စိတ်ကယောင်ချောက်ချားဖြစ်ခြင်းဆိုတာ ကိုဗစ်-၁၉ ရောဂါခံစားရတဲ့ သက်ကြီးရွယ်အိုတွေမှာ ဖြစ်လေ့ဖြစ် ထရှိတဲ့ရောဂါလက္ခဏာတစ်ခုပါ။ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတဲ့ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုသုံးယောက်မှာ တစ်ယောက်က ဒီလက္ခဏာကိုခံစားရလေ့ရှိပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပြီဆိုရင် အဖြစ်များတဲ့ရောဂါလက္ခဏာတွေက ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အားနည်း ခြင်း၊ အဆုတ်နဲ့သွေးထဲမှာ အောက်ဆီဂျင်ဓာတ်နည်းခြင်း၊ အသက်ရှူမဝခြင်းတို့ဖြစ်ပြီး အဲဒီနောက်မှာမှ စိတ်ကယောင်ချောက်ချားဖြစ်ခြင်းဆိုတာရှိတာပါ။ ဒီလိုစိတ်ကယောင်ချောက်ချားဖြစ်ခြင်းဟာ သက်ကြီးရွယ် အိုတွေအတွက်တော့ အလွန်ကိုမကောင်းတဲ့လက္ခဏာဖြစ်ပြီး သူတို့ရဲ့ သေဆုံးနိုင်ခြေကိုတောင်မှ မြင့်တက် စေတယ်လို့ သုတေသီတွေကပြောပါတယ်။
သုတေသီတွေကတော့ အမေရိကန်နိုင်ငံမှဖြစ်ပြီး သူတို့ဟာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ သက်ကြီးရွယ်အို ၈၁၇ ဦးကို စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ရာမှာ ၂၈ ရာခိုင်နှုန်းဖြစ်တဲ့ ၂၂၆ ဦးက စိတ်ကယောင် ချောက်ချားဖြစ် တာကိုတွေ့ရတယ်လို့ဆိုပါတယ်။
ပျမ်းမျှအားဖြင့် စိတ်ကယောင်ချောက်ချားဖြစ်သူတွေက အသက် ၇၈ နှစ်ဝန်းကျင်တွေဖြစ်ပြီး ဒီလက္ခဏာ ကိုခံစားရသူတွေအနက် ၃၇ ရာခိုင်နှုန်းဖြစ်တဲ့ ၈၄ ယောက်ကတော့ ပုံမှန်ဖြစ်နေကျ ကိုဗစ်-၁၉ ရောဂါ လက္ခဏာတွေဖြစ်တဲ့ ကိုယ်ပူတာမျိုး၊ အသက်ရှူမဝတာမျိုးဖြစ်လေ့မရှိပါဘူး။ ဒါ့အပြင် အဲဒီ ၈၄ ဦးကလည်း ဆေးရုံမှာပဲသေဆုံးသွားရပါတယ်။ ဒါကြောင့် စိတ်ကယောင်ချောက်ချားဖြစ်ခြင်းဟာ ကိုဗစ်-၁၉ ရောဂါဖြစ် ပွားနေတဲ့ သက်ကြီးရွယ်အိုတွေရဲ့သေဆုံးနိုင်ခြေကို ၂၄ ရာခိုင်နှုန်းအထိတိုးမြင့်စေပြီး အထူးကြပ်မတ် ကုသခန်းမှာနေရတဲ့သူတွေကတော့ သေဆုံးနိုင်ခြေ ၆၇ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။
စိတ်ကယောင် ချောက်ချားဖြစ်ခြင်းဆိုတာ ရုတ်တရက်ဖြစ်ပေါ်တဲ့အခြေအနေဖြစ်ပြီး လူတွေအနေနဲ့ စိတ်ရှုပ် ထွေးမယ်၊ တစ်ခုခုကိုရှင်းရှင်းလင်းလင်း မတွေးနိုင်တော့ဘူး၊ သွေးလေချောက်ချားမယ်၊ စိတ်တုန်လှုပ်မယ် စိတ်ခံစားချက်အမျိုးမျိုး ဖြစ်နေပါလိမ့်မယ်။ ဒီလိုဖြစ်ရခြင်းဟာ ဦးနှောက်ထဲမှာ ပြဿနာရှိနေလို့ဖြစ်လာ ရတာပါ။ ဒီလိုစိတ်ကယောင်ချောက်ချားဖြစ်လာပြီဆိုရင် ဝေဒနာခံစားရသူအများစုဟာ အပြင်းအထန် နာမကျန်း ဖြစ်တာမျိုးကနေ သေဆုံးတာမျိုးအထိဖြစ်နိုင်ပါတယ်။
ဘာကြောင့်လဲဆိုရင် သူတို့ရဲ့ခန္ဓာကိုယ်က အားနည်းသွားပြီး နေပြန်ကောင်းနိုင်ခြေနည်း သွားတာ ကြောင့်ဖြစ်ပြီး ဦးနှောက်အပေါ်သက်ရောက်မှုကတော့ ရေရှည် ဒါမှမဟုတ် တစ်သက်တာဖြစ်သွားပါလိမ့်မယ်။ အခုလိုမျိုး စိတ်ကယောင်ချောက်ချားဖြစ်စေဖို့အတွက် ဖန်တီးပေးတဲ့အကြောင်းတရားတွေက အသက်ကြီး ခြင်း၊ စိတ်ကျန်းမာရေးဆိုင်ရာ ကုသမှုခံယူဖူးခြင်း၊ သူတစ်ပါးကိုမှီခိုပြီးနေရခြင်း၊ အမြင်အာရုံ၊ အကြား အာရုံချို့တဲ့ခြင်း၊ လေသင်တုန်းဖြတ်ခြင်းနဲ့ ပါကင်ဆန်ရောဂါလို့ခေါ်တဲ့ အကြောအားနည်းပြီး ခြေလက်တုန်တဲ့ ရောဂါဖြစ်ခြင်းတို့ပဲဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ ဦးနှောက်ထဲအထိရောက်ရှိနိုင်တယ်ဆိုတာကို ယခင်သုတေသနတွေမှာကတည်းက သက်သေပြထားပြီးပါပြီ။ ဒီလိုမျိုး ဦးနှောက်ထဲကို ဗိုင်းရပ်ရောက်သွား ခြင်းကြောင့်လည်း ဦးနှောက်ထဲမှာ မူမမှန်မှုတွေဖြစ်ပြီး စိတ်ကျန်းမာရေးကို ပိုဆိုးစေတာဖြစ်ပါတယ်။ ဒါကြောင့် သက်ကြီးရွယ်အိုတွေမှာ စိတ်ကယောင်ချောက်ချားဖြစ်တဲ့ အခြေအနေမျိုးတ ွေတွေ့ရပြီဆိုရင် သူတို့ကိုပြုစုပေးနေရသူတွေအနေနဲ့ ပေါ့ဆမနေသင့်ဘဲ အဲဒီသက်ကြီးရွယ်အိုတွေဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရနိုင်တယ်လို့တွေးပြီး ကုသမှုတွေခံယူဖို့ လုပ်ဆောင်သင့်ပါတယ်။
နွေဦး