နာနတ်သီးအထွက်နှုန်း ကျသော်လည်း ဈေးနှုန်း အသင့်အတင့် ရှိနေ၍ နာနတ်စိုက်တောင်သူများ အဆင်ပြေ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဘန့်ဗွီးကျေးရွာအုပ်စု ကျောင်းချယ်ကျေးရွာ၌ စိုက်ပျိုးထားသော နာနတ်သီးများ အထွက်နှုန်းကျသော်လည်း    ဈေးနှုန်းအသင့်အတင့် ရှိနေ၍ နာနတ်စိုက်တောင်သူများ အဆင်ပြေလျက် ရှိကြောင်း ဒေသခံ နာနတ်သီးစိုက် တောင်သူများထံမှ သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထား စိုက်ပျိုးလျက်ရှိရာ ပြောင်း၊ နာနတ်သီး၊ ကြက်သွန်ဖြူ၊ ဖရဲသီး၊ သခွားမွှေးစသည့် ကောက်ပဲသီးနှံ အမျိုးမျိုးကို စိုက်ပျိုးကြပြီး နာနတ်ပင်စိုက် တောင်သူများက ဝင်ငွေ အသင့်အတင့်ရရှိနေကြသည်။

''ကျွန်မက နာနတ်ပင် ၂၈ ဧကစိုက်ပါတယ်။ နာနတ်ပင်ကို ဇူလိုင်လနဲ့ သြဂုတ်လမှာ စိုက်ပျိုးပြီး မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတို့မှာ နာနတ်သီး ပေါ်ချိန်ဖြစ်တယ်။ တစ်နှစ်စိုက်ရင် လေးသီးစားပါတယ်။ နာနတ်သီးပေါ်ချိန်တွင် ခြံအထိလာဝယ်ရင် ရိုးရိုးအသီး ငွေကျပ် ၅ဝဝ၊ အလတ်သီးငွေကျပ် ၂၈ဝ၊ အသေးသီး ငွေကျပ် ၁၅ဝ နဲ့ ပျားသီးဆို ငွေကျပ် ၁ဝဝဝ နဲ့ ၁၂ဝဝ ကြား ရောင်းချပြီး တောင်ကြီး၊ ဟဲဟိုး၊ အောင်ပန်းကို သွားရောင်းတော့ ရိုးရိုးသီးငွေကျပ် ၁ဝဝဝ၊ အလတ်ငွေကျပ် ၅ဝဝ နဲ့ ၆ဝဝ ကြား၊ အသေးကငွေကျပ် ၃ဝဝနဲ့ ပျားသီးကငွေကျပ် ၂ဝဝဝ နဲ့ရောင်းရတယ်။ အရင်နှစ်က အလုံးရေတစ်သိန်းကျော် ထွက်ရှိပြီး အမြတ်ငွေ သိန်း၁ဝဝ ကျော် ရရှိပေမယ့် အခုနှစ်မှာ မိုးနည်းတော့ အထွက်နှုန်းကျတယ်။ အလုံးရေ ခုနစ်သောင်းလောက်ပဲ ထွက်တော့ အမြတ်ငွေကငွေကျပ် သိန်း ၈ဝ လောက်ပဲ ကျန်တယ်။

အထွက်နှုန်းကျပေမယ့် ဈေးနှုန်းအသင့်အတင့် ရနေတော့ သိပ်မဆိုးဘူး။ နာနတ်စိုက်တောင်သူတွေ အဆင်ပြေကြပါတယ်''ဟု  နှစ်ပေါင်း ၂၁ နှစ်ကြာ နာနတ်ပင်စိုက်ပျိုးလာသည့် ဘန့်ဗွီးကျေးရွာအုပ်စု ကျောင်းချယ်ကျေးရွာရှိ နာနတ်ပင်စိုက် တောင်သူတစ်ဦး

ကပြောသည်။

နာနတ်သီးခူးထမ်း အငှားလိုက်သူ နမ့်ဟူး ကျေးရွာနေ ဦးစိုးဝင်းကလည်း ''လူသုံးယောက်တော့ လိုတာပေါ့။ တစ်ယောက်က အသီးခူးပေးပြီး နှစ်ယောက်က ခူးထားတဲ့အသီးကို ကောက်ထမ်းရတာပေါ့။ တစ်လုံးကိုငွေကျပ် ၂ဝ ရတယ်။ တစ်ရက်ကို အလုံးရေ ၁၅ဝဝရပါတယ်။ တစ်ဦးကို ငွေကျပ် ၁ဝဝဝဝ နှုန်းရတာပေါ့။ ငါးရက်တစ်ပတ်ကို နှစ်ရက်၊ သုံးရက်လိုက်ရတယ်။ တစ်လကိုငွေကျပ် ၁၈ဝဝဝဝ  ခန့်ရပါတယ်။   ပုံမှန်လေး ထမ်းရတော့ အဆင်ပြေပါတယ်''ဟု  ပြောသည်။

ဆီဆိုင်မြို့နယ် ဘန့်ဗွီးကျေးရွာအုပ်စု ကျောင်းချယ်ကျေးရွာသည် အိမ်ခြေ ၁၈၆ အိမ်ရှိပြီး နာနတ်စိုက်ဧက ၁၆ဝဝ ရှိကြောင်း ဘန့်ဗွီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်အောင် ထံမှသိရသည်။

ကျောင်းချယ်ကျေးရွာထွက် နာနတ်သီးကို နေပြည်တော်၊  ရန်ကုန်၊   လွိုင်ကော်၊ တောင်ကြီး၊ ဟဲဟိုး၊ အောင်ပန်းနှင့် အခြားဒေသများသို့   တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။