ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ သက်ကြီး ဆရာဝန်ကြီးများအား ပုံမှန်ကျန်းမာရေး စစ်ဆေးမှု(ဒုတိယအကြိမ်) ဆောင်ရွက်ပေး

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ သက်ကြီး ဆရာဝန်ကြီးများအား ပုံမှန်ကျန်းမာရေး စစ်ဆေးမှု(ဒုတိယအကြိမ်) ဆောင်ရွက်ပေး

 

နေပြည်တော်  နိုဝင်ဘာ  ၁၉

    ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ရန်ကုန်မြို့ရှိ အသက် ၇၀ နှစ်နှင့်အထက် သက်ကြီး ဆရာဝန်ကြီးများအား ခြောက်လတစ်ကြိမ် ပုံမှန်ကျန်းမာရေး စစ်ဆေးမှု (Medical Check-up)ကို ဆောင်ရွက်ပေးပြီး လိုအပ်သော ဆေးဝါးများကို ပုံမှန်ထောက်ပံ့ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး  အထူးကုပြင်ပ လူနာဌာန၌ ဒုတိယအကြိမ် ပုံမှန်ကျန်းမာရေး စစ်ဆေးမှု ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါကျန်းမာရေး စစ်ဆေးမှုကို ရန်ကုန်မြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီးများမှ သက်ကြီးရွယ်အို ဆေးပညာနှင့် ဓာတ်မှန်ပညာဌာန ပါမောက္ခ/ဌာနမှူးများ၊ ဘာသာရပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုအုပ်ကြီးနှင့် သူနာပြုများ၊  ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများနှင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရောဂါဗေဒဌာန ပါမောက္ခ ဦးဆောင်သော အဖွဲ့တို့က ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်း၊ Ultrasound  ရိုက်ကူးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG)၊ သက်ကြီး ရွယ်အိုဆိုင်ရာ   ကျန်းမာရေး စစ်ဆေးမှု (Geriatric assessment) ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါကျန်းမာရေး စစ်ဆေးမှုတွင် သက်ကြီးဆရာဝန်ကြီး ၁၇၂ ဦးအား ကျန်းမာရေး စစ်ဆေးကုသမှုပေးခဲ့ကာ ဆီးချိုသွေးချိုရောဂါရှိသူ သက်ကြီးဆရာဝန်ကြီးများ အသုံးပြုရန် သွေးချိုတိုင်းစက်(Glucometer) ၁၅၀ ခု ထောက်ပံ့ပေးခဲ့ ကြောင်း သတင်းရရှိသည်။