အစ္စရေးတို့၏ စစ်ဆင်ရေးကြောင့် ဂါဇာ၌သေဆုံးသူ ၁၂၀၀၀ ကျော် အထိရှိလာ
အစ္စရေးတို့၏ စစ်ဆင်ရေးကြောင့် ဂါဇာ၌ သေဆုံးသူဦးရေမှာ ၁၂၀၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း ဂါဇာအစိုးရ မီဒီယာရုံးက ထုတ်ပြန်ထားသည်။
အစ္စရေးနှင့်ဟားမတ်တို့ကြား ပဋိပက္ခသည် အောက်တိုဘာလ ၇ ရက်ကတည်းက စတင်ဖြစ်ပွားခြင်းဖြစ်ပြီး ယခုအချိန် အထိ ဂါဇာ၌ သေဆုံးသူ ၁၂၀၀၀ ကျော်ရှိလာခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနက် ကလေးငယ်အယောက် ၅၀၀၀ ကျော်နှင့် အမျိုးသမီး ၃၃၀၀ ကျော်ပါဝင်ကြောင်း မီဒီယာရုံး၏ နိုဝင်ဘာလ ၁၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ အဆိုပါအချိန်အတောအတွင်း ဒဏ်ရာရရှိသူ အရေအတွက်မှာ အယောက် ၃၀၀၀၀ ကျော်အထိ ရှိကြောင်း မီဒီယာရုံး ညွှန်ကြားရေးမှူးချုပ် အစ္စမေးအယ်သာဝပ်တာက ပြောသည်။
၎င်းအပြင် အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် ပျောက်ဆုံးနေသူ ၃၇၅၀ ရှိပြီး ထိုအထဲတွင် အပျက်အစီးများအောက်၌ ရောက်ရှိနေသည့် ကလေးငယ် ၁၈၀၀ ကျော်ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
အစ္စရေးတို့က ဂါဇာရှိ ဆေးရုံများကို တမင်တကာ ပစ်မှတ်ထားပြီး တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ သို့မှသာ ပါလက်စတိုင်းပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှုမရဘဲ နေရာရွှေ့ပြောင်းမှုများ လုပ်ရမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်ပြောသည်။
မကြာသေးမီက အစ္စရေးက ဂါဇာရှိအကြီးဆုံး ဆေးရုံကို တိုက်ခိုက်သိမ်းပိုက် လိုက်နိုင်ပြီးနောက် ဟားမတ်တို့သည် ထိုဆေးရုံကို စစ်ရေးရည်ရွယ်ချက် အတွက် အသုံးချနေကြောင်း စွပ်စွဲထားသည်။ သို့သော် ဟားမတ်အဖွဲ့နှင့် ဆေးရုံ တာဝန်ရှိသူများက အစ္စရေး၏ စွပ်စွဲချက်ကိုငြင်းဆိုထားကြောင်း သိရသည်။