နိုဝင်ဘာလအတွင်း ယူကရိန်းဘက်က ဆုံးရှုံးမှု အလွန်များပြားဟု ရုရှားထုတ်ပြန်
နိုဝင်ဘာလအတွင်း စစ်မြေပြင်၌ ယူကရိန်းဘက်မှ ဆုံးရှုံးမှု အလွန်များပြားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂူက နိုဝင်ဘာလ ၂၁ ရက်တွင် ပြောသည်။
ယခုလအစပိုင်းမှစ၍ ယူကရိန်းဘက်က စစ်သည်အင်အား ၁၃၇၀၀ ကျော်၊ စစ်လက်နက်ပစ္စည်း အမျိုးမျိုး ၁၈၀၀ ဝန်းကျင် ဆုံးရှုံးကြောင်း ဆာဂျီရွှိုင်ဂူက ဝန်ကြီးဌာနဘုတ် အဖွဲ့အစည်းအဝေးတွင် ပြောခြင်းဖြစ်သည်။
ထို့ပြင် ယူကရိန်း တပ်မတော်ဘက်က ခါဆန်ဒေသ၌ မြေပြင်စစ်ဆင်ရေး ဆင်နွှဲရန် ကြိုးပမ်းမှုအားလုံးမှာ အရာမထင်ဘဲ အရှုံးနှင့်သာကြုံတွေ့ခဲ့ရကြောင်း ကာကွယ်ရေးဝန်ကြီးက ဆက်ပြောသည်။
“အခုလိုမျိုး ယူကရိန်းတပ်မတော်ရဲ့ ကြိုးပမ်းမှုတွေအားလုံးကို တားဆီးနိုင်တာဟာ တက်တက်ကြွကြွနဲ့ ကျွမ်းကျင်မှုရှိတဲ့ ကျွန်တော်တို့ရဲ့ စစ်သည်တွေကြောင့်ပါပဲ။
ယူကရိန်းဘက်က မရိန်းတပ်ဖွဲ့တွေ၊ အထူးစစ်ဆင်ရေး တပ်ဖွဲ့တွေဟာ အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်လိုက်ရပါတယ်” ဟု ဆာဂျီရွှိုင်ဂူက ပြောသည်။
ထို့အတူ ရုရှားတပ်မတော်သည် စစ်ဆင်ရေး နယ်မြေအတွင်းရှိ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ လမ်းကြောင်းတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ကြောင်းနှင့် ရှေ့တိုးထိန်းချုပ်မှုများ တဖြည်းဖြည်း လုပ်ဆောင်လျက်ရှိကြောင်း ၎င်းကဆိုသည်။
၎င်းင်းအပြင် မဟာဗျူဟာမြောက် နျူကလီးယားတပ်ဖွဲ့ရှိ အစိတ်အပိုင်းများ အားလုံး အမြဲတစေ အသင့်ဖြစ်နေခြင်းက အလွန်အရေးကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်သည်ဟု ဆာဂျီရွှိုင်ဂူက ပြောသည်။
ရုရှားတပ်မတော်အတွက် စစ်လက်နက်ပစ္စည်း ဝယ်ယူမှုနှင့် စစ်လက်နက်ပစ္စည်းများ ပြုပြင်နိုင်မှု ပမာဏသည်လည်း ၂၀၂၄ ခုနှစ်တွင် သိသာစွာမြင့်တက်လာမည်ဟု ၎င်းကဆက်ပြောသည်။
နောက်ဆုံးတစ်ချက် အနေဖြင့် ရုရှားရေတပ်သည် ၂၀၂၃ ခုနှစ်အတွင်း ရေကြောင်းခရီး ၅၀ ကျော်သွားလာနိုင်ခဲ့သည့် NATOတပ်ဖွဲ့ကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း ပြောထားသည်ဟု သိရသည်။