တောင်တရုတ်ပင်လယ်အတွင်း ဆက်ဆံရေးတင်းမာမှုများ မြင့်တက်လာခြင်းကို တန်ပြန်နိုင်ရေးအတွက် သြစတြေးလျနိုင်ငံက ဂျပန်နှင့် ကာကွယ်ရေးသဘောတူညီချက်တစ်ရပ် ချမှတ်မည်ဖြစ်ကြောင်း သြစတြေး လျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပြောကြားခဲ့သည်။
သြစတြေးလျနှင့် ဂျပန်အစိုးရတို့သည် နှစ်နိုင်ငံကြား အဓိကအရေးပါသည့် ကာကွယ်ရေး သဘောတူညီချက် တစ်ရပ်ကို မူအရ သဘောတူညီခဲ့ပြီး အဆိုပါသဘောတူညီချက်သည် နှစ်နိုင်ငံစလုံး၏ မဟာဗျူဟာမြောက် လုံခြုံရေးဆိုင်ရာဆက်ဆံမှုကို တိုးမြှင့်ပေးနိုင်မည်ဖြစ်သည်။
ဂျပန်နိုင်ငံသည် အလားတူသဘောတူညီချက်မျိုးကို လွန်ခဲ့သည့်နှစ် ၆၀ ခန့်က အမေရိကန်နှင့်သာ ချုပ်ဆို ထားကြောင်း မော်ရစ်ဆင်က ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြသည်။ နှစ်နိုင်ငံကြားချမှတ်သည့် သဘောတူညီချက်အရ သြစတြေးလျနှင့် ဂျပန်လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်မည်ဖြစ်ပြီး နိုင်ငံပေါင်းစုံပါဝင်သည့် စစ်ရေးလေ့ကျင့်မှုများတွင်လည်း ပါဝင်မည်ဖြစ်သည်။
ထို့ပြင် နှစ်နိုင်ငံစလုံးရှိ လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဆင်ရေးဆိုင်ရာ မူဘောင်တစ်ရပ်ကိုပါ ချမှတ်ရန် စီစဉ်ထားသည်။ သြစတြေးလျနှင့် ဂျပန်နိုင်ငံတို့သည် ဒေသတွင်း ပြောင်းလဲလာသည့် လုံခြုံရေးဆိုင်ရာ အခြေအနေများကို တုံ့ပြန်သည့်အနေဖြင့် ကာကွယ်ရေးသဘောတူညီချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နှစ်နိုင်ငံအစိုးရအဖွဲ့များသည် ၂၀၂၁ ခုနှစ်တွင် နှစ်နိုင်ငံစလုံးမှ နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေး ဝန်ကြီးများပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲများကို ကျင်းပရန် စီစဉ်ထားသည်။ သြစတြေးလျနှင့် ဂျပန်အစိုးရ တို့သည် တောင်တရုတ်ပင်လယ်အတွင်း ပြောင်းလဲလာသည့် အခြေအနေများ၊ မြင့်တက်လာသည့် ဆက်ဆံ ရေးတင်းမာမှုများနှင့် စပ်လျဉ်း၍ စိုးရိမ်လျက်ရှိသော်လည်း တရုတ်နိုင်ငံက လုပ်ဆောင်နေသည့် ဆောင်ရွက် ချက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ရှိ ရေပိုင်နက်စုစုပေါင်း ၁၀ ပုံတွင်ကိုးပုံခန့်ကို ၎င်းတို့ပိုင်အဖြစ် ကြေညာထားပြီး အဆိုပါရေပိုင်နက်များ၌ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃ ထရီလီယံခန့်ပမာဏရှိ ကုန်ပစ္စည်းများ ဖြတ်သန်းရာ ရေကြောင်းလမ်းများနှင့် ဟိုက်ဒရိုကာဗွန်ကြွယ်ဝသည့် ရေပိုင်နက်များအပြင် ငါးဖမ်းလုပ်ကွက်များလည်း ပါဝင်လျက်ရှိသည်။
လက်ရှိတွင် တရုတ်နိုင်ငံ၏ ဆောင်ရွက်ချက်များကို သြစတြေးလျနှင့် ဂျပန်အပါအဝင် ရေပိုင်နက် အငြင်းပွား မှု၌ ပါဝင်နေသည့် အာဆီယံနိုင်ငံတချို့ကလည်း စောင့်ကြည့်နေသောကြောင့် မြင့်တက်လာသည့် ဆက်ဆံ ရေးတင်းမာမှုများကို လျော့ကျလာစေရေး အရေးတယူလုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်သည်။
Ref: Sputnik