ဟောင်ကောင်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ နောက်တစ်ကျော့ ဖြစ်ပွားမှုနှင့်ရင်ဆိုင်နေရ

ဟောင်ကောင်၊ ကျန်းမာရေး

 ဟောင်ကောင်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမြင့်တက်လာပြီးနောက် ထိုရောဂါ ကူးစက်မှုနောက်တစ်ကျော့နှင့် ရင်ဆိုင်နေ ရကြောင်း    ဟောင်ကောင်ကျန်းမာရေး ဝန်ကြီး  ဆိုဖီယာချန်းက နိုဝင်ဘာ ၂ဝ ရက် တွင်ပြောသည်။

ဟောင်ကောင်၌ နိုဝင်ဘာ ၂ဝ ရက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၆ ဦးရှိပြီး ၎င်းတို့အနက်  ဒေသတွင်း ကူးစက်ခံရသူ  ၂၁ ဦးနှင့် ပြည်ပမှ ငါးဦးပါဝင်ကြောင်းသိရသည်။

ထပ်မံကူးစက်ခံရသူများတွင် တက္ကစီ ယာဉ်မောင်းများ၊ ဟိုတယ်၌တည်းခိုသူများ နှင့် ကပွဲရုံများအပါအဝင် နေရာအမျိုးမျိုးမှ ပါဝင်ကြောင်း ဆိုဖီယာချန်းကပြောသည်။

ထို့ကြောင့် တင်းကျပ်သောဆောင်ရွက် ချက်များအဖြစ် ရောဂါကူးစက်ခံရနိုင်ခြေ များသူများဖြစ်သည့် တက္ကစီယာဉ်မောင်း များ၊ ဘိုးဘွားရိပ်သာဝန်ထမ်းများ၊ ဆရာဝန် များထံကုသမှုခံယူစဉ် ကိုဗစ်-၁၉ ရောဂါ လက္ခဏာနှင့်ဆင်တူသည့် လက္ခဏာများ ပြသသူများအနေဖြင့် ရောဂါစစ်ဆေးမှု ခံယူရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြော သည်။

အလားတူ နိုဝင်ဘာ ၂၃ ရက်မှစ၍ မူလတန်းကျောင်းများကို သီတင်းပတ် နှစ်ပတ်ကြာ ပိတ်သွားမည်ဖြစ်ပြီး အကယ်၍ အခြေအနေ ဆိုးလာပါက ကျောင်းများ အားလုံးကို ပိတ်သွားမည်ဖြစ်ကြောင်းသိရသည်။