ဥပဒေဘောင်အတွင်းနေထိုင်ခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိသည်။ ပြန်လည် ဝင်ရောက်လာသူများအနေဖြင့် ပြစ်မှုတစ်ခုခု ကျူးလွန်ထားသူဖြစ်ပါက ဥပဒေအရ တရားရုံးတွင် အမှုရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ပြီး နိုင်ငံတော် အစိုးရအနေဖြင့် ပြစ်မှုအတိုင်းအတာအပေါ် မူတည်၍ ဥပဒေကြောင်းအရ လိုအပ်သည့် ဖြေလျှော့မှုများကို ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကို လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။
ထိုသို့ထုတ်ပြန်ထားသည့်အတွက် PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အမည်ခံအကြမ်းဖက် အဖွဲ့ဝင်များသည် ဥပဒေဘောင်အတွင်းသို့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာလျက်ရှိသည်။ ယခုနိုဝင်ဘာလ၂ ရက်နေ့တွင်လည်း KIA နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ၁၀ ဦးသည် AK-47 လေးလက်၊ KO လက်နက်ငယ်နှစ်လက်၊ AK-47 (၄၀)တွဲတစ်လက်၊ ၇၉ နှစ်လက်၊ စနိုက်ပါတစ်လက်နှင့် ၅ ဒသမ ၅၆ ကျည် ၄၅၀ တောင့်၊ ၇ ဒသမ ၆၂ စနိုက်ပါကျည် ၁၅၀ တောင့် ၊ ၄၀ မမ ဗုံးသီး ၂၉ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁၆ လုံး၊ ကျည်အိမ်မျိုးစုံ ၂၇ ခုနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှတစ်ဆင့် ဥပဒေဘောင်အတွင်းဝင်လာခဲ့ကြသည်။
၎င်းတို့အား ထောက်ပံ့ငွေ စုစုပေါင်းငွေကျပ် ၁၆၅ သိန်းပေးအပ်ခဲ့သည်။ လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများကို ဆက်လက်ချီးမြှင့်သွားမည်ဖြစ်သည်။ အလားတူ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နှင့် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့တို့မှ PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည်လည်း သင်္ကန်းညီနောင်တပ်နယ် နယ်မြေခံတပ်ရင်းမှတစ်ဆင့် ဥပဒေဘောင် အတွင်း ဝင်ရောက်လာခဲ့သည့်အတွက် ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးပြီး ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
နိုဝင်ဘာလ ၉ ရက်နေ့တွင် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ခုနစ်ဦးသည် ကာဘိုင်တစ်လက်၊ ၎င်းကျည် ၁၀ တောင့်၊ M-22 တစ်လက်နှင့် ၎င်းကျည်ငါးတောင့်တို့နှင့်အတူ ဥပဒေဘောင် အတွင်းဝင်ရောက် လာခဲ့သည့်အတွက် မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ပြုလုပ်သည်။ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်ပါရှိသူနှစ်ဦးကို သေနတ်နှစ်လက်အတွက် ဆုကြေးငွေကျပ်သိန်း ၁၀၀ နှင့်တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်ငါးသိန်းစီ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား ဝန်ခံကတိ လက်မှတ် ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထိုသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆို လက်ခံ၍ လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများပေးအပ်ခြင်း၊ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးခြင်း၊ မိဘအုပ်ထိန်းသူများထံ စနစ်တကျပြန်လည် လွှဲအပ်ခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဆန္ဒရှိသူများ ကျန်ရှိသေးကြောင်း သိရှိရသည်။ လူငယ်မောင်မယ်တို့၏အနာဂတ်ကို အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများက မဟုတ်မမှန် လှုံ့ဆော်ဝါဒဖြန့်ကာ ဖျက်ဆီးခဲ့ကြသဖြင့် လမ်းမှားသို့ရောက်သွားခဲ့ကြသည်။ လမ်းမှန်သို့ ပြန်လည်လျှောက်လှမ်းလာသူများကို နိုင်ငံတော်အစိုးရအနေဖြင့် မိဘချင်းကိုယ်ချင်းစာနာကာ ပြန်လည်ကြိုဆို လက်ခံလျက်ရှိသည်။ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက် များမှတစ်ဆင့် နည်းမျိုးစုံဖြင့်ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက် ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်ခြင်း မပြုမိစေရန်လိုအပ်သည်။ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်သူများကိုလည်း ဖော်ထုတ်အရေးယူလျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် လူငယ်မောင်မယ်များ လမ်းမှားသို့မရောက်ရှိရေး၊ လမ်းမှားသို့ရောက်နေသူများ ဥပဒေဘောင်အတွင်းပြန်လာရေး ဝိုင်းဝန်း ကြိုးပမ်းကြရန် ဖြစ်ပါကြောင်း။ ။