ပြည်တွင်းသကြားစက်ရုံများ ကြံကြိတ် ရာသီအတွက် စတင်ပြင်ဆင်

ပြည်တွင်းသကြားစက်ရုံများ ကြံကြိတ် ရာသီအတွက် စတင်ပြင်ဆင်

 

    ပြည်တွင်းရှိ သကြားစက်ရုံများသည်  ကြံကြိတ်ရာသီအတွက် စတင်ပြင်ဆင်သည့် အနေဖြင့် စက်ရုံအရောက်   ကြံတစ်တန်လျှင် ငွေကျပ် ၁၅၀၀၀၀ အထိ ဈေးတိုးမြှင့် ဝယ်ယူလာကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ထိုသို့ သကြားစက်ရုံများမှ ကြံဈေးနှုန်းများ တိုးမြှင့်ပေး၍ ဝယ်ယူလာသောကြောင့် ယခုနှစ်  ကြံစိုက်တောင်သူများအနေဖြင့်  အကျိုးအမြတ် များစွာရရှိနိုင်မည့်အပြင် လာမည့်ကြံစိုက်ရာသီတွင် ကြံစိုက်ဧကများ တိုးချဲ့စိုက်ပျိုးရန်     အဆင်ပြေ လာနိုင်ကြောင်း၊ သကြားစက်ရုံများ အနေဖြင့်လည်း  ကုန်ကြမ်းလုံလောက်စွာရရှိပြီး  စက်ရုံ၏ကြံကြိတ် စွမ်းအားအပြည့် လည်ပတ်ဆောင် ရွက်နိုင်ကာ သကြားများ ပိုမိုထုတ်လုပ်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ကြံကြိတ်ရာသီအတွက် သကြားစက်ရုံတွေက  စက်ရုံအရောက်  ကြံတစ်တန်ကို ငွေကျပ် ၁၅၀၀၀၀ အထိ တိုးပေးလာတာက   ကမ္ဘာ့သကြားဈေးရော  ပြည်တွင်း သကြားဈေးပါ အမြင့်ပိုင်းမှာ ရောက်ရှိနေတဲ့အတွက်    တောင်သူတွေ အနေနဲ့လည်း အကျိုးအမြတ်ခံစားရအောင် ဈေးပိုပေးတဲ့ သဘောပါ။   နှစ်စဉ်ကြံကြိတ်ရာသီက နိုဝင်ဘာလ နောက်ဆုံးပတ်ကနေ  ဧပြီလ အထိပါ။ အခုဆိုရင် သကြားစက်ရုံတွေက   ကြံကြိတ်ရာသီအတွက်  စတင်ပြင်ဆင်နေပါပြီ”ဟု မြန်မာနိုင်ငံ  သကြားနှင့်ကြံ ထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းဌေးကပြောသည်။

လက်ရှိ ပြည်တွင်း၌ စုစုပေါင်းကြံစိုက် ဧက  ၄၅၀၀၀၀  ဝန်းကျင်ရှိပြီး  တစ်နိုင်ငံလုံး၌ သကြားစက်ရုံပေါင်း ၂၄  ရုံရှိကာ နှစ်စဉ် ပြည်တွင်းရှိ သကြားစက်ရုံများ ကြံ ကြိတ်သည့်ကာလမှာ   နိုဝင်ဘာလနောက် ဆုံးပတ်မှ  ဧပြီလအထိဖြစ်ကြောင်း၊  ထို သကြားစက်ရုံများမှ    ထွက်ရှိလာသော သကြားများကို ပြည်တွင်းစားသုံးမှုဖူလုံစေ ရန် အဓိကထားဖြန့်ဖြူးလျက်ရှိပြီး ပိုလျှံ သောသကြားများကို   ဗီယက်နမ်နိုင်ငံသို့ ဦးစားပေး တင်ပို့လျက်ရှိကြောင်း     သိရသည်။

မြန်မာနိုင်ငံတွင်  ကြံကိုစစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၌ အများဆုံးစိုက်ပျိုး ပြီး ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတို့၌ ဒုတိယအများ ဆုံးစိုက်ပျိုးကြကာ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့၌လည်း အနည်းငယ် စိုက်ပျိုးမှုရှိကြောင်း သိရသည်။