အစ္စရေးအစိုးရ အဖွဲ့က ဟားမတ်နှင့် အပစ်အခတ်ရပ်စဲရေး၊ ဓားစာခံလွှတ်ပေးရေးတို့ကို အတည်ပြု

အစ္စရေးအစိုးရ အဖွဲ့က ဟားမတ်နှင့် အပစ်အခတ်ရပ်စဲရေး၊ ဓားစာခံလွှတ်ပေးရေးတို့ကို အတည်ပြု

 

    အစ္စရေးအစိုးရအဖွဲ့က ဟားမတ်အဖွဲ့နှင့် ယာယီအပစ်အခတ် ရပ်စဲရေးနှင့် ဓားစာခံ လွှတ်ပေးရေးတို့နှင့် ပတ်သက်၍ နိုဝင်ဘာလ ၂၂ ရက်တွင် မဲခွဲဆုံးဖြတ်မှုဖြင့် အတည်ပြုလိုက်ကြောင်း သိရသည်။

အစ္စရေးနှင့် ဟားမတ်တို့ကြား သဘောတူညီချက်အရ အပစ်အခတ်ရပ်စဲရေးသည် လေးရက်ကြာမြင့်မည်ဖြစ်ပြီး ထိုလေးရက်အတွင်း   ဟားမတ်တို့က ကလေးငယ် အယောက် ၃၀ နှင့်  မိခင်ရှစ်ဦးအပြင် နောက်ထပ်အမျိုးသမီး ၁၂ ဦးတို့ကို လွှတ်ပေးရမည်ဟု အစ္စရေး တာဝန်ရှိသူကပြောကြောင်း  Haaretz သတင်းစာက ဖော်ပြထားသည်။

ထို့ပြင် အစ္စရေးတပ်မတော် တစ်ရပ်လုံးက အဆိုပါသဘောတူညီချက်ကို ထောက်ခံကြောင်း အစ္စရေးအရာရှိကြီး တစ်ဦးကပြောသည်ဟု သတင်းစာက ဆက်လက်ဖော်ပြထားသည်။

ယခုရရှိသည့် သဘောတူညီချက်အရ ဟားမတ်က လွှတ်ပေးရမည့် ဓားစာခံများတွင် အစ္စရေးနိုင်ငံသားများသာ ပါဝင်သော်လည်း ဟားမတ်အဖွဲ့သည် အခြားနိုင်ငံများနှင့်သဘောတူညီချက်အရ ထိုနိုင်ငံများမှ နိုင်ငံသားများကိုပါ လွှတ်ပေးနိုင်ခြေ ရှိသည်။

အစ္စရေးနှင့်ဟားမတ်တို့ကြား သဘောတူညီချက်အရ ဓားစာခံများလွှတ်ပေးမှုကို သဘောတူညီချက်ရရှိပြီး နောက်တစ်ရက်တွင် အကောင်အထည် ဖော်မည်ဖြစ်ကြောင်းနှင့်နောက်ထပ်ဓားစာခံများကိုလည်း လွှတ်ပေးလိမ့်မည်ဟု အမေရိကန် အစိုးရက မျှော်လင့်ထားကြောင်း ဘိုင်ဒင်၏ အရာရှိကြီးတစ်ဦးကပြောသည်။

အောက်တိုဘာလ ၇ ရက်တွင် ဟားမတ်တို့က  အစ္စရေးနယ်စပ်ကို  ဝင်ရောက်တိုက်ခိုက်စဉ်   ဓားစာခံ ၂၄၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယခု ပထမအသုတ်အနေဖြင့်  လွှတ်ပေးရမည့် အယောက် ၅၀ စာရင်းကို အစ္စရေးအစိုးရ ဘက်က အတည်ပြုပေးရမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အစ္စရေးဘက်က လေးရက်တာ အပစ်အခတ်ရပ်စဲမှုနှင့်အတူ ပါလက်စတိုင်း အကျဉ်းသား အယောက် ၁၅၀ ကိုလည်း  ပြန်လွှတ်ပေးရမည်ဖြစ်သည်။

ထို့ပြင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာပစ္စည်းများ၊ ဆေးဝါးများ၊ လောင်စာဆီများ တင်ဆောင်ထားသည့် ကုန်တင်ယာဉ် ရာပေါင်းများစွာကို ဂါဇာကမ်းမြောင်ဒေသသို့ အဆီးအတားမရှိ ဝင်ခွင့်ပြုရမည့်အချက်လည်း သဘော တူညီချက်တွင် ပါဝင်ကြောင်း ဟားမတ်တို့ဘက်က ထုတ်ပြန်ထားသည်။