ရုရှား၏ Lancet ဒရုန်းများ ယူကရိန်းစစ်မြေပြင်တွင် အစွမ်းပြလျက်ရှိဟုဆို

ရုရှား၏ Lancet ဒရုန်းများ ယူကရိန်းစစ်မြေပြင်တွင် အစွမ်းပြလျက်ရှိဟုဆို

 

    ယူကရိန်းစစ်မြေပြင်တွင် ရုရှားစစ်ဘက်က အသုံးပြုလျက်ရှိသည့် Lancetဒရုန်းများသည် အကောင်းဆုံး လက်စွမ်းပြလျက်ရှိကြောင်း အမေရိကန်သတင်းဌာနတစ်ခုက ဖော်ပြထားသည်။

နောက်ဆုံးပေါ်နည်းပညာမြင့် Lancet ဒရုန်းများသည် အသေခံဒရုန်းများဖြစ်ပြီး ထိုဒရုန်းများသည် ယူကရိန်းတပ်မတော်ကို  ကြီးစွာသောခြိမ်းခြောက်မှု တစ်ခုဖြစ်လာကြောင်း ရုရှားတပ်မတော်က ထုတ်ပြန်သည့် ဗီဒီယိုကို ကိုးကားပြီး အဆိုပါ သတင်းဌာနက ဖော်ပြထားခြင်းဖြစ်သည်။

ထိုဗီဒီယိုအရ  Lancet  ဒရုန်းတွင် တပ်ဆင်ထားသော ထိပ်ဖူးများသည် လေကွဲအမျိုးအစားများဖြစ်ပြီး  ပစ်မှတ်အနီးတွင် ပေါက်ကွဲကာ ယင်းပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် အစများက ပစ်မှတ်ဆီသို့ ထိုးဖောက်ဝင်ရောက်သွားခြင်း ဖြစ်နိုင် သည်ကို တွေ့ရသည်။

ရုရှားတပ်မတော်သည် ယူကရိန်း၏ တန်ပြန်တိုက်စစ်ကို ထိန်းချုပ်နိုင်ရေးအတွက် Lancet ဒရုန်းအပါအဝင် အခြားသော ဒရုန်းအမျိုးမျိုးကို  ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိသည်။

ယူကရိန်းစစ်ဘက်၏ ယာဉ်ဆွဲအမြောက်များ၊ သံချပ်ကာယာဉ်များ၊ အတွဲလိုက် ဒုံးပစ်လောင်ချာများ အပါအဝင် စစ်လက်နက်ပစ္စည်းများကို သာမက ကွပ်ကဲမှုစခန်းများ၊ အကဲကြည့်စခန်းများနှင့် စစ်သည်များကို ချေမှုန်းနိုင်ရေးအတွက်  အဆိုပါဒရုန်းများကို အသုံးပြုလျက်ရှိကြောင်း သိရသည်။