်းကြောင့်ဖြစ်သည်။

ထိုရတနာသုံးပါးအား ကြည်ညိုလေးစားကိုးကွယ်ဆည်းကပ်သောသူကို သရဏဂုံ တည်သူဟုခေါ်သည်။ ထိုသူ သည် ကောင်းမြတ်သော ဘဝသို့ရောက်ရမည်ဖြစ်သည့်အပြင် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ အခြွေအရံ ပေါများခြင်း စသော အကျိုးများကို ရရှိမည်ဖြစ်ပေသည်။ ကိုးကွယ်မှုမှားလျှင် ဒုက္ခ ခပ်သိမ်းမကင်းငြိမ်းနိုင်ဘဲ သံသရာ ဝဲသြဃအတွင်း တဝဲလည်လည် ကျင်လည်ကျက်စား နေရမည်သာဖြစ်ပေသည်။ ရတနာမြတ်သုံးပါးကို ကိုးကွယ် ဆည်းကပ်ခြင်းသည် ဘေးမရှိသောကိုးကွယ် ဆည်းကပ်ခြင်းမည်၏။ မြတ်သောကိုးကွယ်ဆည်းကပ် ခြင်းမည်၏။ ဤရတနာသုံးပါးကိုကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ လွတ်မြောက်သည်။

လူသားတို့၏သမိုင်းတွင် လူသည် ခြေသလုံးအိမ်တိုင်ဘဝမှ တဖြည်းဖြည်းချင်းယဉ်ကျေးလာပြီး အစုအသင်းနှင့် နေတတ် လာသူများဖြစ်သည်။ လူ့လောကကြီးတွင်လည်း ကြောက်စရာ အမြောက်အမြား ရှိသည့်နည်းတူ ရယူချင် စရာများနှင့်လည်း ပြည့်နှက်လျက်ရှိသည်။ ဒီရေတက်ခြင်း၊ မီးလောင်ခြင်း၊ လေမုန်တိုင်းကျခြင်း စသော ဘေးအန္တရာယ်များ၊ အဆိပ်ရှိသော သတ္တဝါ၊ ရိုင်းစိုင်းကြမ်းတမ်းသော သတ္တဝါတို့၏ ဘေးအန္တရာယ်များ ကြုံလာရ သည်။ ထို့ပြင် ဖျားနာခြင်းဘေး စသော ရောဂါဘယဘေးများလည်း ကြုံလာရသည်။ ထိုအခါ ဘေးဆိုး၊ အန္တရာယ်ဆိုး၊ ဒုက္ခဆိုးတို့မှ ကင်းငြိမ်းမှုကို လိုလားလာကြသည်။ ကိုးကွယ်ရာကို ရှာဖွေလာကြသည်။

ဗုဒ္ဓမြတ်စွာပွင့်တော်မူလာသောအခါ ကိုးကွယ်ရာအစစ်အမှန်ကို လူသားတို့တွေ့ရှိသွားသည်။ တောတောင် သစ်ပင် စသောကိုးကွယ်ရာဟူသမျှကို ကိုးကွယ်ခြင်းသည် ဘေးကင်းသောကိုးကွယ်ခြင်းမဟုတ်။ မြတ်သော ကိုးကွယ်ခြင်း မဟုတ်။ ဤကိုးကွယ်မှု ဟူသမျှကို ကိုးကွယ် ဆည်းကပ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်။ ဗုဒ္ဓမြတ်စွာသည်  သံသရာဝဋ် ဆင်းရဲအတွင်း၌ ဒုက္ခမျိုးစုံနှင့် တွေ့ကြုံခံစားနေရသော လူနတ်ဗြဟ္မာ သတ္တဝါ အပေါင်းကို ထိုသံသရာဝဋ် ဆင်းရဲအတွင်းမှ ထုတ်ဆောင် ကယ်တင်၍ ရာဂဒေါသ စသော တစ်ဆယ့် တစ်မီးတို့၏ ငြိမ်းအေးရာဖြစ်သော မြတ်နိဗ္ဗာန်သို့ ပို့ဆောင်တော်မူပေသည်။ ဤသို့ ဗုဒ္ဓမြတ်စွာသည် သံသရာတွင် ကျင်လည် နေကြရသော သတ္တဝါအပေါင်းကို ဝဋ်ဆင်းရဲမှ ကယ်တင်၍ ချမ်းသာရာ နိဗ္ဗာန်သို့ ပို့ဆောင်တတ်သောကြောင့် သတ္တဝါ အားလုံးတို့၏ အတိုင်းမသိသော ကျေးဇူးရှင်ဖြစ်သည်။

သံဃာတော်တို့သည်ကား လောဘ၊ ဒေါသ စသော ကိလေသာတရားတို့ကင်းရှင်း၍ မဂ်ဖိုလ်နိဗ္ဗာန်တည်း ဟူသော တရားတော်မြတ်တို့နှင့်သာ  ပျော်မွေ့နေကြသည်။ သတ္တဝါများ၏ ကုသိုလ်ကောင်းမှုစိုက်ပျိုးရာ လယ်ယာမြေ ကောင်းသ ဖွယ်လည်းဖြစ်ပေသည်။ ဗုဒ္ဓမြတ်စွာ ဟောကြား တော်မူခဲ့သော တရားတော်များကို  သတ္တဝါတို့အား လူနတ် နိဗ္ဗာန် သုံးတန်ချမ်းသာကို လမ်းညွှန်သည့် အနေဖြင့် ဟောပြောပြသကြသောကြောင့် သတ္တဝါများစွာတို့၏ အတိုင်း မသိသော ကျေးဇူးရှင်များပင်ဖြစ်သည်။ ယနေ့တိုင် သာသနာတော်တည်တံ့နေ သည်မှာ အဓိကအားဖြင့် သံဃာတော် အရှင်မြတ်တို့၏ ကျေးဇူးကြောင့်ပင်ဖြစ်သည်။ လက်ရှိကျရောက်နေသော ကမ္ဘာ့ကပ်ရောဂါကြောင့် သံဃာတော်အရှင်မြတ်များတွင်  ဆွမ်းကိစ္စ အခက်အခဲနှင့်ကြုံနေရသည်။

ထိုအခက်အခဲကို တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက တိုင်းစစ်ဌာနချုပ် နယ်မြေများ အလိုက် ဘုန်းတော် ကြီး ကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းမှုပြုခြင်း၊ ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ခြင်း စသော ကုသိုလ်ပြုလျက်ရှိသည်မှာ ကြည်နူး ချမ်းမြေ့ဖွယ်ဖြစ်ရသည်။ ဗုဒ္ဓဘာသာဝင်များ ပီပီ သည် ထက်မက လှူနိုင်ကြပါစေကြောင်း ရေးသား လိုက်ရပေသည်။  ။