ရန်ကုန်တက္ကသိုလ် ကျောင်းတော်သား ကျွန်တော်

ရန်ကုန်တက္ကသိုလ် နှစ်(၁ဝဝ)ပြည့် ဂုဏ်ပြုဆောင်းပါး

စိန်ဝင်း(၄ဝ)

ယခုနှစ် ရာပြည့်ပွဲတော်ကျင်းပလျက်ရှိသည့်    ရန်ကုန်တက္ကသိုလ်ကြီးတွင် ကျွန်တော်သည် ကျောင်းသား နှစ်ကြိမ်ဖြစ် ဖူးပါ၏။  ပထမအကြိမ်မှာ ၁၉၇၂ ခုနှစ်မှ  ၁၉၇၇ ခုနှစ်အထိဖြစ်ပြီး   ဒုတိယ တစ်ကြိမ်မှာ ၁၉၈၇ ခုနှစ်မှ ၁၉၉ဝ ပြည့်နှစ် အထိဖြစ်သည်။  ရန်ကုန်တက္ကသိုလ်၏ စိန်ရတုကာလ   ကျောင်းသားဖြစ်ခဲ့ပြီး  ယင်းကာလနှင့် ပတ်သက်၍  ရေးသားမှု များစွာ မတွေ့ရသောကြောင့် ကျွန်တော်တို့ကာလ အတွေ့အကြုံများကို ပြန်လည် မျှဝေလိုစိတ်ဖြစ်ပေါ်မိပါသည်။

ကျွန်တော်သည် ၁၉၇၂ ခုနှစ် မတ်လတွင်ကျင်းပသော အခြေခံပညာအထက်တန်း စာမေးပွဲကို  မေမြို့(ယခု-ပြင်ဦးလွင်)မှ  ဖြေဆိုအောင်မြင်ခဲ့ပါသည်။ ဆေးတက္ကသိုလ်တက်ရန် အမှတ်မီသော်လည်း မိဘများမှာ   ငွေကြေး ဖူလုံသူများမဟုတ်သဖြင့် ဆေးတက္ကသိုလ်တက်ရန် ထောက်ပံ့မည့်သူ နှစ်ဦးရှိသည့်ကြားမှ ရန်ကုန်တက္ကသိုလ် တက် လိုသဖြင့် အခြေခံ သိပ္ပံပညာချွန်ဆု လျှောက်ထားခဲ့ပါသည်။

ရန်ကုန်တက္ကသိုလ်တက်လိုရခြင်းမှာ တက္ကသိုလ်ဘုန်းနိုင်၏ စာပေသြဇာကြောင့် ဟုဆိုနိုင်ပါသည်။ ဒုတိယတန်း အတန်းတင် စာမေးပွဲအပြီး နွေကျောင်းပိတ်ရက်တွင် တက္ကသိုလ်ဘုန်းနိုင်၏ ''မိုးညအိပ်မက်မြူ''ကို စတင်ဖတ်ရှုမိ ပါသည်။  အိန္ဒိယ-မြန်မာ နယ်စပ်သို့  မြေတိုင်းထွက်ရသော လူပျိုဦးလေး မြေတိုင်းစာရေး တစ်ဦး၏ပစ္စည်းများ ကျွန်တော်တို့ အိမ်လာထားရာမှ တက္ကသိုလ် ဘုန်းနိုင်၏ဝတ္ထု အထပ်လိုက်ပါရှိလာခြင်းဖြစ်သည်။ စာဖတ်တတ်ခါစဖြစ်၍ ''မောင်ညို မှိုင်း''ကို စွဲသွားပါတော့သည်။  ထိုမှစ၍  တက္ကသိုလ်ဘုန်းနိုင်၏ ဝတ္ထု အမြောက်အမြား ဖတ်ရှုမိခဲ့ရာ ဆရာ၏ ဝတ္ထုနောက်ခံအများစု တွင် တက္ကသိုလ်နယ်မြေ ပါဝင်ပြီး ဇာတ်လိုက် အများစုမှာ တက္ကသိုလ်ဆရာဖြစ်သောကြောင့် တက္ကသိုလ် ဆရာဖြစ်လို၊ ရန်ကုန်တက္ကသိုလ် တက်လို ရခြင်းဖြစ်သည်။

ထိုစဉ်က အခြေခံသိပ္ပံ ပညာချွန်ဆုအဖြစ် သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒ ဘာသာရပ် သုံးခုကိုချီးမြှင့်ပြီး   သတ်မှတ်ချက်မှာ ယင်းသုံးဘာသာ ဂုဏ်ထူးရရှိရမည့် အပြင် အဓိကယူမည့် ဘာသာရပ်၌ အမှတ်(၉ဝ) ကျော်လွန် ရမည်ဖြစ်သည်။ ကျွန်တော်က လေးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး သင်္ချာနှင့် ရူပဗေဒဘာသာရပ်တို့၌  အမှတ် ၉ဝ ကျော်သောကြောင့် အခြေခံသိပ္ပံပညာချွန်ဆု(သင်္ချာ)နှင့် (ရူပဗေဒ)တို့ကို ပထမနှင့် ဒုတိယ ဦးစားပေးအဖြစ် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခဲ့ပါသည်။ တက္ကသိုလ်ဝင်ခွင့် အကြောင်းပြန်ကြားရာတွင် သင်္ချာဘာသာရပ်ဖြင့်  တက်ရောက်ခွင့် ရရှိခဲ့ပါသည်။ သင်္ချာလူရည်ချွန် ရရှိသူများလည်း ဤဆုကို လျှောက်ထားနိုင်ရာ ကျွန်တော်၏သူငယ်ချင်းများဖြစ်ကြသော   ဗိုလ်မှူး ဇော်ဝင်းနိုင် (ကျောက်မျက်ပြတိုက်-ငြိမ်း) နှင့် လယ်ယာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ တို့နှစ်ဦးမှာ သင်္ချာလူရည်ချွန် များလည်းဖြစ်ကြပါသည်။  

ထိုစဉ်က ပညာသင်ထောက်ပံ့ကြေး (စတိုင်ပင်)မှာ ၇၅ ကျပ်ဖြစ်ပြီး အခြေခံ သိပ္ပံပညာချွန်ဆု (စကောလားရှစ်)မှာ  ၁ဝဝ   ကျပ်ဖြစ်သည်။    အစိုးရဝန်ထမ်း  အနိမ့်ဆုံးလစာမှာ  ၈၂ ကျပ်ဖြစ်သဖြင့်  ပညာချွန်ဆု ၁ဝဝ ကျပ်မှာ မက်မော လောက် ဖွယ်ဟုဆိုနိုင်ပါသည်။ ထို့ပြင် ကျောင်းပိတ်ရက်များအပါအဝင်  တစ်နှစ်ပတ်လုံး ချီးမြှင့်သဖြင့်    စာမေးပွဲ အောင်မြင် ပါက တစ်နှစ်လျှင် ၁၂ဝဝ ရရှိပါသည်။  

မဟာသိပ္ပံတန်းတက်ရောက်လျှင် တစ်လ၁၂၅ ကျပ်နှုန်း ချီးမြှင့်ပါသည်။ ကျောင်းလခမှာ တစ်လလျှင် ၁၅ ကျပ်ဖြစ် ပြီး နှစ်လ တစ်ကြိမ် ပေးသွင်းရကာ အဆောင်ကြေးမှာ ၅၇ ကျပ်ဖြစ်ပြီး လစဉ်ပေးသွင်းရပါသည်။ ကျောင်းလခ၊  အဆောင်ကြေးများ အကြွေးကျန်ပါက အောင်စာရင်းထုတ်မပေးပါ။  အချို့သောကျောင်းသားများမှာ အောင် စာရင်းထွက်ချိန် ပါမလာသဖြင့် အကြွေးများ သွင်းပြီးမှသာအောင်စာရင်းထုတ်ပေးခြင်းများ ရှိခဲ့ပါသည်။ အဆောင်ကြေး ၅၇ ကျပ်တွင်  အဆောင်ခ (မီး၊ ရေအပါအဝင်) သက်သက်မှာ ၁၄ ကျပ်ဖြစ်ပြီး စားသောက်စရိတ် မှာ  ၄၃ ကျပ်ဖြစ်ပါသည်။ တစ်နှစ်တွင် အခါကြီး၊ ရက်ကြီး သုံးကြိမ်ခန့် အဆောင် ပိတ်ပါသည်။ အဆောင်ပိတ်ရက်တွင် ထမင်း မကျွေးဘဲ တစ်ကျပ်လေးဆယ်ပြား ပြန်ထုတ်ပေးပါသည်။ ထိုကာလက ထမင်း အဝစား  နှစ်ကျပ်ခန့်ဖြစ်နေသဖြင့် ပြန်အမ်းငွေဖြင့်  ထမင်းမစားလောက်ပါ။  အဆောင်ရှေ့တွင်  လာရောင်းသော ဝက်သားလိပ် ငါးမူးဖိုး (ပြားငါးဆယ်)၊ ''ဦးချစ်''ဆိုင်အနီး ညဈေးတန်းတွင်ရောင်းသောကြာဆံကြော် ငါးမူးဖိုး  စား၍ အဆာဖြေရပါသည်။ နောက်ပိုင်းတွင် ရင်းနှီးကျွမ်းဝင် လာပြီဖြစ်သော ရန်ကုန်တွင် အမျိုးရှိသည့် သူငယ်ချင်းများ၏ အိမ်များ ရှိရာ လမ်းမတော် ကိုင်းတန်းလမ်း သို့မဟုတ် သုဝဏ္ဏ ကောက်လျင်လမ်းတို့သို့ အလည် လိုက်ပါ ထမင်းစားရပါတော့သည်။ ထမင်း အကြိမ်ကြိမ်စားရသဖြင့် သူငယ်ချင်းများ၏  အမျိုးများ မှာလည်း  ယခုအချိန်အထိ  ကျွန်တော်၏အမျိုးအရင်းကဲ့သို့ ဖြစ်လာပါတော့သည်။ မြိန်ရာဟင်းကောင်း၊ ခင်ရာ ဆွေမျိုးပါပေ။

ကျွန်တော်တို့မှာ အခြေခံသိပ္ပံပညာချွန် ဆုရ စတုတ္ထ အသုတ်ဖြစ်ပြီး ပထမဆုံး  အသုတ်မှ ကိုတင်အောင်လွင် (အမေရိကန် ပြည်ထောင်စု)၊ ကိုမောင်မောင်စိုး(ကထိက-ငြိမ်း)၊  ကိုဝင်းနိုင်(ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်) (ကွယ်လွန်) တို့မှာ ထင်ရှားပါသည်။ ပထမအသုတ် လေးဦးအနက်  ကျန်တစ်ဦးဖြစ်သော ကိုကျော်နိုင်(လက်ရှိ  အမျိုးသား လွှတ်တော် ကိုယ်စားလှယ်)မှာ  နေ့ကျောင်းသားအဖြစ် ကျောင်းတက်သဖြင့် ကျွန်တော်တို့နှင့် ရင်းနှီးမှု နည်းပါသည်။

ဒုတိယအသုတ်မှ ကိုဇော်ဝင်း(ရန်ကုန် တက္ကသိုလ်သင်္ချာပါမောက္ခ(ငြိမ်း) ဒေါက်တာ ဇော်ဝင်း)၊  ကိုသန့်စင်မောင် (ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး)၊ ကိုစောဝင်းမောင်(ဒေါက်တာ စောဝင်း မောင်- ငြိမ်း)တို့မှာ ထင်ရှားပါသည်။ ဒုတိယအသုတ် ခြောက်ဦးတွင် ကိုတိုင်းအေး၊ ကိုဝင်းကိုနှင့် ကိုထွန်းလင်း တို့လည်း ပါဝင် ပါသည်။

တတိယအသုတ် ၁၁ ဦးတွင် မရီမြင့် (ဒေါက်တာဒေါ်ရီမြင့်၊ သင်္ချာပါမောက္ခ-ငြိမ်း)၊ ကိုယဉ်ဝင်းမောင် (ပါမောက္ခ ချုပ်-ငြိမ်း၊   စစ်ကိုင်းပညာရေးတက္ကသိုလ်)၊ ကိုရဲမြင့် (သင်္ချာပါမောက္ခ-ငြိမ်း)၊ ကိုတိုးအောင်(သင်္ချာပါမောက္ခ-ငြိမ်း)၊ ကိုမျိုးချစ် (ကြီး) (တွဲဖက်ပါမောက္ခ-ငြိမ်း)၊ မကြည်ကြည်မြင့်  (တွဲဖက်ပါမောက္ခ-ငြိမ်း)တို့ ထင်ရှားပါသည်။ ကိုကျော်ဌေး(ကလေး)၊ ကိုတင်ထွန်း(မြင်းခြံ)၊ ကိုစောလှထွန်း(ပခုက္ကူ)၊ ကိုဝင်းမြင့် (ကသာ)တို့လေးဦးမှာ ကွယ်လွန် သွားနှင့်ကြပြီဖြစ်သည်။ ကိုဟန်ရှင်ဝင်းမှာ ထူးခြားစွာ  ရှေ့နေလုပ်လျက်ရှိပါသည်။

ကျွန်တော်တို့  စတုတ္ထအသုတ်သည် လူအများဆုံး ၂ဝ အပြည့်ဖြစ်ပြီး ကျောင်းသူ  ငါးဦးပါရှိရာ  မခင်လွင်မေ၊ မစန်းတင်၊ မမူမူ၊ မမာမာ၊  မခင်ခင်အေးတို့ဖြစ်ပြီး မခင်ခင်အေးမှာ စတုတ္ထနှစ်တွင် ကွန်ပျူတာ ဘာသာရပ် ဘက်သို့ ပြောင်းရွှေ့သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားသည်။ ကျန်လေးဦးမှာ တက္ကသိုလ်ဆရာမ ကြီးများအဖြစ်   တာဝန်ထမ်းဆောင်ကြပြီး  အငြိမ်းစားယူသွားကြပြီဖြစ်သည်။ ယောက်ျားလေးများတွင် ကောလင်း သား ကိုကျော်ဆွေတင့်မှာ နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်ဖြင့် အငြိမ်းစားယူပြီး ဝန်းသိုသား ကိုခင်မောင်ကြွေမှာ လက်ရှိအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီးအဖြစ်  တာဝန်ထမ်းဆောင်လျက်ရှိသည်။ ကိုကျော်ဆွေတင့်မှာ ညနေစောင်းတွင် တက္ကသိုလ် ဓမ္မာရုံသို့ ပရိတ်ရွတ်သွားလေ့ရှိရာ ကျွန်တော်က အဖော်လိုက်လေ့ရှိပါသည်။ သူက ပရိတ်များ အလွတ်ရွတ် ဆိုပူဇော်ပြီး ကျွန်တော်က စာအုပ်ကြည့်၍ လိုက်ဖတ်ပါသည်။ ယခု ပရိတ်ကြီးများ အလွတ်ရွတ်ဆိုနိုင်ခြင်းမှာ သူ့ကျေးဇူးပါပေ။ ရေဦးသား ကိုသန်းညွန့်မှာ စစ်ကိုင်းတိုင်းဒေသကြီး ပို့ဆောင်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်နေသော ဦးသန်းညွန့်ဝင်း ဖြစ်ပြီး မုံရွာသား ကိုမြင့်သိန်းနှင့် ကိုမျိုးချစ်(လေး)တို့မှာ မုံရွာတွင် ပုဂ္ဂလိက လုပ်ငန်းလုပ်နေကြပါသည်။ မြင်းမူသား ကိုစောလွင်မြင့်မှာ မီးသတ်ဌာနတွင် တာဝန် ထမ်းဆောင်ရာမှ အငြိမ်းစားယူပြီးဖြစ်သည်။

မြောင်သား ကိုမင်းစိန်သည် ကွယ်လွန်သွားရှာပြီဖြစ်ပါသည်။   ရေစကြိုသား ကိုအောင်သူမှာ   ပညာရေးဌာနတွင် တောက်လျှောက် အမှုထမ်းခဲ့ပြီး တောင်ငူ တက္ကသိုလ် ပါမောက္ခချုပ်၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူချိန်တွင် နိုင်ငံရေးနယ်ပယ်သို့ ကူးပြောင်းရောက်ရှိသွားခြင်းဖြစ်သည်။ မန္တလေးသား ကိုစောထွန်းမှာ  အမေရိကန် နိုင်ငံတွင် အခြေချလျက်ရှိသည်။ မြင်းခြံသား ကိုဇော်ဝင်းနိုင်မှာ တပ်မတော်တွင် တာဝန် ထမ်းဆောင်ရာမှ မျက်စိရောဂါကြောင့် သတ္တုတွင်းဝန်ကြီးဌာနသို့ ကူးပြောင်းခဲ့ပြီး ကျောက်မျက်ပြတိုက်မှ အငြိမ်းစားယူခဲ့သည်။

တောင်သာဝဲလောင်သား ကိုမျိုးသန့်ထွန်းမှာ သင်္ချာဆရာအဖြစ် ရန်ကုန်တွင်အခြေကျ နေပါသည်။ ရေနံချောင်းသား ကိုသန်းဝင်း မှာ စစ်တက္ကသိုလ်တွင် သင်္ချာပါမောက္ခ (ဌာနမှူး)အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီးနောက်  အလုပ်သမားဝန်ကြီးဌာနသို့ ကူးပြောင်း၍  ညွှန်ကြားရေးမှူးချုပ်အဆင့်ဖြင့် အငြိမ်းစား ယူခဲ့ပါသည်။ ပဲခူးသား ကိုတင်အောင်မှာ  ပညာရေးဌာနတွင်  တောက်လျှောက် အမှုထမ်းခဲ့ပြီး ပါမောက္ခချုပ်အဖြစ်အငြိမ်းစား ယူခဲ့ကာ လက်ရှိတွင် ပြည်သူ့လွှတ်တော်၊  ပညာရေးမြှင့်တင်မှု    ကော်မတီဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်ဇာတိ  ကိုသိန်းဌေးမှာ သစ်တောအမှုထမ်းမိဘများ  ပြောင်းရွှေ့ရာသို့လိုက်ပါ ရာမှ   အခြေခံ ပညာရေးအထက်တန်းအောင်မြင်ချိန်တွင်  ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အထက (မြေပုံ)မှ အောင်မြင်လာခြင်းဖြစ်သည်။

တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့် အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး နယ်ဘက်သို့ ကူးပြောင်းခဲ့ရာ အကောက်ခွန် ဦးစီးဌာနမှ  အငြိမ်းစားယူခဲ့ပါသည်။ ပင်းယဆောင်တွင်  အတူနေထိုင်ခဲ့ကြသော  ရူပဗေဒနှင့်  ဓာတု ဗေဒမှသူငယ်ချင်းများအကြောင်းရေးလို သော်လည်း စာမျက်နှာငဲ့ရသဖြင့် ချန်လှပ် ထားခဲ့ရသည်ကို ခွင့်လွှတ်ကြပါရန်။ 

ကျွန်တော်တို့ တက္ကသိုလ်စတင်တက် ရောက်ချိန်က ပါမောက္ခချုပ်မှာ ဒေါက်တာ မောင်မောင်ခဖြစ်ပြီး မော်ကွန်း ထိန်းမှာ ဒေါ်စိန်စိန်ဖြစ်သည်။ ဆရာကြီး၏အမည်ကို  ၉ တန်း၊ ၁ဝ တန်း တက်စဉ်ကတည်းက  ရင်းနှီးပါသည်။ အကြောင်းမူ  ထိုစဉ်က  သင်ကြားရသော ရူပဗေဒသင်ရိုးစာအုပ် များကိုပြုစုသူမှာ ဒေါက်တာမောင်မောင်ခ နှင့် ဦးစံသာအောင်တို့ဖြစ်သောကြောင့်ပါတည်း။ ဆရာကြီး ဒေါက်တာမောင်မောင်ခ (ဆရာခ ဟုလည်း ခေါ်ကြသည်)၏ မျက်နှာမှာ  အစဉ်ပြုံးနေပါသည်။ မှတ်မှတ်ရရ ကျွန်တော်တို့ ပထမနှစ်ကျောင်းသားတစ်စု ပါမော က္ခချုပ် ရုံးခန်းသို့  အရေးဆိုရန်သွားဖူးပါသည်။

ပညာသင်ဆုများ ကျောင်းဖွင့်ပြီးသုံးလေး လကြာသည်အထိ ထုတ်ယူခွင့်မရသေး  သောကြောင့် ဖြစ်ပါသည်။ ''စာမေးပွဲကြေး သွင်းရန်''ငွေစာရင်းဌာနက နောက်ဆုံးရက်  သတ်မှတ်၍ကြေညာသောအခါ ငွေပြတ်လပ် နေပြီ ဖြစ်ကြသဖြင့် အရေးဆိုရန် သွားကြ ခြင်းဖြစ်သည်။ ဆရာကြီးက သူ့စားပွဲရှေ့ရှိ ကုလားထိုင်များတွင်ထိုင်စေပြီး  အကျိုး အကြောင်းမေးမြန်းပါသည်။ အကြောင်းစုံ သိသောအခါ  ဆောင်ရွက်ပေးမည်ဟု ပြောသဖြင့်  ဝမ်းမြောက်စွာပြန်ခဲ့ကြပါသည်။      

ဆက်လက်ဖော်ပြပါမည်။