ဆီထွက်သီးနှံများအရည်အသွေးမြင့်စိုက်ပျိုးရေး
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအားဖြင့် ပြည်တွင်းမှထွက်ရှိသည့်ကုန်ပစ္စည်းများကို အရည်အသွေးမီမီ၊ အဆင့်အတန်းမြင့်မြင့်ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်ရေးကြိုးစားကြရမည်ဖြစ်သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကုန်ထုတ်လုပ်ငန်းများသည် မြန်မာနိုင်ငံ၏ အခြေခံလုပ်ငန်းများဖြစ်သည်။ ထိုအခြေခံ လုပ်ငန်းများကို ပိုမိုတိုးတက်အောင် ကြံဆောင်နိုင်ကြမည်ဆိုလျှင် နိုင်ငံ့စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ်သည်။
ဆန်စပါးကဲ့သို့ အရေးပါသော အခြားသီးနှံမှာ ဆီထွက်သီးနှံစိုက်ပျိုးမှုဖြစ်သည်။ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကိုအားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဆီစားသုံးမှုမှာ တစ်ဦးချင်းအနေဖြင့် မြင့်မားနေသည့်အတွက် နှစ်စဉ်ပြည်ပမှ စားအုန်းဆီတန်ချိန်များစွာ တင်သွင်းနေရသည်။ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် စားသုံးဆီတန်ချိန်ရှစ်သိန်းကျော် တင်သွင်းခဲ့ရသည်ဟု လေ့လာသိရှိရသည်။ မြန်မာနိုင်ငံအတွင်း ဆီထွက်သီးနှံများကိုပိုမိုစိုက်ပျိုးခြင်း၊ အရည်အသွေး အဆင့်အတန်းမြင့်မားအောင် တီထွင်ကြံဆခြင်းများ လုပ်ဆောင်နိုင်မည်ဆိုပါက နိုင်ငံခြား ငွေယိုဖိတ်မှုကို ကာကွယ်နိုင်မည်ဖြစ်သည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံ၍ ဆောင်ရွက်နေခြင်းဖြစ်ရာ စပါး၊ ပဲ၊ ပြောင်းနှင့်ဆီထွက်သီးနှံများ၊ နှစ်ရှည်သီးနှံများကို အောင်မြင်အောင်စိုက်ပျိုးပြီး ပန်းတိုင်ရည်မှန်းချက် အတိုင်းထွက်ရှိအောင် ကြိုးပမ်းကြရမည်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ဆောင်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း လေးမျိုးကိုစနစ်တကျဖြင့်ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေးအထွက်နှုန်းများ ကောင်းမွန်မည်ဖြစ်သည်။
ဆီထွက်သီးနှံ ပဲ၊ နှမ်း၊ ပြောင်းအထွက်များသော မကွေးတိုင်းဒေသကြီးကို မြန်မာနိုင်ငံ၏ဆီအိုးကြီးအဖြစ် တင်စားထားပါသည်။ ဒုတိယအထွက်များသော တနင်္သာရီတိုင်းဒေသကြီးကို ဒုတိယဆီအိုးကြီးအဖြစ် သတ်မှတ်ထားသည်။ လူတစ်ဦးသည် ကျန်းမာရေးနှင့်ညီညွတ်စေရန် တစ်ရက်လျှင် ဆီ ၁ ဒသမ ၈ ကျပ်သားမျှသာ စားသုံးရန်ဖြစ်သည်။ ဆီကိုလွန်ကဲစွာစားသုံးခြင်းမှာ ကျန်းမာရေးကိုထိခိုက်စေသည်။ စားသုံးဆီကို အဓိကသုံးမျိုးခွဲခြားနိုင်သည်။ မပြည့်ဝဆီ၊ ပြည့်ဝဆီနှင့် အသွင်ပြောင်းဆီတို့ဖြစ်သည်။ မပြည့်ဝဆီသည် သံလွင်ဆီ၊ မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီ၊ ပဲပိစပ်ဆီ၊ ပြောင်းဖူးစေ့ဆီ၊ ထောပတ်သီးဆီ စသည့်ဟင်းသီးဟင်းရွက်ဆီများ ဖြစ်သည်။
ပြည့်ဝဆီတွင် ဝက်ဆီ၊ အမဲဆီ၊ ကြက်ဆီ၊ စားအုန်းဆီ၊ နို့နှင့်နို့ထွက်ပစ္စည်းစသည်တို့ ပါဝင်ပြီး ကျန်းမာရေးကို အကျိုးပြုသည့် အဆီဓာတ်နှင့်အကျိုးမပြုသည့် အဆီဓာတ်ရောနှောပါဝင်သည်။ ပြည့်ဝဆီကို နည်းနိုင်သမျှ နည်းအောင် ဂရုပြုစားသင့်သည်။ စွမ်းအင်အာဟာရ စားသုံးမှုစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းအောက်လျှော့စားရမည် ဖြစ်သည်။ အကြိမ်ကြိမ်ပြန်ကြော်ထားသောဆီများ၊ ပြန်လည်သန့်စင်ထားသောဆီများသည် အသွင်ပြောင်းဆီ အမျိုးအစားတွင် ပါဝင်သည်။
ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန် လိုအပ်သကဲ့သို့ စားသုံးဆီများ ရည်ညွှန်းဈေးမှန်ကန်စေရေးနှင့် ပတ်သက်၍ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်တွင်ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၅^၂၀၂၃)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စားသုံးဆီ၊ စက်သုံးဆီများနှင့်ပတ်သက်၍ ရည်ညွှန်းဈေးမှန်ကန်ရေးနှင့် ဈေးကွက်အတွင်း ဖြစ်သင့်သည့် ဈေးနှုန်းထက်ပိုမို၍ ရောင်းချမှုမရှိစေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့အတူ ဆီထွက်သီးနှံစိုက်ပျိုးခြင်းနှင့် ပတ်သက်၍ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆီထွက်သီးနှံ (ဆီအုန်းမပါ)တွက်ချက်ကြည့်ပါက စိုက်ပျိုးဧက ၈ သိန်းစိုက်ပျိုးခဲ့ပြီး ဒေသအလိုက်အထွက်နှုန်းများအရ ဆီတန်ချိန် ၆ ဒသမ ၉ သိန်း ရရှိမည်ကို တွေ့ရှိရသည်။ အဆိုပါ ဆီထွက်သီးနှံများအားလုံးကို ဆီထုတ်လုပ်မည် ဆိုပါက တစ်နိုင်ငံလုံး ဆီဖူလုံမှုမှာ ၁၂၆ ဒသမ ၂ ရာခိုင်နှုန်းရှိသည်ကို တွေ့ရသည်။ သို့သော် မြေပဲ၊ နှမ်းစသည့် သီးနှံများကို အခြားနည်းများဖြင့် စားသုံးခြင်းများရှိသကဲ့သို့ ပြည်ပသို့ တင်ပို့ရောင်းချမှုများ ဆောင်ရွက်ခဲ့သည်။ မြေပဲနှင့်နှမ်းများကို ပြည်ပသို့တင်ပို့ခြင်းမရှိဘဲ ပြည်တွင်းဆီထုတ်လုပ်မှုအတွက် အသုံးပြုမည်ဆိုလျှင် ပြည်တွင်းစားသုံးဆီဖူလုံမှုကို ဖြစ်ပေါ်စေမည်ဖြစ်သည်။စိုက်ပျိုးဧကများအလိုက် ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ကြိုးစားဆောင်ရွက်ပါက မိမိတို့နိုင်ငံ၏ ဆီဖူလုံမှုမှာ ၂၄၉ ဒသမ ၅ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက နှစ်စဉ်ပြည်ပမှ ဒေါ်လာသန်း ၆၀၀ ဖိုးခန့်တင်သွင်းနေရသည့် ဆီတင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။
အနှစ်ချုပ်ဆိုရသော် ဆီထွက်သီးနှံများသည် စိုက်ပျိုးရေးကဏ္ဍကြီး၏ အဓိကသီးနှံများတွင် တစ်ခု အပါအဝင်ဖြစ်ပြီး GDP ကို တိုးတက်စေသဖြင့် ဆီထွက်သီးနှံများ အရည်အသွေးမြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး စုပေါင်းကြံဆလုပ်ဆောင်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။