မြောက်ကိုရီးယား၏ ကင်းထောက်ဂြိုဟ်တု ဒီဇင်ဘာလ ၁ ရက်မှစ၍ လုပ်ငန်းများ လုပ်ဆောင်မည်

မြောက်ကိုရီးယား၏ ကင်းထောက်ဂြိုဟ်တု ဒီဇင်ဘာလ ၁ ရက်မှစ၍ လုပ်ငန်းများ လုပ်ဆောင်မည်

 

    မြောက်ကိုရီးယားနိုင်ငံက လွှတ်တင်လိုက်သည့် Malligyong-1  အမည်ရှိ ကင်းထောက်ဂြိုဟ်တုသည် ဒီဇင်ဘာလ ၁ ရက်မှစ၍ ၎င်း၏လုပ်ငန်းများကို စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း   မြောက်ကိုရီးယား လေကြောင်းအာကာသဌာနက နိုဝင်ဘာလ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က အမျိုးသားလေကြောင်း အာကာသ နည်းပညာကွပ်ကဲမှုဌာန၏ ပြုံယမ်း အထွေထွေ ထိန်းချုပ်ရေးဌာနသို့ လာရောက်လည်ပတ်စဉ် ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု  KCNA သတင်း ဌာနက ဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံ   အနေဖြင့် နောက်ဆုံးတွင်  ကိုယ်ပိုင်နည်းပညာနှင့် ကြိုးစားအားထုတ်မှုများကိုအသုံးပြုကာ လေကြောင်းအာကာသ ကင်းထောက် စွမ်းရည်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ကြောင်း ကင်ဂျုံအွန်ကကြွေးကြော်သည်။

အလားတူ ယခုကဲ့သို့သော ဂြိုဟ်တုကို ဖန်တီးထုတ်လုပ် လွှတ်တင်နိုင်ခြင်းသည် မြောက်ကိုရီးယား တပ်မတော်ကို အဆင့်မြှင့်တင်မှုအတွက် အကြီးဆုံးသော လုပ်ရပ်ဖြစ်ကြောင်း ကင်ဂျုံအွန်က ပြောသည်ဟု  KCNA သတင်းဌာနက  ဆက်လက် ဖော်ပြထားသည်။

သို့သော် မြောက်ကိုရီးယား တပ်မတော်အနေဖြင့် တန်ဖိုးရှိသည့် သတင်းများကို အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်စေရေးအတွက် မတူညီသော စွမ်းဆောင်ရည်များ ရှိသည့် ကင်းထောက်ဂြိုဟ်တုများကို ထပ်မံလွှတ်တင်ကာ ၎င်းတို့၏ စွမ်းရည်များကို ပေါင်းစပ် အသုံးပြုရန် လိုအပ်ကြောင်း ကင်ဂျုံအွန်က ပြောသည်။

မြောက်ကိုရီးယားနိုင်ငံသည် အာကာသ ဒုံးပျံတစ်စင်းနှင့်အတူ Malligyong-1 ကို ကမ္ဘာ့ပတ်လမ်း အတွင်းသို့ နိုဝင်ဘာလ ၂၁ ရက် နှောင်းပိုင်းတွင် လွှတ်တင်ခဲ့ခြင်း ဖြစ်သည်ဟု နိုဝင်ဘာလ  ၂၂  ရက် အစောပိုင်းတွင် ထုတ်ပြန်ထားသည်။