မုံရွာမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

မုံရွာမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

 

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁၁

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ခဝဲကျင်းကျေးရွာရှိ ဒေသခံပြည်သူများ အား အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က ယနေ့တွင် အဆိုပါကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

    ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၃၇ ဦး တို့ကို  သွေးတိုးရောဂါ၊ မျက်စိ ရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ၊ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးသည်။

    အလားတူ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သန်လျက်မော် အရှေ့ရပ်ကွက်၊ ဗောဓိမဏ္ဍိုင်ပရိယတ္တိစာသင်တိုက်ရှိ သာသနာနွယ်ဝင်သီလရှင် ၁၂၆ ပါး တို့ကို သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ ကလေးရောဂါ၊  အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသခြင်းများဆောင်ရွက်ပေးခြင်း၊ ECG ၊ Ultrasound စက် တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ခြင်း၊ သွေးဖောက်၍ ဆီးချို/သွေးချို စစ်ဆေးခြင်းနှင့် သွေးအုပ်စုများ စစ်ဆေးပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက် ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများကို နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေးစီစဉ်ဆောင်ရွက်ပေးသည်။

      ထိုသို့ ဆောင်ရွက်ပေးနေမှုများကို နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။