၁၉၇၁ခုနှစ်၊ အမျိုးသားစာပေဆုရ ၀တ္ထုရှည်
ဆောင်းပါးရှင် (ကျော်အောင်)
ယမန်နေ့မှအဆက်
''ဘာပဲဖြစ်ဖြစ် အဆောင်မှူးတွေကို အသိပေးရ မယ်။ မင်းတို့ကိစ္စတွေကိုအားလုံးဝိုင်းပြီး ဖြေရှင်းပေး မယ်။ အလုပ်ကိစ္စသာ မဟုတ်ဘူး။ လူမှုရေးကိစ္စတွေ လည်းငါ့ကိုတိုင်ပင်ကြ။ ဆိုးတိုင်ပင် ကောင်းတိုင်ပင် သဘောထားကြ။ ငါဟာမင်းတို့ရဲ့ မိဘပဲ'' သည်ကြားထဲတွင် ကွမ်းသီးခြံရှင် ဒေါ်စောရွှေက အတိုင်အတောထူလာသည်။ သူ့ခြံထဲတွင် အသီးအနှံ အမျိုးစုံရှိသည်။ လောလောဆယ်ကားအုန်းသီးတို့သည် ထိပ်ဖျားတွင် ပြွတ်သိပ်နေသည်။ ဆယ့်နှစ်ရာသီ ပြတ်လပ်သည်မရှိ။ အဘွားကြီးက သူ့အပင်များကို နှမြော သည်။ တံတားဆောက်မည့် နေရာထဲတွင် အဘွားကြီးခြံပါနေသည်။ နှစ်ဧက၊ သုံးဧကလောက် အကျယ်အဝန်းရှိသည့်နေရာမှ အုန်းပင်၊ ကွမ်းသီးပင်၊ ဒူးရင်းပင်တို့ကို ခုတ်ပစ်ရမည်။ အုန်းပင်တစ်ပင် ငါး ဆယ်၊ ဒူးရင်းတစ်ပင် ငါးဆယ်၊ ကွမ်းသီးတစ်ပင်ဆယ့် ငါးကျပ်ဟု ဈေးဆိုနေသည်။ လျော်ကြေးက ချက်ချင်း ပေးမှာလား၊မြေအတွက် ဘယ်လောက်ပေးမှာလဲ။ယင်း တို့ကို သောင်းဒန် မသိ။ အဘွားကြီး ကျေနပ်လောက် အောင် အဖြေမပေးနိုင်။ သို့သော် သူတတ်နိုင်သည်မှာ ချွေးသိပ်စကားပင် ဖြစ်သည်။ အဘွားကြီးက သူ့ကို မြင်လျှင် လျော်ကြေးစကား တွင်တွင်ပြောတော့သည်။
''အမေဆင်းရဲတယ်။ စင်ရော်မှာ အိမ်တစ်လုံး ရှိသေးတယ်။ ဟိုမှာလည်း စားရ သောက်ရ၊ ဒီမှာလည်း စားရ သောက်ရ'' ဒေါ်စောရွှေ၏ စကားကို မနည်းပင် နားထောင်ယူ ရသည်။ လေးငါးခြောက်ခါလောက် စကားပြောမိလျှင် ကျင့်သားရသွားသည်။ စင်ရော်နှင့်ခြံနှစ်အိမ်ခွဲနေရ သဖြင့် စရိတ်ကုန်သည်ဟုဆိုခြင်းပင်ဖြစ် သည်။ ခုတ် ထွင်ရှင်းလင်းရမည့် သီးနှံပင်တို့မှာ နှမြောစရာကောင်းသည်။ သို့သော် မတတ်နိုင်။ လျော်ကြေး အတွက် ဈေးကိုသူမဖြတ်နိုင်။ စင်ရော်မှဗိုလ်ကြီးဘကြိုင်၊ စိမ့်မြိုင်အင်ဂျင်နီယာဌာနမှ ဦးရွှေသိန်း၊ လက်ထောက် ဦးကျော်ညွန့်၊ ပါတီယူနစ်ဥက္ကဋ္ဌ ဗိုလ်ကြီးဇော်သန်းတို့ နှင့် တိုင်ပင်ရမည်။
''ကျွန်တော်က တစ်ယောက်တည်း မပြီးဘူး အဘွား၊ အားလုံးနဲ့တိုင်ပင်ရမှာ'' ''အခု အုန်းသီးတွေခဏခဏပျောက်၊ အုန်းပင်ကို ငါရေထားတယ်။ မနက်ကျရင် တစ်လုံး နှစ်လုံးမရှိ။ အရင်က ဒီလိုမဟုတ်'' ''ဟုတ်သလား အဘွား၊ ကျွန်တော်ပြောပါဦးမယ်။ စိတ်ချအဘွား'' အုန်းသီးတွေကိုကြည့်ကာ သောင်းဒန်လည်းစိတ်ထဲတွင် မရိုးမရွဖြစ်မိ သည်။ ဇွန်းခြစ်ကလေးများ စားချင် လာသည်။ နောက်မှ ဝယ်စားမည်ဟုတေးထားသည်။ ဒူးရင်းသီးအနု အကင်း လေးများကိုလည်း တွေ့ရသည်။
ရှေ့တစ်လနှစ်လရှိလျှင် မှည့်လာတော့မည်။ လှိုင်လှိုင် ပေါလာတော့မည်။ ထိုအခါတွင်လည်း ထိန်းရသိမ်းရ လိမ့်မည်။
''မင်းတို့စားချင်ရင် ဝယ်စားကြပေါ့ကွာ။ တို့တစ်တွေ ဒီအရပ်မှာ သူတို့ကိုအမှီပြုပြီးနေရတာ။ သူတို့စိတ် ကွက်သွားရင် မကောင်းဘူး။ စားချင်ရင် တောင်းစား၊ ဝယ်စား''
''ဝယ်တယ် ဆရာကြီး မရောင်းဘူး'' ''ဘာလို့ မရောင်းတာလဲ။ လက်လီမို့လား။ ဒါတော့ လည်း ဟုတ်မှာပေါ့ကွာ။ ဒီတော့ ရောင်းချင်အောင် အဘွားကြီးကိုချော့ပေါ့ကွ'' ''ချော့လို့လည်းမရဘူးဆရာကြီး။ တစ်လုံးနှစ်လုံး ခူးလိုက်ရင် အုန်းပင်ပေါ့သွားပြီး ကျန်တဲ့အုန်းတွေ အရည်မရတော့ဘူး။ အဆန်မထူတော့ဘူးတဲ့။ အသီး လည်းနည်းသွားတယ်တဲ့'' ''အေး၊ ဒါတော့လည်း မတတ်နိုင်ဘူးပေါ့ကွာ။ နေစမ်းပါဦး။ မင်းတို့အထဲ မျောက်တွေပါသလား။
အုန်းပင်ကအမြင့်ကြီးတွေကွ။ ဘယ်အချိန်တက်ကြ သလဲ'' ''ညမှာ ရဲဘော်တွေနဲ့အချိတ်အဆက်လုပ်ထားပြီး တက်ရတာပေါ့ ဆရာကြီး။ ကျွန်တော်တို့ထဲမှာ အုန်းရွှေ ဆိုတဲ့ကောင်က ရွှေတောင်သားဆရာရဲ့။ ရွှေတောင် ဘက်ကထန်းလေးပင်မှာ ဒီကောင်ထန်းတက်လာတာ။ အုန်းပင်လောက်တော့ အပျော့ပေါ့ ဆရာကြီးရာ။ အဘွားကြီးက နေ့လယ်မှာဆိုရင် နားစွင့်နေတာ။ သူ့အလိုလို ကြွေကျတဲ့အုန်းသီးတောင် ကျွန်တော်တို့ မစားရဘူး။ သိပ်နားပါးတယ် ဆရာကြီး။ အုန်းခနဲ အသံကြားလိုက်ရင်သူရောက်လာတာပဲ။ ကြွေကျတဲ့ အုန်းသီးပင် အောက်သူရောက်လာပြီ အုန်းသီးပိုက်ပြီး တဲထဲပြန်ဝင်သွားတယ်''
''သူ့ဆီက ဝယ်စားပေါ့ကွာ'' ''ဈေးကြီးတယ် ဆရာကြီး။ တစ်ကျပ်တဲ့၊ ငါးမတ်တဲ့'' ''ဝယ်စားရတာ အရသာမရှိဘူး။ ခိုးစားရတာမှ အရသာရှိတာဗျ'' လှမင်းက ဝင်၍ပြောသည်။
''ဟား အုန်းသီးကလည်း ဈေးကြီးလှချည်ရဲ့ကွ။ အုန်းသီးပင်အောက် အုန်းသီးရှား နေလိုက်တာ။ ဘာပဲ ဖြစ်ဖြစ် မင်းတို့ ခိုးမစားနဲ့၊ ဝယ်စားလှမင်းရေ၊ အဲဒါ တော့ တင်းတင်းကျပ်ကျပ် အမိန့်ထုတ်ရမယ်။ အုန်းသီး ကစ တခြား အသီးအနှံတွေခိုးရင် တို့စခန်းမနေနဲ့၊ ရန်ကုန်ပြန်။ ဒါပဲ'' ထိုအမိန့်ကို သောင်းဒန်၏ နာမည်နှင့် လှမင်းက ထုတ်ပြန် လိုက်သည်။
ချက်ကိုစလိုဗက်မီးစက်ကြီးကို စက်ဆရာ လှဖေက စမ်းသည်။ ဖွတ်ချက်ဖွတ်ချက်နှင့် လင်းလာသည်။ အလုပ် သမား အားလုံး ထခုန်ကြသည်။ ''သခင်လို ခေတ်မှာ အလင်းရောင်ပေးတာ လှဖေ''ဟုအော်ကြ သည်။ ရောက် စတွင် သစ်ပင်အောက်၌ ခုတ်ထွင်ရှင်း လင်း၍အိပ်ရသည်။ ထို့နောက် နေစရာတဲများရသည်။ ဖယောင်းတိုင်မီး၊ မှန်အိမ်မီးနှင့်နေကြရသည်။ ယခု တိုးတက်လာပြီ။ သောင်းဒန်သည် စာရေးစက္ကူကတ်ကို ထုတ်ကာမြင့်မြင့် သန်းဆီသို့ စာရေးလိုက်လေသည်။
စင်ရော် တံတားစခန်း
ဧပြီလ ၆ ရက်။
မြင့်
မောင်တို့စင်ရော်စခန်းကိုရောက်တာ တစ်လ ကျော်ပြီ။ လုပ်ငန်းတွေသိပ်မစရသေးဘူး။ နေရေး ထိုင်ရေးအတွက်ပဲ စီစဉ်နေကြရသေးတယ်။ ရောက်စ ဆိုတော့ ဘာမှအသားမကျသေးဘူး။ တဲကြီးနှစ်လုံး ထိုးပြီးနေတယ်။ စင်ရော် ဆောင်နဲ့ စိမ့်မြိုင်ဆောင် လို့နာမည်ပေးထားတယ်။ နောက်အိမ်ထောင်သည် တွေရောက်လာကြရင် တဲတွေ ထပ်ထိုးရမယ်။ အိမ် တွေထပ်ဆောက်ရမယ်။ ရုံးဆောက်ရမယ်။ အခုတော့ စင်ရော်ဆောင်မှာပဲ ရုံးခန်းလုပ်ထားရတယ်။
ရုံးဆိုလို့ ဦးဇော်ဖေ ရောက်မလာသေးဘူးလား။ မြင့်ဆီလာပြီး စရိတ်တောင်းလိမ့်မယ်။ ပေးလိုက်ပါ။ မောင့်ဖို့ လက်ဖက်နဲ့ အကြော်စုံ ပေးလိုက်ပါ။ ဝက်အူချောင်းလည်း ဝယ်ပေးလိုက်ပါ။ တရုတ်တန်း စဉ့်အိုးတန်း ထိပ်က ဝယ်နေကျ ဆိုင်ကပဲ ဝယ်ပေးလိုက်။ သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ ကလေးတွေနဲ့မြင့် လိုက်လာခဲ့ ပါလား။ တစ်ပတ်လောက်ပေါ့။ ခုနေတော့ မောင်လာနိုင်ဦးမယ်မဟုတ်သေးဘူး။ မေလကုန် ဇွန်လဆန်း လောက် ဆိုရင် တံတားတိုင် တွေချရတော့မယ်။ အခုချောင်းရဲ့တောင်ဘက်ကမ်းမှာ မြေကာဘဲ တောင်ကြီး လောင်းရမယ်။ မြေကာဘဲ တောင်ဆိုတာ ကွန်ကရစ်တိုင်ကြီးပါပဲ။ တံတားအစွန်ဆုံးတိုင်ပေါ့။ အို ဒါတွေမြင့် နားလည် မှာမဟုတ် ပါဘူး။ တိုင်ပဲထားပါတော့။ အဲဒီလုပ်ငန်းကလည်း တစ်လခွဲနှစ်လလောက်ကြာမယ်။ ပြီးရင် မြောက်ဘက်ကမ်းမှာ မြေကာဘဲတောင် တစ်ခုထပ်ပြီး ထူရမယ်။
စာရေးနေစဉ် မီးစက်သမားလှဖေလာ၍ခေါ်သဖြင့် တစ်ပိုင်းတစ်စနှင့် ရပ်ထားလိုက်ရသည်။
''ဘာဖြစ်လို့လဲကွ'' ''ပူလာပြီဆရာ။ စက်ကပူလာပြီဆရာ။ စမောင်းတာမှ နှစ်နာရီလောက်ပဲ ရှိသေးတယ်''
''ဒါဖြင့်ရင် ရပ်ထားလိုက်ကွာ''
သောင်းဒန်လိုက်သွားသည်။ မီးစက်အခြေအနေကို ကြည့်သည်။
''ကဲ ကဲ ရပ်လိုက်တော့'' ''မီးပေးပါဗျို့၊ အခုမှ ရှစ်နာရီခွဲ ရှိသေးတယ်''
စင်ရော်နှင့်စိမ့်မြိုင်ဆောင်တို့မှ အော်သံကြားရသည်။
''နေ နေ လှဖေ၊ ပြီးမှ ငါပြောလိုက်မယ်။ ဒီကောင် တွေမသိသေးဘူး။ မင်းစက်ကအရေးကြီးတယ်။ နောက် တစ်လုံး အစားမရခင် ဒါနဲ့စ ခန်းသွားနေရဦးမှာ။ ကဲရပ်တော့''
သောင်းဒန်အဆောင်သို့ ပြန်သွားသည်။ အလုပ် သမားများကို ရှင်းပြရသည်။ မကြာမီ မီးခွက်ကလေး များလင်း လာသည်။ ဖယောင်းတိုင် ကလေးများ လင်းလာသည်။
''ပေးကြပါဦးကွာ၊ ငါ့လည်း ဖယောင်းတိုင်ပေးကြပါဦး။ စာရေးနေတုန်းရှိသေးတယ်ကွာ'' ''ဘယ်ကိုစာရေးနေ တာလဲ ဆရာကြီး'' လှမင်းက မေးသည်။
''အိမ်ကိုပါကွာ။ ဟေ့လှမင်း၊ မင်းအဆောင်ပြန်လေ။ မီးပိတ်ရင်မင်းကောင်တွေကို ထိန်းဖို့လိုလိမ့်မယ်'' ''ကလေး တွေမှ မဟုတ်ဘဲ။ ကျွန်တော် ကိုအောင်ကြီး တို့နဲ့စကားကောင်း နေလို့ပါ''
အောင်ကြီးသည် သောင်းဒန်အနားသို့ ကပ်လာသည်။ လှမင်းပြန်သွားပြီ။
''ဆရာကြီး ဘယ်စာရေးတာလဲ'' ''အိမ်ကိုပေါ့ကွာ''
''ဆရာကြီးဇနီးခေါ်မလို့လား။ ကျွန်တော်လည်း ခေါ်ချင်တယ် ဆရာကြီး။ ဒါပေမဲ့ သူက လိုက်မှာမဟုတ်ဘူး''
''မင်းမိန်းမဒီခေါ်လိုက်ရင် အလုပ်တောင်ပေးနိုင်သေးဗျား''
''ဟာ မဟုတ်တာ ဆရာကြီးကလဲ။ သူက ဝမ်းဆွဲ သူနာပြု ခင်ဗျ။ အခု ဒပ်ဖရင်မှာလုပ်နေတာ'' ''အေးပေါ့ကွာ၊ ဝမ်းဆွဲသူနာပြုပေမယ့်လည်း ရှေးဦး သူနာပြုတော့ တတ်ရမှာပေါ့ကွာ။ ဖျားတာနာတာလည်း ဆေးမြီးတို လောက်တော့ ပေးတတ်မှာပေါ့။ ဆာလဖာရယ်၊ ချောင်းဆိုး ပျောက်ဆေးရယ်၊ အဖျားချ ဆေးရယ်၊ ဗိုက်နာ ပျောက်ဆေးရယ် ဒါလောက်ပါပဲ ကွာ''
''မဖြစ်ပါဘူးဆရာ၊ သူကလာမှာမဟုတ်ဘူး။ ရန်ကုန်က လွဲလို့ ဘယ်မှသွားချင်တာမဟုတ်ဘူး။ စောသာအေး မိန်းမသာ ခေါ်ပါဆရာ၊ စောသာအေးကလည်း သူ့မိန်းမ ခေါ်မယ်။ ဆရာတို့ အလိုရှိရင် သူ့မိန်းမကို သူနာပြု ဆရာမအလုပ်ခိုင်းမယ်တဲ့။ အခုရန်ကုန်မှာ စပယ်ရှယ် နာစ်ပဲ လုပ်နေတယ်။ ဆေးရုံမှာ မလုပ်တော့ဘူး'' ''အေး ဟုတ်သားပဲ။ ငါမေ့နေလိုက်တာ။ စောသာအေးက ငါ့ကိုမပြောဘူး။ ဟုတ်ပြီ။ ဟုတ်ပြီ။ ကဲ ငါ စာဆက်ရေး လိုက်ဦးမယ်''
ဆက်လက်ဖော်ပြပါမည်။