တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့်မြစ်ရေယာဉ်(စကု)တို့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့်မြစ်ရေယာဉ်(စကု)တို့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၂၄

      ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သောနယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ တူးမြောင်းကျေးရွာသို့ ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျကြိုဆို နှုတ်ဆက်ကြသည်။

     အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့သည် တူးမြောင်းကျေးရွာ တိုက်နယ်ဆေးရုံ၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၉၄၂ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

    ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၃၄၂ ဦး၊ ခွဲစိတ်ရောဂါ ၃၃ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၇ ဦး၊ ကလေးရောဂါ ၃၉ ဦး၊ အရိုးရောဂါ ၁၈၆ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၄၁ ဦး၊ မျက်စိရောဂါ ၁၉၇ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၇၇ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက် ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၁၁ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၂ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၅ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၅၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၆ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၅ ဦး တို့ကို နီးစပ်ရာတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေး သည်။

   ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ လာရောက်ဆေးကုသမှုခံယူ ကြသော ပြည်သူများအား စက်လှေများစီစဉ်ပေးပြီး နေ့လယ်စာထမင်းဘူးများ ပေးအပ် သည်။

     အလားတူ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော် မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊  ဓနုဖြူမြို့ရှိ ဧရာဝတီဆိပ်ကမ်းသို့ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြ သည်။

    အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့သည် ဓနုဖြူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့မဓမ္မာရုံ၌ အခြေပြု၍ ဓနုဖြူမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၄၃၀ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

       ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာရောဂါ ၂၀၀ ဦး၊ ခွဲစိတ်ရောဂါ ၁၄ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၂ ဦး၊ ကလေးရောဂါ ၂၃ ဦး၊ အရိုးရောဂါ ၇၄ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၀ ဦး၊ မျက်စိရောဂါ ၇၅ ဦးနှင့် သွားရောဂါ ၁၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၁၀ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၄ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

    ယင်းသို့ ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံ များကို ယခုလိုပဲကြားသိခဲ့ရပါတယ်-

ဒေါ်ဌေးဌေး

“လပွတ္တာမြို့နယ် တူးမြောင်းကျေးရွာမှာ နေပါတယ်။   အစာအိမ်ရောဂါဖြစ်တာ နှစ်နှစ်လောက်ကြာပါပြီ။ အပြင်မှာလည်း ဆေးမကုသနိုင်လို့   အခုတပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့က   အခမဲ့လာရောက်ကုသလို့ ကျွန်မလာရောက်ပြသခြင်းဖြစ်ပါတယ်။ မပျောက်ခင်ကတော့ စိုးရိမ်တာပေါ့နော်။ ကိုယ့်မှာက ပိုက်ဆံကလည်း မရှိတော့ အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာ နောက်ကိုယ်က ရေဒီယိုအမြဲနားထောင်တော့ တပ်မတော်ဆေးကုသရေး အဖွဲ့ကြီးက  ကလေးလေးမွေးပေးတာ ကြားတော့ သံလွင်မောင်ဆိုတဲ့ နာမည်ပေးတာ အဲ့ဒီမှာကတည်းက ဝမ်းသာပြီးတော့ ပြချင်နေတာ။ ကိုယ်ကလည်း ဒီတပ်မတော်ကို အားပေးတယ်၊ ဂုဏ်လည်းယူတယ်၊ ကျေးဇူးလည်း တင်တယ်။ လက်တွေ့ ခုပြတာဆိုတော့ ဝမ်းလည်းသာတယ်။ ကြည်လည်း ကြည်နူးတယ်။ အခုရောဂါတစ်ဝက် သက်သာတယ်လို့ခံစားရပါတယ်။ ဆေးကုသရေးအဖွဲ့က ကောင်းကောင်းမွန်မွန် ရည်ရည်မွန်မွန်နဲ့ ဆက်ဆံပါတယ်။ အာထရာဆောင်းလည်း ရိုက်ပေးပါတယ်။ ဆေးတွေလည်း အလကားပေးတယ်ဆိုတော့ ဝမ်းလည်းသာတယ်။

ကျေးဇူးလည်းတင်ပါတယ်။   အခုလိုစီစဉ်ပေးတဲ့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့  ဆရာဝန်ကြီးများကိုလည်း ကျေးဇူးလည်းတင်ပါတယ်။ အခုလို ကုသပေးတဲ့အတွက်  ဒီထက်မက ကျန်းမာချမ်းသာပြီးတော့ နယ်လှည့်ဆေးကုသရေးမှာလည်း အောင်မြင်ပါစေ။ ဒီထက်မက ပြည်သူတွေချစ်ခင်အားပေးမှုကို ရပါစေ။ အခုလိုကုသပေးတဲ့အတွက်  အခုဆိုရင် တပ်မတော်သားတွေဟာ  နေရာဒေသအသီးသီးမှာ  ရှေ့တန်းတာဝန်များကို သွားရောက်ထမ်းဆောင်နေရတယ်လို့ ကြားသိရပါတယ်။ အဲ့ဒီလို တပ်မတော်သားတွေဟာ မအားလပ်တဲ့ကြားကနေ ကျွန်မတို့ကျေးရွာကိုလာရောက်ပြီး ဆေးကုသပေးတဲ့အတွက် အရမ်းကိုကျေးဇူးတင်ပါတယ်။ တပ်မတော်သားတွေအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အန္တရာယ်ကင်း ဘေးရှင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ ဂုဏ်လည်းယူပါတယ်။ တပ်မတော်ကြီးကို ဒီထက်အဓွန့်ရှည် အောင်မြင်ပါစေလို့ မေတ္တာပို့ပါတယ်"ဟု ပြောသည်။

ချူးနိုနိုလင်း

“မျက်နှာမှာ အဖုတွေဖြစ်နေလို့ဆိုပြီး အရေပြားလာပြတာပါ။ တွေ့ရာရေနဲ့မျက်နှာ မသစ်နဲ့ပေါ့။  နောက်ပြီးတော့ အပြင်သွားလို့ရှိရင် Mask တွေတပ်ပေါ့။ ဒီဖုန်မှုန့် ကြောင့်လည်း မျက်နှာမှာ အဖုတွေဖြစ်တယ်လို့ပြောတယ်။ ဆေးထုတ်ပေးလိုက်တယ်။

စာအုပ်ထဲမှာ  ဆေးနာမည်လေးရေးပြီးတော့လေ။ နောက်ပြီးတော့ သိပ်ပြီးတော့ အဆင်မပြေတဲ့သူတွေအတွက်  အဆင်ပြေတာပေါ့။ သွားခံတွင်းပါရဂူ၊ အရိုးအကြောပါရဂူ၊ နောက်ပြီးတော့ အစုံပဲပေါ့။ မျက်စိပါရဂူတွေလည်းပါတယ်။ နားနှာခေါင်းခွဲ စိတ်ပါရဂူတွေလည်း ပါတာပေါ့။ အဲ့လို ကုသပေးတဲ့အဖွဲ့ကိုလည်း ညီမက ပြည်သူတွေကိုယ်စား    ကျေးဇူးတင်ပါတယ်။ ပရဟိတအလုပ်တွေလည်း ဆက်ပြီးလုပ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”ဟု  ပြောသည်။