ပြည်သူ့အကျိုးအတွက် IT သုတေသနများ ကြိုးပမ်းဆောင်ရွက်

ပြည်သူ့အကျိုးအတွက်  IT  သုတေသနများ ကြိုးပမ်းဆောင်ရွက်

 

မန္တလေး  နိုဝင်ဘာ  ၁၉

    သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာအောင်ဇေယျသည် ယမန်နေ့နံနက်ပိုင်းက   အိန္ဒိယသမ္မတနိုင်ငံ၏  နည်းပညာ အထောက်အပံ့ဖြင့် တည်ထောင်ဖွင့်လှစ်ခဲ့သော  မန္တလေးမြို့ရှိ မြန်မာသတင်း အချက်အလက် နည်းပညာ တက္ကသိုလ် (Myanmar Institute of Information Technology - MIIT)၌ လုပ်ငန်းဆောင်ရွက်နေမှု  အခြေအနေများကို     သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက သုတေသနလုပ်ငန်းများကို ပြည်သူများ၏ လူမှုဘဝမြှင့်တင်မှုမှသည် ရေရှည်အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန်၊ စွန့်ဦးတီထွင် လုပ်ငန်းများ MSMEs များ  ဖွံ့ဖြိုးတိုးတက်ရေးမှသည်  နိုင်ငံ့စီးပွား မြှင့်တင်ရာတွင် အထောက်အကူပြုနိုင်ရန်အထိ  ရည်ရွယ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံ တကာနှင့် ရင်ပေါင်တန်းကာ IT  နည်းပညာများ နောက်ကျမကျန်ခဲ့ရအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပရှိ ဆက်စပ် တက္ကသိုလ်/ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရန် လိုအပ်ကြောင်း မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို    ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 

ယင်းနောက်  ဒုတိယဝန်ကြီးသည် စာကြည့်တိုက်၊  စာသင်ခန်းများနှင့်  သိပ္ပံလက်တွေ့ခန်းများတွင် ကျောင်းဖွင့်ချိန် မတိုင်မီ ပြင်ဆင်ထားမှုများ၊ Robotics Lab ၊Communication La ၊ Embedded System La ၊ Control System La ၊ Computer Networking La ၊ Elec-tronics Lab  နှင့်  အခြား Lab  တို့တွင် လက်တွေ့သင်ထောက်ကူ ပစ္စည်းများဖြည့်ဆည်းထားရှိမှုများ၊ ကျောင်းသား၊ ကျောင်းသူများ၏ သုတေသနများဖြစ်သည့် Online Book Store System ၊ Online Flight Ticket Reservation System၊  Smart HR Syste ၊ Electronic Product Recommendation Systemနှင့် အခြား သုတေသနများကို ကြည့်ရှုစစ်ဆေးပြီး AI   ဆိုင်ရာ သုတေသနများ၊  ပြန်ပြည့်မြဲ စွမ်းအင်အခြေပြု Smart Grid နှင့် EV  များတွင် အသုံးပြုသည့် IT သုတေသနများ၊ Cyber Security ဆိုင်ရာ သုတေသနများကို ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။