နှာခေါင်းတွင်းဖျန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လူသားများတွင်အသုံးပြုရန်အသင့်ဖြစ်ပြီ

ကမ္ဘာ့နိုင်ငံကြီးတွေမှာရှိတဲ့ ဆေးဝါးလုပ်ငန်းတွေဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အမျိုးမျိုး တီထွင်ကြံဆလာခဲ့ရာ အခုဆိုရင် နှာခေါင်းတွင်းဖျန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုပင် ရရှိလာပါပြီ။

အခုဖော်စပ်ထားတဲ့ နှာခေါင်းတွင်းဖျန်းကာကွယ်ဆေးက ကိုဗစ်-၁၉ ရောဂါကူးစက်မှုကနေ ၄၈ နာရီကြာ ကာကွယ်ပေးနိုင်ပြီး မကြာခင်ဗြိတိန်နိုင်ငံရှိ ပြည်သူများ အသုံးပြုခွင့်ရတော့မှာဖြစ်ပါတယ်။ နှာခေါင်းတွင်း ဖျန်းဆေးရည်ကို လူသားတွေအတွက် အသုံးပြုခွင့်ရှိထားပြီးဖြစ်တဲ့ ဓာတုပစ္စည်းနှစ်မျိုးကို အသုံးပြုထားတာ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်က လူသားတွေရဲ့ကလာပ်စည်းမှာမတွယ်ကပ်နိုင်အောင် ထိန်းချုပ်ပေးထားနိုင် တယ်လို့ ဓာတ်ခွဲခန်းရဲ့ သုတေသနတွေမှာတွေ့ရပါတယ်။

နှာခေါင်းတွင်းဖျန်းဆေးရည်မှာ အဓိကပါဝင်တဲ့ ပစ္စည်းနှစ်မျိုးကတော့ ကာရာဂီးနန်နဲ့ဂျယ်လန်တို့ဖြစ်ပါတယ်။ သူတို့နှစ်မျိုးစလုံးဟာ လူသားတွေအတွက်အစားအစာမှာ အသုံးပြုနိုင်တဲ့ပစ္စည်းတွေပါ။ ဒါကြောင့် ဒီပါဝင် ပစ္စည်းတွေက လူသားတွေအတွက် အသုံးပြုခွင့်ရရှိထားပြီးသား ပစ္စည်းတွေဖြစ်တာကြောင့် ဒီပစ္စည်းတွေကို အသုံးပြုပြီးထုတ်လုပ်ထားတဲ့ နှာခေါင်းတွင်းဖျန်းဆေးရည်က တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်ရပြီဆိုတာနဲ့ လူသားတွေမှာ အသုံးပြုခွင့်ရရှိတော့မှာဖြစ်တယ်လို့ ဆေးရည်ကိုဖန်တီးသူများဖြစ်တဲ့ ဘာမင်ဂမ်တက္ကသိုလ် မှ သုတေသနပညာရှင်များက ပြောထားပါတယ်။

နှာခေါင်းတွင်းဖျန်း ဆေးရည်ကိုဖျန်းလိုက်တဲ့အခါ အထဲကပါဝင်ပစ္စည်းတွေကြောင့် နှာခေါင်းနံရံကို အလွှာ တစ်ထပ်အုပ်လိုက်သလိုဖြစ်သွားပါလိမ့်မယ်။ တကယ်လို့များ ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေတဲ့ နိုဗယ်ကိုရိုနာ ဗိုင်းရပ်က နှာခေါင်းအတွင်းဝင်လာလို့ အုပ်ထားတဲ့အလွှာနဲ့ ထိတွေ့မိပြီဆိုရင် အဲဒီအလွှာကဗိုင်းရပ်ကို ရှေ့ဆက်မတိုးနိုင်အောင် ဖမ်းချုပ်ထားပါလိမ့်မယ်။ ပြီးရင် ဝမ်းဗိုက်ထဲကို မျိုချမိစေခြင်းဖြင့် လည်းကောင်း၊ နှာခေါင်းကိုညှစ်လိုက်ခြင်းဖြင့်လည်းကောင်း ဗိုင်းရပ်ကိုစွန့်ထုတ်လိုက်ပါတယ်။

အခုဖန်တီးထားတဲ့ နှာခေါင်းတွင်းဖျန်းဆေးရည်က ရောဂါကူးစက်နိုင်ခြေအလွန်မြင့်မားတဲ့ အခြေအနေ မျိုးတွေမှာတောင်မှ အသုံးဝင်တဲ့ ကာကွယ်ဆေးဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဘယ်လိုအခြေ အနေမျိုးတွေလဲဆိုရင် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ ရှေ့တန်းမှကျန်းမာရေး ဝန်ထမ်း များ၊ လေယာဉ်စီးနင်းသူများနဲ့ စာသင်ခန်းအတွင်းမှာ ဖြစ်ပါတယ်။

နှာခေါင်းတွင်း ဖျန်းဆေးရည်က ကိုဗစ်-၁၉ ရောဂါကိုကာကွယ်ပေးနိုင်တယ်ဆိုပေမယ့်လည်း  ရောဂါကူးစက် မှုနှုန်းအလွန်မြင့်မားနိုင်တဲ့ နေရာမျိုးတွေမှာတော့ တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာနေခြင်း၊ နှာခေါင်းစည်းများ တပ်ခြင်းလိုမျိုး ကြိုတင်ကာကွယ်မှုတွေကိုတော့ လုပ်သင့်ပါတယ်လို့ သုတေသီတွေက သတိပေးထားပါ တယ်။ စတန်းဖို့တက္ကသိုလ်မှသိပ္ပံပညာရှင်များကလည်း အလားတူ နှာခေါင်းတွင်းဖျန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကိုဖန်တီးနိုင်ဖို့ကြိုးပမ်းနေပါတယ်။

ဒါပေမဲ့ သူတို့က အစားအစာတွေအတွက် အသုံးပြုခွင့်ရရှိပြီးသား ပါဝင်ပစ္စည်းတွေကို အသုံးပြုမှာမဟုတ်ဘဲ ကြက်ဥတွေကနေရယူထားတဲ့ ကြက်တွေရဲ့ ပဋိပစ္စည်းတွေကို အသုံးပြုမှာဖြစ်ပါတယ်။ ကြက်တွေ ဟာလူတွေ လိုပဲ ရောဂါကူးစက်မှုကနေကာကွယ်ဖို့အတွက် ပဋိပစ္စည်းတွေကို ထုတ်လုပ်ပါတယ်။ လူတွေနဲ့မတူတာက ရောဂါကိုတိုက်ထုတ်မယ့် ဓာတုပစ္စည်းအလျှံပယ်ကို ကြက်ဥတွေမှာ တွေ့ရလေ့ရှိပါတယ်။

အခုလိုမျိုး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းတွင်းဖျန်းဆေးရည်တွေကို အပြိုင်အဆိုင် ထုတ်လုပ် နေကြတာဟာ  အထိရောက်ဆုံးဖြစ်တဲ့နည်းလမ်း မဟုတ်သလို ရောဂါကူးစက်မှုကိုလည်းအပြည့် အဝကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုရင် နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ မျက်စိ သို့မဟုတ် ပါးစပ်ကနေတစ်ဆင့်လည်း အသက်ရှူလမ်း ကြောင်း ထဲကို ရောက်နိုင်တာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် နှာခေါင်းတွင်းဖျန်းဆေးရည် တွေထွက်ပေါ် လာပေမယ့် အာနိသင်ထိရောက်မှုရှိတဲ့ ကာကွယ်ဆေးတွေ လက်ဝယ်မရမချင်းကာလပတ်လုံး ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ရေးအတွက် အခြေခံအကျဆုံး လုပ်ငန်းတွေကိုတော့ မဖြစ်မနေလုပ်နေရဦးမှာပါ။

နွေဦး