အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

“ဆရာကြီး ဇနီးခေါ်မလို့လား ဆရာ”

“မခေါ်ပါဘူးကွာ၊ အစကတည်းက ခေါ်ဖို့မစဉ်းစားပါဘူး။ ခေါ်ရင်အလုပ်ထွက်ပြီးလိုက်ခဲ့ဖို့ရှိတာပဲ။ အလုပ်က လည်း မထွက်နိုင်သေးဘူးကွ။ ဒီတံတားကသုံးနှစ်ကြာမှာ။ အောင်ကြီး၊ မင်းကောင်တွေပြောလိုက်၊ မီးစက်ကို တစ်ည နှစ်နာရီပဲမောင်းမယ်။ စက်သစ်ရမှ ဆယ်နာရီအထိမောင်းမယ်။ ဒီစက်ကမကောင်းဘူး ဟုတ်လား။ လှမင်းလည်းပြောလိုက်” သောင်းဒန်သည် စာကိုအဆုံးသတ်သည်။ မီးမရှိဘဲမှောင်လာသည့်အခါ အနေရ အထိုင်ရခက်လာသည်။

စောစောစီးစီးအိပ်လိုက်ဖို့သာရှိသည်။ ဖယောင်းတိုင်ကိုယ်စီထွန်းကာ စကားဝိုင်းဖွဲ့နေကြသူတို့လည်း သမ်းဝေ လာကာ အိပ်ရာသို့ဝင်ကြသည်။ အရိပ်မည်းမည်းတို့သာလျှင် စခန်းပတ်ဝန်းကျင်၌  မင်းမူနေသည်။

စကားပြောသံများ တိတ်သွားလျှင် ငှက်အော်သံ၊ မြွေတွန်သံတို့ကို ကြားရသည်။ ကျားဟိန်းသံမကြားရလျှင် တော်သေးသည်။ အမှောင်ထုသည် ကြောက်စိတ်ကို အားပေးသည်။ မကောင်းမှုကိုလည်း အားပေးသည်။ ဒီကောင်တွေ ခြံထဲဆင်းပြီးအုန်းသီးခိုးကြမှာလား။ အဘွားကြီးကတော့ အရင်ကလို အတိုင်အတောမထူ တော့ဘူး။ အခု တော်သေးတယ်။ နောက် မိန်းမတွေ၊ ကလေးတွေရောက်ရင် ပိုပြီးဆိုးမယ်။ ပိုပြီးထိန်းရမယ်။ အေးလေ၊ ဒါတွေသာပူနေမယ်ဆိုရင်တော့ စိတ်အေးစရာ တစ်ကွက်မှရှိတော့မှာမဟုတ်ဘူး။ တံတားပြီးအောင် ဆောက်ဖို့ပဲ ငါအာရုံစိုက်တော့မယ်။ တောင်ဘက်မြေကာဘဲ တောင်ကြီးကို စ၍ရိုက်ရတော့မည်။ သူတို့ အင်ဂျင်နီယာအခေါ်အဝေါ်အရ ကားတိုင်ရိုက်သည်ဟုဆိုသည်။ မြေကြီးထဲသို့ ကွန်ကရစ်တိုင်များရိုက်သွင်း ခြင်းပင်ဖြစ်သည်။ ထို့နောက် ခိုင်မာအောင် အားထပ်ဖြည့်။ ကွန်ကရစ်နှင့်ချုပ်။ ပြီးမှ ထိပ်အုပ်တင်။ ထိပ်အုပ် ပေါ်တွင်မှ ဘဲတောင်တက်ရမည်ဖြစ်သည်။ သဲလိုသည်။ ကျောက်လိုသည်။ ဘိလပ်မြေအိတ်များကား တဖွဲဖွဲ ရောက်နေကြပြီ။ စတိုတစ်လုံးမဆံ့တော့သည်နှင့် နောက်ထပ်စတိုကြီးတစ်ခု ထပ်၍ဆောက်ရသည်။

စင်ရော်က လူတွေကိုအားကိုးရမည်။ သောင်းဒန်သည် စင်ရော်မှပါတီ ယူနစ်ဥက္ကဋ္ဌဗိုလ်ကြီးဇော်သန်း၊ နလက ဥက္ကဋ္ဌ ဗိုလ်ကြီးဘကြိုင်တို့နှင့် ဆွေးနွေးသည်။ အဆင်သင့်ပင် ထိုအချိန်တွင် ၃၁၀ တပ်ရင်းမှူး ဗိုလ်မှူးသိန်း အောင်လည်းရောက်လာသည်။

“အဆင်သင့်ပဲ ဗိုလ်မှူး၊ ကျွန်တော်လည်း တွေ့ချင်နေတာ ကြာပြီ။ ဗိုလ်မှူး ရန်ကုန်သွားနေတယ်ဆိုလို့”

“ဆိုဗျာ၊ ကိစ္စက”

“ပထမကိစ္စကတော့ တပ်ကိစ္စပါ”

သောင်းဒန်က ရောက်စညအဖြစ်အပျက်ကို ပြောပြသည်။

“ဟား ဟား ဟား၊ ဒီကောင်တွေ ခင်ဗျားကိုပတ်တာပဲ၊ ကျွန်တော့်တပ်က အပွဲပွဲနွှဲလာတဲ့ သတ္တိခဲတွေ ပါဗျ။မြစ်ကြီးနားဘက်မှာ ဒီ့ထက်ဆိုးသေးတယ်” ရဲဘော်စိန်သောင်းပြောပြသည်ကို အမှတ်ရမိသည်။ သို့သော် လည်း သောင်းဒန် တစ်ခွန်းတစ်ပါဒမျှ ဝင်၍မပြော။

“တပ်စိတ်တစ်စိတ်တည်းရှိလို့ အင်အားနည်းတယ်ဆိုတာ ခင်ဗျားကိုသက်သက်လှိမ့်တာ။ ဒီကောင်တွေ ကြာကြာ မနေရအောင်လုပ်တာ။ သူတို့ကိုပြန်ပို့ပြီး နောက်ထပ်တပ်စုရောက်လာအောင်ပေါ့ဗျာ။ နေပေ့စေ ကိုသောင်းဒန်၊ ဒီကောင်တွေ ကျွန်တော်ပြန်မခေါ်ဘူး။ ဖြည့်ပေးမယ်။ ဒီတစ်ခါ တပ်ကြပ်ကြီးအိမ်ကောင်း ထည့်ပေး လိုက်မယ်။ တပ်စုတစ်စုဖြစ်အောင် ဖြည့်ပေးမယ်။ တစ်ခါတလေ ဗိုလ်တစ်ယောက်အုပ်ချုပ်ဖို့ ပါချင်ပါမယ်။ ဂျီသရီးရော၊ ဘရင်းရော၊ မော်တာရောအားလုံး လက်နက်စုံပေးလိုက်မယ်ဗျာ။ ဒီနေရာတွေ ကလည်း ကျွန်တော်တို့စပြီးခြေကုပ်ယူရမယ့်နေရာတွေပါ။ အိမ်ကောင်းဆိုရင် ဒီကောင်တွေ ဖင်တုန်အောင် ကြောက်တယ်။ လက်သံက သိပ်ပြောင်တယ်ဗျ”

“အိမ်ကောင်းတဲ့၊ ဟုတ်လား ဗိုလ်မှူး။ အိမ်မှာပဲ ကောင်းပြီး အပြင်ကျတော့ မကောင်းဖြစ်နေပါဦးမယ် ခင်ဗျာ”

“အံမယ် ခင်ဗျားအထင်မသေးလိုက်ပါနဲ့။ ဘားအံဘက်မှာ နာမည်အော်ပြီးတိုက်တာဗျ။ သူ့ဘက်က တစ် ယောက်မှမကျဘူး။ ဟိုကောင်တွေအလောင်းတောင် မကောက်နိုင်ဘူး၊ ထွက်ပြေးရတယ်” သောင်းဒန် ကျေနပ်သွားသည်။

“ကဲ ဒုတိယကိစ္စက ဆိုစမ်းပါဦး”

“ဒါတော့ အားလုံးနဲ့ဆိုင်တယ် ဗိုလ်မှူး။ ဗိုလ်မှူးလည်း တတ်နိုင်သမျှအကူအညီပေးပါလို့ ကျွန်တော် တောင်းပန်ချင်ပါတယ်”

“တောင်းပန်ချင်တယ်တွေဘာတွေ လုပ်မနေပါနဲ့ဗျ။ ကူညီပါပေါ့။ ကျွန်တော်တို့ ကူညီရမှာပေါ့။ ခင်ဗျားတို့ကို ကျွန်တော်တို့က ကူ၊ ကျွန်တော်တို့ကို ခင်ဗျားတို့က ကူ။ အပြန်အလှန်ပေါ့”

“ကျွန်တော်တို့က ဗိုလ်မှူးတို့ကို ဘာအကူအညီ ပေးနိုင်မှာလဲခင်ဗျာ”

“အမလေး၊ နောက်တော့ တောင်းလွန်းလို့ညည်းမနေနဲ့ဗျို့”

“ဆိုပါဦး ဗိုလ်မှူး”

“ကားလေဗျာ ကား။ ခင်ဗျားတို့မှာ ကားတွေရှိတယ် မဟုတ်လား။ ကားလိုချင်ရင် ခင်ဗျားတို့ဆီတောင်းရ မှာပဲ”

“ရပါတယ် ဗိုလ်မှူး၊ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကူညီပါ့မယ်”

“ကဲ ကဲ ခင်ဗျားကိစ္စပြောပါဦး”

“သဲလိုချင်တယ်။ ကျွန်တော်တို့မှာ အလုပ်သမားအင်အားက နည်းနေသေးတယ်။ စင်ရော်က သဲသွင်းမယ့် လူရှိရင် ကောင်းမှာပဲ”

“ချောင်းဝမှာ သဲချည်းပေါ့ဗျာ။ သောင်ပြာတစ်ခုလုံး သဲချည်းပဲ။ ကမ်းနီနားမှာလည်း သဲရနိုင်တယ်။ ခက်တာ က  ဒီကလူတွေက  အဲဒီအလုပ်မလုပ်ဘူးဗျ။ ဖြစ်နိုင်အောင်စီစဉ်ပေးရမှာပေါ့လေ”

ဗိုလ်မှူးသိန်းအောင်၊ ဗိုလ်ကြီးဘကြိုင်၊ ပါတီယူနစ် ဗိုလ်ကြီးဇော်သန်းတို့ ခေါင်းချင်းရိုက်ကြသည်။

“သဲ ပြီးတော့ ကျောက်။ ဒီအနီးအနားမှာ ကျောက်ရှာဖို့လိုတယ်”

“ကျောက်တော့ အထူးအထွေရှာနေစရာမလိုပါဘူး ခင်ဗျာ။ သောင်ဦးသွားတဲ့လမ်း၊ တိမ်ဦးတောင်အတက်မှာ ကျောက်ချည်းပါပဲ” ဗိုလ်ကြီးဘကြိုင်က ဝင်၍ပြောသည်။

“ကဲ ကဲ သဲကိစ္စစဉ်းစားကြမယ် ဗိုလ်မှူး” ဗိုလ်ကြီးဇော်သန်းက ကြားဝင်သည်။

“အခုနေတော့ ကျောင်းသားတွေအားနေကြတယ်။ လုပ်အားပေးခေါ်မယ်။ တံတားစခန်းနဲ့အနီးဆုံး စင်ရော် ချောင်းထဲကသဲကို သမ္ဗန်နဲ့သယ်မယ်။ စင်ရော်၊ ကမ်းနီ၊ သောင်ပြာက ကျောင်းသားတွေစုလိုက်ရင် တစ်ရာ လောက်တော့ရနိုင်မှာပဲ”

“အေးဗျာ သောင်ပြာနဲ့ဝေးလို့သာပေါ့။ ကုန်းလမ်းဆိုရင်လည်း လွယ်ရဲ့။ အခုတော့ ရေလမ်းဆိုတော့ သိပ်ခရီး ဖင့်တယ်။ သယ်ရမှာကလည်း သမ္ဗန်နဲ့ဆိုတော့ လက်ဝင်တယ်”

“မတတ်နိုင်ဘူး  ဗိုလ်မှူး။   အခုနေတော့  ဒီလိုပဲလုပ်ရမှာပဲ”

“ဟုတ်တယ်  ကိုသောင်းဒန်၊  သောင်ပြာဆိုရင် ဟောဒီက ဗိုလ်မှူးပိုင်တယ်”

ဗိုလ်မှူးသိန်းအောင်သည် သောင်ပြာငါးဖမ်းသမဝါယမကို စတင်တည်ထောင်သူဖြစ်သည်။ ယင်းလုပ်ငန်းကို အကောင်အထည်ပေါ်အောင် ဆောင်ရွက်သည်။ အစိုးရက ငွေ ၁၅ သိန်းမတည်ပေးသည်။ ထို ၁၅ သိန်း ဖြင့် ငါးဖမ်းလုပ်ငန်း၊ ငါးပုပ်ခြောက်လုပ်ငန်းလုပ်သည်။ ယခင်က ထိုနေရာတွင် ပုဂ္ဂလိကများဖြစ်ကြသည့် တရုတ် ကုန်သည်တို့ဝင်သည်။ မြစ်ဝကျွန်းပေါ်တွင် စပါးပေး ပေးသကဲ့သို့ သောင်ပြာတွင်လည်း တရုတ်တို့က ငါးပေး ပေးကြသည်။ ယခုကား သောင်ပြာငါးဖမ်းသမဝါယမပေါ်လာသည်နှင့် တရုတ်ကုန်သည်တို့ ခြေကုပ်လွတ်သွား သည်။ ဗိုလ်သိန်းအောင်သည် သောင်ပြာဖွံ့ဖြိုးရေးကို စိတ်ဝင်စားသည်။ လူမှုရေး၊ ပညာရေးမှအစ ဖွံ့ဖြိုး အောင် စီမံဆောင်ရွက်စေသည်။

“ကဲဗျာ၊ သောင်ပြာကို ကျွန်တော်စာရေးပေးလိုက်မယ်။ ဒီတစ်ခေါက် ကျွန်တော်ရောက်နိုင်ဦးမှာမဟုတ်ဘူး။ သောင်ဦးဘက် တက်ရဦးမယ်နဲ့ တူတယ်။ သောင်ဦးဘက်မှာ နယ်ခြားနဲ့ အကူးအသန်းရှုပ်နေပြန်ပြီ။  အခြေအနေနည်းနည်းလှုပ်ရှားနေတယ်။ ကျွန်တော်သွားရလိမ့်မယ်”

“ကျွန်တော်သွားပါ့မယ် ဗိုလ်မှူး၊ ဒီကိစ္စကို ကျွန်တော်ပဲ စည်းရုံးလိုက်ပါမယ်။ သောင်ပြာတော့ ဗိုလ်မှူးစာနဲ့ ဗိုလ်မှူးနာမည်နဲ့ပဲ စည်းရုံးလိုက်မယ်” ဗိုလ်ကြီးဇော်သန်းက ဆိုသည်။

“အံမယ် ခင်ဗျား ကျွန်တော့်နာမည်အလွဲသုံးစားလုပ်ပြီး ငါးပုပ်ခြောက်တွေလည်း သယ်မလာနဲ့ဦးနော်” သဲကိစ္စအတွက်  အဆင်ပြေနိုင်စရာအကြောင်းရှိသည်။ သမ္ဗန်နှင့်သယ်၍မရနိုင်လျှင် ဖောင်ဖွဲ့၍သယ်မည်။ ကျောက်ကိစ္စကျန်သေးသည်။

“လောလောဆယ် လိုတာလား”

“လောလောဆယ်ပဲ ဥက္ကဋ္ဌကြီး”

“လောလောဆယ်ဆိုရင်တော့ ဒီမှာရှိတဲ့ကျောက်ကို သုံးရမှာပဲ။ အဲဒါတော့ မီးရထားနဲ့သယ်ရလိမ့်မယ်။ မီးရထားဘက်ကသုံးတဲ့ကျောက်တွေရှိတယ်။ ဖြစ်ပါ့မလား”

“ဖြစ်ပါတယ် ဥက္ကဋ္ဌကြီး၊ ကျွန်တော်တို့သုံးမှာကလည်း လိပ်သည်းကျောက်ပဲ။ သူတို့လည်း အဲဒီကျောက် ကိုသုံးတာပဲ”

      ဆက်လက်ဖော်ပြပါမည်။