တရုတ်၏ BYDက အမေရိကန်၏ တက်စလာကို နန်းချတော့မည်
တရုတ်နိုင်ငံမှ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကားများ ထုတ်လုပ်လျက်ရှိသည့် BYD ကုမ္ပဏီက SUV အမျိုးအစား လျှပ်စစ်ကားကို ထုတ်လုပ်ခြင်းအားဖြင့် အမေရိကန်တို့၏ နာမည်ကျော်လျှပ်စစ်ကားကုမ္ပဏီဖြစ်သော တက်စလာကို နန်းချတော့မည်ဟု South China Moring Post သတင်းဌာနကဖော်ပြထားသည်။
BYD ကုမ္ပဏီက ၎င်းတို့၏ SUV အမျိုးအစားကားသစ်ကို ကွမ်ကျိုးမော်တော် ကားပြပွဲ၌ ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ပြီး Sea Lion ဆိုတဲ့ အမှတ်တံဆိပ်ခွဲအောက်မှ ထွက်ရှိလာခြင်းဖြစ်ကာ ထိုကားကို Sea Lion 07 ဟု အမည်ပေးထားသည်။
လျှပ်စစ်စွမ်းအင်ကိုသာ အပြည့်အဝအသုံးပြုထားသည့် အဆိုပါ SUV သည် တန်ဖိုးအားဖြင့် ယွမ် ၂ သိန်းမှ ၂၆၀၀၀၀ ကြားရှိမည်ဖြစ်သည်။
BYD ၏ကိုယ်ပိုင်ထုတ် ဒီဇိုင်းဖြစ်သော DiSus ကိုယ်ထည်ထိန်းချုပ်စနစ်ကို တပ်ဆင်ထားသောကြောင့် ယာဉ်ကိုမြန်နှုန်း မြင့်မောင်းနှင်နေစဉ် ကွေ့လိုက်ပါကဖြစ်ပေါ်တတ်သော ကိုယ်ထည်လူးကာ တိမ်းမှောက်နိုင်ခြေကို လျှော့ချပေး နိုင်မည်ဖြစ်သည်။
BYD အနေဖြင့် အဆိုပါ SUV ကို လက်ရှိတရုတ်ပြည်တွင်း ဈေးကွက်၌ ရေပန်းစားနေသော တက်စလာ၏ Model Y အမျိုးအစား လျှပ်စစ်ကား နေရာတွင် အစားထိုးနိုင်ရန် ရည်ရွယ်ထားသောကြောင့် အဆိုပါကုမ္ပဏီ နှစ်ခုကြားပြိုင်ဆိုင်မှုမှာ ပြင်းထန်လာနိုင်သည်ဟု လေ့လာသူများက ပြောသည်။
BYD ကုမ္ပဏီသည် ပြီးခဲ့သည့်နှစ်တွင် ကမ္ဘာ့လျှပ်စစ်ကား ထုတ်လုပ်မှု အများဆုံး ကုမ္ပဏီအဖြစ် တက်စလာကို ကျော်လွန် ကာ အဆင့် ၁ နေရာ၌ရပ်တည်နိုင်ခဲ့သည်။
အထူးသဖြင့် ဝင်ငွေနိမ့်နှင့် လူလတ်တန်းစားများ လျှပ်စစ်ကား စီးနိုင်စေရန်ရည်ရွယ်၍ ယွမ် ၁ သိန်းမှ ၁ သိန်းခွဲကြားရှိ လျှစ်စစ်ကားများကို ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် တက်စလာ၏ Model Y ကို ရှန်ဟိုင်းမြို့ရှိ Gigafactory ၌တပ်ဆင်ခသည်ပင် ယွမ် ၂၆၆၄၀၀ ရှိသည်ဟု သိရသည်။