ပြိုင်ဘက်အုပ်စုများကြား ကမ္ဘာ့စီးပွားရေးနှစ်ခြမ်းကွဲနိုင်ဟု ECB ဥက္ကဋ္ဌသတိပေး

ပြိုင်ဘက်အုပ်စုများကြား ကမ္ဘာ့စီးပွားရေးနှစ်ခြမ်းကွဲနိုင်ဟု ECB ဥက္ကဋ္ဌသတိပေး

 

    လက်ရှိဖြစ်ပွားလျက်ရှိသော  ပထဝီနိုင်ငံရေး အခြေအနေ   တင်းမာမှုများ မြင့်တက်လာခြင်းသည် ကမ္ဘာ့စီးပွားရေးကြီး တစ်ခုလုံး ကျဆင်းမှုလုပ်ငန်းစဉ်ကို လျင်မြန်စေကြောင်းနှင့် ပြိုင်ဘက်အုပ်စုများကြားတွင် ကမ္ဘာ့စီးပွားရေးမှာ  နှစ်ခြမ်း ကွဲသွားနိုင်ကြောင်း ဥရောပဗဟိုဘဏ်(ECB) ဥက္ကဋ္ဌ ခရစ္စတင်းလာဂါဒီက နိုဝင်ဘာလ ၁၇ ရက်တွင် သတိပေးသည်။

ယခုအခါ ဥရောပဒေသသည်  အရေးကြီးသော လမ်းဆုံနေရာတွင် ရောက်ရှိနေကြောင်း၊ ကမ္ဘာ့စီးပွားရေးကျဆင်းမှု၊ လူဦးရေ ကျဆင်းမှု၊ ကာဗွန်ကင်းစင်ရေး လုပ်ဆောင်မှု အစရှိသည့် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရကြောင်း ခရစ္စတင်းလာဂါဒီက ဆက်ပြောသည်။

ထို့ပြင်အစိုးရများတင်ရှိနေသည့် ကြွေးမြီပမာဏသည် ဒုတိယကမ္ဘာစစ်ပြီးနောက် အမြင့်ဆုံးအနေအထားကိုရောက်ရှိ နေကြောင်း၊ ဥရောပ၏ပြန်လည်ထူထောင်ရေး ရန်ပုံငွေမှာလည်း  ၂၀၂၆ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ကြောင်း   ၎င်းကဆိုသည်။

ထိုသို့သောအခြေအနေတွင် ဘဏ်များက အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ရမည်ဖြစ်သော်လည်း များစွာအရဲစွန့်မှုကို မြင်တွေ့ရနိုင်ခြေမရှိကြောင်း ခရစ္စတင်းလာဂါဒီက ပြောသည်။

စီးပွားရေးပြိုကွဲသွားသည့် ကမ္ဘာကြီးတွင် ငွေကြေးဖောင်းပွမှုက  ပိုမိုမြင့်မားလာကာ ဘဏ္ဍာရေး အခြေအနေများကလည်း တည်ငြိမ်မှု မရှိနိုင်တော့ကြောင်း ECB ကထုတ်ပြန်ထားသည်ဟု သိရသည်။