နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူ

နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူ

 

နေပြည်တော် နိုဝင်ဘာ ၁၉

နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့ရပ်ကွက် မဟာဝိသုဒ္ဓါရုံတိုက်သစ် စည်ရှင်ကျောင်းဆရာတော် ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသ၏ ထေရုပ္ပတ္တိ အကျဉ်း

ဖွားမြင်တော်မူခြင်း

    ဆရာတော်လောင်းလျာသည်   စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ် ဘုမ္မနိုးဆင်ကျွန်းရွာ ခမည်းတော် ဦးအောင်ကျော်+မယ်တော်ဒေါ်သိန်းမိတို့မှ ၁၃၀၀ ပြည့်နှစ် နတ်တော်လဆန်း ၁၃ ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပါသည်။

ရှင်ရဟန်းပြုတော်မူခြင်း

    ဆရာတော်လောင်းလျာသည် ၁၃၁၂ ခုနှစ် ကဆုန်လဆန်း ၈ ရက်တွင်  မုံရွာမြို့နယ်  ဘုမ္မနိုးဆင်ကျွန်းရွာ တောင်ကျောင်းဆရာတော် ဘဒ္ဒန္တသောဘိတကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၂၀ပြည့်နှစ်  ပထမဝါဆိုလဆန်း  ၁၄  ရက်တွင် မုံရွာမြို့နယ် ဘုမ္မနိုးဆင်ကျွန်းရွာ  ဥဒကုက္ခေပသိမ်၌ ဆားလင်းကြီးမြို့နယ်  ငါးခုန်ကျေးရွာ  ဒက္ခိဏာရာမကျောင်း ဆရာတော် ဘဒ္ဒန္တနန္ဒကို ဥပဇ္ဈာယ်ပြုလျက် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။

ပရိယတ္တိစာပေသင်ယူဆည်းပူးတော်မူခြင်း

    ဆရာတော်လောင်းလျာသည်  ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာ သာသနဟိတကာရီသိင်္ဂါရုံကျောင်း  ဆရာတော်  ဘဒ္ဒန္တစန္ဒောဘာသ၊ မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ် စည်ရှင်ကျောင်း ပိုက်ကျုံးဆရာတော် ဘဒ္ဒန္တဇာနေယျဗုဒ္ဓီဘိဝံသ၊ အသောကဆရာတော် ဘဒ္ဒန္တသုဝဏ္ဏဇောတျာဘိဝံသ စသောဆရာတော်များထံတွင် ပရိယတ္တိစာပေများကို သင်ယူဆည်းပူးတော်မူခဲ့ပြီး ၁၃၂၄ ခုနှစ်တွင် သာသနဓဇဓမ္မာ စရိယဘွဲ့၊ ၁၃၂၅ ခုနှစ်တွင် ဝိနယပါဠိပါရဂူဘွဲ့၊ ၁၃၂၆ ခုနှစ်တွင် ပရိယတ္တိသာသနဟိတ ဓမ္မာစရိယဘွဲ့တို့ကို ရရှိတော်မူခဲ့ပါသည်။

သာသနာရေးအားပေးဆောင်ရွက်တော်မူခြင်း

    ဆရာတော်သည် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်   မဟာဝိသုဒ္ဓါရုံတိုက်သစ်နှင့်   စိန်ပန်းရပ် ဝိသုဒ္ဓါရုံ ရွှေဘုန်းဝန်ကျောင်းတို့၌ စာသင်သား ရဟန်းသာမဏေများအား ပရိယတ္တိစာပေများ သင်ကြားပို့ချ ပေးတော်မူခဲ့ခြင်း၊ စာပေကျမ်းဂန်များ ရေးသားပြုစု တော်မူခဲ့ခြင်း၊ ၁၃၄၂ ခုနှစ်တွင် ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းကြီး ပေါ်ပေါက်လာရာ   ပထမ ၅ နှစ် သက်တမ်း၌ ဝိနည်းဓိုရ်အဖြစ် လည်းကောင်း၊ ဒုတိယ ၅ နှစ်သက်တမ်းနှင့် တတိယ ၅ နှစ်သက်တမ်းတို့တွင် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ နိုင်ငံတော်ဝိနည်းဓိုရ်၊ ပညာရေးဗဟိုအဖွဲ့ဝင်    ဆရာတော်အဖြစ် လည်း ကောင်း၊ စတုတ္ထ ၅ နှစ်သက်တမ်းတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်အဖြစ် လည်းကောင်း ယနေ့အထိ နိုင်ငံတော်သြဝါဒါ စရိယနှင့် ရွှေကျင်နိကာယဥပ ဥက္ကဋ္ဌ မဟာနာယက တွဲဖက်ရွှေကျင်သာသနာပိုင် ဆရာတော်အဖြစ် လည်းကောင်း သာသနာ့တာဝန်များကို   ထမ်းဆောင်တော်မူခဲ့ပါသည်။

ဘွဲ့တံဆိပ်တော်အလှူခံရရှိတော်မူခြင်း

    ဤသို့လျှင် ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သော ဝီရိယဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သော သာသနဓုရာဝဟဂုဏ်၊ အဂ္ဂမဟာပဏ္ဍိတ လဒ္ဓလဉ္ဆနဂုဏ်၊ ရတ္တညူမဟာနာယကဂုဏ်၊ ပိဋကတ္တယဆေကဂုဏ်၊ ခမာဇာဂရိယဂုဏ်၊ လဇ္ဇီပေသလသိက္ခာကာမဂုဏ် စသည်တို့နှင့် ပြည့်စုံတော်မူခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၁၃၆၀ ပြည့်နှစ်တွင် “အဂ္ဂမဟာပဏ္ဍိတဘွဲ့” နှင့် ၁၃၈၂ ခုနှစ်တွင် “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်မြတ်တို့ကို ဆက်ကပ် လှူဒါန်းခဲ့ပါသည်။

ဘဝနတ်ထံပျံလွန်တော်မူခြင်း

    ဆရာတော်ကြီးသည်  သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော် ၈၅ နှစ်၊ သိက္ခာတော် ၆၆ ဝါအရ ၁၃၈၅ ခုနှစ်  တန်ဆောင်မုန်းလဆန်း ၇ ရက်၊ (၁၉-၁၁-၂၀၂၃)၊ တနင်္ဂနွေနေ့၊ နံနက် ၉ နာရီ ၃၃ မိနစ်တွင်   ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း သာသနာရေး ဦးစီးဌာနမှ သတင်းရရှိပါသည်။