အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)အား ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် ကြည့်ရှုစစ်ဆေး
နေပြည်တော် နိုဝင်ဘာ ၁၅
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် နိုဝင်ဘာလ ၁၁ ရက်နံနက်ပိုင်းက အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ မှာကြားသည်။
ဒုတိယဝန်ကြီးအား စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့်တာဝန်ရှိသူများက နည်းပညာဆိုင်ရာ စစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာ (Technical Audit Team ၏ Overview Report)အရ ဆောင်ရွက်ရမည့်လုပ်ငန်း ၄၆၁ ချက်အပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန်လုပ်ငန်း(Remaining Work) (၁၉၁)ချက်အပေါ်ဆောင်ရွက်ပြီးစီးမှု၊ Danieli Co., Ltd. ၏ နည်းပညာဆိုင်ရာ အစီရင်ခံစာ (Danieli Technical Report)ပါအချက်အလက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက စက်ရုံလည်ပတ်နိုင်ရေးအတွက် ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်၊ ရရှိသည့်ဘဏ္ဍာရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ရန်နှင့်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရန်၊ ငွေသုံးစွဲမှုများနှင့်ပတ်သက်၍ လုပ်ငန်းခေါင်းစဉ် တစ်ခုချင်းအလိုက် အသေးစိတ် တွက်ချက်ဆောင်ရွက်ရန်နှင့် ဆောင်ရွက်ပြီးပါက ဖြစ်ပေါ်လာမည့် အကျိုးရလဒ်များကိုလည်း ပြုစုထားရန်၊ ခေတ်မီနည်းပညာများ ရရှိရေးဆောင်ရွက်ရန်၊ ကိုင်တွယ်မောင်းနှင်ရမည့် စက်ပစ္စည်းကိရိယာများနှင့် ပတ်သက်၍ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်အောင် စဉ်ဆက်မပြတ်လေ့လာသင်ယူရန်၊ အလုပ်ရုံခွဲအလိုက် ပြုပြင်ပြီးဖြစ်သည့် စက်ပစ္စည်းကိရိယာများကို စမ်းသပ်မောင်းနှင်ရန်နှင့် အမြဲမပြတ် စစ်ဆေးဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စက်ရုံအတွင်းရှိ Iron Ore Sizing Plant ၌ ဝန်ဖြင့် စက်စမ်းသပ် လည်ပတ်ဆောင်ရွက်နေမှု၊ စွန့်ပစ်အပူသုံးလျှပ်စစ်ဓာတ်အား ထုပ်လုပ်မှုအလုပ်ရုံတွင် ပိုက်လိုင်းတပ်ဆင်မှု လုပ်ငန်းဆောင်ရွက်နေမှု၊ စွန့်ပစ်အပူသုံးစက်ရေနွေးအိုး၏ အမိုးအကာလုပ်ငန်း ဆောင်ရွက်နေမှု၊ သံသတ္တုရိုင်း ပြုပြင်ရေးအလုပ်ရုံမှ စွန့်ပစ်ရေအနည်ချကန်၌ ရေဝင်ရောက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။