ယူကရိန်း၌ အမြောက်ဗုံးသီးများ နည်းပါးနေပြီဟုဆို

ယူကရိန်း၌ အမြောက်ဗုံးသီးများ နည်းပါးနေပြီဟုဆို

 

    အစ္စရေးက ဟားမတ်တို့အပေါ် စစ်ဆင်ရေး စတင်ဆောင်ရွက်ကတည်းက ယူကရိန်းအနေဖြင့် အမြောက်ဗုံးသီး အနည်းငယ်သာ ရရှိတော့ကြောင်းနှင့် ယခုအခါ ဗုံးသီးများနည်းပါးနေပြီဖြစ်ကြောင်း ယူကရိန်း သမ္မတဇီလန်စကီကပြောသည်။

လက်ရှိတွင်   စစ်ဖြစ်နေသောနိုင်ငံများကြား အမြောက်ဗုံးသီး လိုအပ်ချက်များ မြင့်မားလာလျက်ရှိပြီး အထူးသဖြင့် ၁၅၅ မမဗုံးသီးများဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

အမေရိကန်အနေဖြင့်   ဂါဇာတွင် စစ်ဆင်ရေးဆင်နွှဲနေသော အစ္စရေးနိုင်ငံသို့ လက်နက်များကို တိုးမြှင့်တင်ပို့နေကြောင်း Bloomberg  သတင်းဌာနက  ယခုသီတင်းပတ် အစောပိုင်းတွင် ထုတ်ပြန်ထားသည်။

အမေရိကန်က  အစ္စရေးသို့ပေးပို့နေသော လက်နက်၊ ခဲယမ်းများတွင် ၁၅၅ မမဗုံးသီး အလုံးရေ ၅၇၀၀၀ ပါဝင်ကြောင်း နှင့် ထိုလက်နက်၊   ခဲယမ်းများသည် ပင်တဂွန်လက်နက်တိုက်ထဲမှဖြစ်ကြောင်း သတင်းဌာနကဆက်လက် ဖော်ပြထားသည်။

ထို့အတူ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများကလည်း လက်တွင်းရှိလက်နက်၊ ခဲယမ်းများမှနေ၍ ယူကရိန်းသို့ ယခုထက်ပို၍ မထောက်ပံ့နိုင်တော့ကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာမူဝါဒ အကြီးအကဲ ဂျိုးဆပ်ဘော်ရဲက မကြာသေးမီက သတိပေးထားသည်။

ဥရောပသမဂ္ဂအနေဖြင့် ယူကရိန်းသို့ အမြောက်ဗုံးသီးအလုံးရေ သုံးသိန်းကျော်ကို ထောက်ပံ့ပေးထားပြီးဖြစ်ကြောင်း၊ ယခုအခါ လက်တွင်းရှိ လက်နက်၊ ခဲယမ်းများမှာ လျော့နည်းနေပြီဖြစ်ကြောင်း  ဂျိုးဆပ်ဘော်ရဲက ပြောထားခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင်  လာမည့်နှစ် မတ်လအရောက်တွင်  ယူကရိန်းသို့ အမြောက်ဗုံးသီးအလုံးရေ  တစ်သန်းထောက်ပံ့ပေးမည်ဟူသော ကတိကို တည်နိုင်တော့မည် မဟုတ်ကြောင်း၊ အကြောင်းရင်းမှာ ဥရောပ၌ ထုတ်လုပ်မှုပမာဏက မလုံလောက်သောကြောင့်ဖြစ်ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ္စတိုးရီးယက်က ပြောထားသည်။