ဘရာဇီး၌ လူမည်းအမျိုးသားတစ်ဦး သေသည်အထိ အရိုက်ခံရမှုကြောင့် နိုင်ငံတစ်ဝန်းဆန္ဒပြမှုဖြစ်ပွား

ဘရာဇီးလျား၊ နိုင်ငံရေး

ဘရာဇီးနိုင်ငံရှိ ဈေးဝယ်စင်တာတစ်ခု၌ လူမည်းအမျိုးသားတစ်ဦးကို လူဖြူလုံခြုံရေးအစောင့်များက သေသည်အထိရိုက်နှက်မှုကြောင့် လူမည်းများနေ့ဖြစ်သည့် နိုဝင်ဘာ ၂၀ ရက်တွင် နိုင်ငံတစ်ဝန်း၌ ဆူပူ ဆန္ဒပြမှုများဖြစ်ပေါ်ကြောင်း သိရသည်။

နိုင်ငံတောင်ပိုင်း ပေါ်တိုအယ်လယ်ဂရီမြို့၌ နိုဝင်ဘာ ၁၉ ရက်တွင်ဖြစ်ပွားသော အဆိုပါဖြစ်စဉ်ကို မျက်မြင် တွေ့ရှိသူတစ်ဦးက ဗီဒီယိုရိုက်၍ လူမှုကွန်ရက်စာမျက်နှာများနှင့် ဘရာဇီးသတင်းဌာနတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါဗီဒီယိုမှာ ပျံ့နှံ့သွားပြီးနောက် ဆောင်ပေါင်လိုမြို့၌ ပြင်သစ်နိုင်ငံသားပိုင်သော Carrefour ဈေးဝယ် စင်တာ ဆိုင်ရှေ့၌ ဆန္ဒပြသူ ၁၀၀၀ နီးပါးက ချီတက်ဆန္ဒပြပြီး စတိုးဆိုင်ရှိမှန်များကို ကျောက်တုံး များဖြင့် ပစ်ပေါက်သည်။

ထို့ပြင် အဆောက်အအုံဥပစာတွင် ဒေါသတကြီးအော်ဟစ်ခြင်း၊ ရမ်းကားဖျက်ဆီးခြင်းနှင့် ကုန်ပစ္စည်းများကို မီးရှို့ ဖျက်စီးခြင်းတို့ ပြုလုပ်ကြောင်းသိရသည်။

ပေါ်တိုအယ်လယ်ဂရီမြို့ရှိ ရဲတပ်ဖွဲ့သည် လူမည်းအမျိုးသားသေဆုံးသည့် ဈေးဝယ်စင်တာရှေ့၌ စုဝေးရောက် ရှိနေသော ဆန္ဒပြသူများကို လူစုကွဲစေရန် မျက်ရည်ယိုဗုံးများနှင့် စတင်းလက်ပစ်ဗုံးများ အသုံးပြုခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြား သတင်းဌာနတစ်ခုကဖော်ပြထားသည်။

အလားတူ ဘရာဇီးလျားမြို့၊ ဘယ်လိုဟောရစ်ဇွန်တီနှင့် ရီယိုဒီဂျနေးရိုးမြို့တို့၌လည်း လူစုလူဝေးဖြစ်ပေါ်ကာ ဈေးဝယ် သူများ၏ အခွင့်အရေးကို ကာကွယ်ပေးရန် အော်ဟစ်ဆန္ဒပြသည်။

မျက်မြင်တွေ့ရှိသူ တစ်ဦးရိုက်ကူးထားသော ဗီဒီယိုတွင် အသက် ၄၀ ရှိလူမည်းအမျိုးသား ဂျိုအိုအယ်ဘာတို ဆေ ဗီးယားဖရီးတက်ကို Carrefour ဈေးဝယ်စင်တာရှိ လုံခြုံရေးဝန်ထမ်းတစ်ဦးက ဖမ်းချုပ်ထားပြီး အခြား လုံခြုံရေးတစ်ဦးက မျက်နှာနှင့်ဦးခေါင်းကို ထိုးကြိတ်သဖြင့် သတိလစ်မေ့မျောကာ နေရာတွင်ပွဲချင်းပြီး သေဆုံးသွားသည်ကိုတွေ့ရ သည်။

၎င်းတို့၏ဘေးတွင် မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ယူနေသော အမျိုးသမီးကိုလည်း တွေ့ရသည်။ ထိုလူမည်း အမျိုးသားသည် အမျိုးသမီးဝန်ထမ်းတစ်ဦးကိုခြိမ်းခြောက်သဖြင့် အဆိုပါအမျိုးသမီးက လုံခြုံရေးများကို အကူအညီ တောင်းခံခဲ့ခြင်းဖြစ်သည်ဟု ရီယိုဂရန်ဒီဒိုဆယ်ပြည်နယ်ရဲတပ်ဖွဲ့က ပြောသည်။

Ref: TST