အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

သို့နှင့်စခန်းသို့ရောက်သည်မှာ နှစ်လချဉ်းလာခဲ့ပြီး သည်ကြာထဲတွင် အမှုကိစ္စကလေးများ ပွေလာသည်။

ယင်းမှာ တပ်ကြပ်ကျော်ခင်၏ကိစ္စနှင့်စက်မောင်းသိန်းတင်၏ကိစ္စဖြစ်သည်။

တစ်နေ့တွင် စင်ရော်သို့ ကုန်သွယ်ရေးပစ္စည်းကိစ္စစနည်းနာရန်အရောက်တွင် နလက ဥက္ကဋ္ဌ ဗိုလ်ကြီးဘကြိုင်က တပ်ကြပ်ကျော်ခင်အကြောင်း ပြောသည်။

တိုင်တာတော့မဟုတ်ပါဘူး။ ဦးသောင်းဒန်။ ဒါပေမဲ့ခင်ဗျားက သူ့ကို တော်တော်လေး ဟောက်လိုက်တယ်ဆိုဗျ။ ကျွန်တော်တို့ စင်ရော်လာပြီး တပ်ထဲမှာ ပြောနေတယ်

အေးဗျာ စိတ်ပေါက်ပေါက်ရှိတာနဲ့ ပြောလိုက်တာပဲ။ ဗိုလ်မှူးသိန်းအောင်ကိုတောင် မပြောရသေးဘူး။ကျွန်တော်လည်း ကြုံရင်ပြောလိုက်ပါ့မယ်။ ဗိုလ်ကြီးလည်း ကြုံရင်ပြောလိုက်ပါ။ ဖြစ်တာက ဒီလိုဗျ

သောင်းဒန်က အဖြစ်အပျက်ကို ပြောပြသည်။

ကျွန်တော်က ဗိုလ်မှူးကိုတောင် ပိတ်ထားတာ။ ဟိုတုန်းက ဘယ်လိုပဲ ခေါ်ခေါ် အရပ်က ဘယ်လိုပဲ ခေါ်ခေါ်ပေါ့ဗျာ။ အခုလို စိတ်ဓာတ်ကျနေတုန်းမှာ မသိရင် ကောင်းတာပေါ့။ အဲဒါ သူက အလုပ်သမားတွေကို ပြောသတဲ့။ ဒါ ပြန်ပေးတောင်ပဲ။ ဒီမှာ ပြန်ပေးဆွဲတဲ့လူကို သတ်ပစ်တယ် ဘာညာပေါ့ဗျာ ဗိုလ်ဘကြိုင်က ရယ်သည်။

ကျွန်တော်တောင် အဲဒီတုန်းက မရောက်သေးဘူး။ ကျွန်တော် ပြောလိုက်ပါ့မယ်

နောက်အမှုကိစ္စတစ်ခုက စက်မောင်းသိန်းတင် ရန်ကုန်သို့  ပြန်ပြေးခြင်းပင်ဖြစ်သည်။ သူနှင့်အတူ ချစ်မောင်နှင့်မောင်ကြီးပါသွားသည်။ ရောက်စကသိန်းတင်စိတ်ဓာတ်ပျက်သည်။ ငိုငိုရယ်ရယ်ဖြစ်သည်။

ဝိုင်း၍စိတ်ဓာတ်မြှင့်ပေးကြသည်။ ကြိမ်းတစ်လှည့်မောင်းတစ်လှည့်၊ ချော့တစ်လှည့်ပြောကြဆိုကြ ဖျောင်းဖျကြရသည်။ တဲများထိုးအပြီး နေသားကျသွားသည့်အခါ ဟန်လာသည်။ နေရေးထိုင်ရေး အဆင်ပြေသည့်အခါ စာရေးသောက်ရေး ဝင်ရှုပ်လာပြန်သည်။

ရောက်စတွင် သူတို့အားလုံးစုပေါင်း၍ ချက်ပြုတ်စားကြသည်။ သောင်းဒန်ကအစ သုံးကျပ်ဆယ့်ငါးပြား အလုပ်သမားအဆုံး စုပေါင်းရိပ်သာတွင် ပါဝင်သည်။

သားဈေး၊    ငါးဈေးကြီးသည်ကိုအကြောင်းပြု၍ တစ်ယောက်လေးဆယ်ထက်စားစရိတ်မကုန်အောင်စားသည်။ လူတိုင်းပင် လေးဆယ်ထည့်ဝင်စေသည်။

တစ်ပတ်အသားဟင်းနှစ်ခါစားသည်။ ကျန်ရက်မှာ ဟင်းသီးဟင်းရွက်ဟင်းဖြစ်သည်။   တစ်ခါတစ်ရံအရောအနှောနှင့် စားသည်။ သည်အချိန်တွင် အများဆုံး အကူအညီပေးသူမှာ ဗိုလ်မှူးသိန်းအောင်ဖြစ်သည်။

ဗိုလ်မှူးသိန်းအောင်က မပူနဲ့ကိုသောင်းဒန် ကုန်သွယ်ရေးနဲ့ပစ္စည်းရအောင်လည်း စီစဉ်ပေါ့။ ကျွန်တော်လည်း ကူညီပါ့မယ်ဟုဆိုကာ ပဲအိတ်များနှင့် ဆန်အိတ်များ ပို့လိုက်သည်။ သူ့တပ်မှ ပိုလျှံနေသော ရိက္ခာများ ဖြစ်သည်ဟု သိရသည်။

ထိုအချိန်တွင် စင်ရော်၌ ဝက်သား ၁၀ ကျပ်၊ ကြက်၁၂ ကျပ်၊ ငါး ရှစ်ကျပ်၊ ပုစွန် ၁၀ ကျပ်၊ ဆီ ၁၀ ကျပ် ဈေးဖြစ်နေသည်။ ငါးသလောက်၊ ငါးကြီး၊ ငါးရံ့မှာအချိုဆုံးဖြစ်သည်။ ငါးကျပ်၊ ခြောက်ကျပ်ဈေးသာရှိသည်။ သို့ဖြစ်ရာ စုပေါင်းစားသောက်မှ အဆင်ပြေမည်ဟု မျှော်လင့်ကာ စုပေါင်းရိပ်သာဖွင့်ခြင်းဖြစ်သည်။ ထမင်းစားချိန်ကို အတိအကျသတ်မှတ်ထားသည်။ ရိပ်သာစည်းကမ်းကို သောင်းဒန်က တင်းတင်းကျပ်ကျပ်စောင့်ထိန်းစေသည်။ သူကိုယ်တိုင်လည်း အများနှင့်ဝင်၍ စားသောက်သည်။ သည်အထဲတွင် ဟိုအသားမစားဘူး။ ဒီအသားမစားဘူးဟု ရှောင်သူများရှိသည်။ သို့ဖြစ်ရာ အစားများသည့်ငါးနှင့်ကြက်ကိုသာ တစ်လှည့်စီလိုလို ချက်စေရသည်။ အိမ်သူများမရောက်သေးရာ ချက်ပြုတ်ရာ၌ ဟန်ကျပန်ကျမဖြစ်။ အိုးကြီးချက်လည်းဖြစ်သဖြင့် မြိုးမြိုးမြက်မြက်မရှိ။

သိန်းတင်သည်  အစားအသောက်နှင့် ပတ်သက်၍ ချေးထူလာသည်။  တောင်တောင်အီအီပြောချင်လာသည်။ သောင်းဒန်သည် ထိုအကြောင်းကိုသိသည်။

ထို့ကြောင့် သိန်းတင်ကို အချော့ခိုင်းသည်။

ကဲ မိန်းမတွေ ပြန်ခေါ်ဖို့ စီစဉ်ကြတော့ စာရေးကြ။ မိုးမကျခင်ရောက်ရင် ကောင်းမယ်။ မိုးကျရင် အသွားရအလာရ ခက်မယ်ဟု အမှာခိုင်းသည်။ စာရေးခိုင်းသည်။ တစုတဝေးတည်း  လာကြဖို့လည်း တတ်နိုင်သမျှ ညှိနှိုင်းစေသည်။  တစုတဝေးတည်းလာကြမည်ဆိုလျှင် လူနှစ်ယောက်လောက် လွှတ်၍ အခေါ်ခိုင်းမည်ဟု သောင်းဒန်စိတ်ကူးထားသည်။ ထိုအချိန်တွင် စက်မောင်းသမား သိန်းတင်ပြန်စကားပြောသည်။

မင်းတို့ပဲ တံတားပြီးမှ ပြန်ပါမယ်ဆို။ ဘယ့်နှယ်လဲကွ။ ဒေါင်ဒေါင်မြည်တွေထဲမှာမင်းပါတယ်မဟုတ်လား။

ပထမဆုံး လေးဆယ်ထဲမှာ မင်းပါတယ်လေကွာ။

မင်းတို့ပဲ လက်မှတ်ထိုးထားတယ်မဟုတ်လား။ မင်းတို့ကတိ မင်းတို့ ဖျက်တော့မှာလား

သည်နည်းနှင့်ပြော၍လည်းမရ။

မကြာခင် မိန်းမတွေ ရောက်လာတော့မယ်မဟုတ်လား။ စာရေးသောက်ရေး အဆင်ပြေမှာပေါ့ကွာ။

နေရေးထိုင်ရေးလည်း အဆင်ပြေမှာပါ

သည်နည်းနှင့်လည်းပြော၍မရ။

သိန်းတင်သည် စက်မောင်းသမားဖြစ်သည်။ စက်ကြီး၊ စက်ကလေးအားလုံးလိုလို မောင်းနိုင်သည်။ စက်ပြင်လည်း တတ်သည်။ မြေထိုးစက်၊ မြေညှိစက်၊ မြေသယ်စက်၊ ဝန်ချီကရိန်းအားလုံး သူမောင်းတတ်သည်။ အလုပ်လုပ်ရာတွင်လည်း မညည်းမညူလုပ်သည်။ ဖင်နာတယ်၊ခေါင်းနာတယ်ဟု ရေသာခိုတတ်သူမဟုတ်။ လုပ်ဖော်ကိုင်ဖက်များနှင့်လည်း အဆင်ပြေသည်။ သို့ဖြစ်ရာသိန်းတင်ကို လက်မလွှတ်ချင်။ ရန်ကုန်တွင်ဆိုလျှင် သိန်းတင်လို ကျွမ်းကျင်သည့်အလုပ်သမား အရှာရလွယ်သည်။ ထို့အတူ ဦးခင်လို ပန်းပဲဆရာကိုလည်း သောင်းဒန် လက်မလွှတ်နိုင်။ လိုချင်သည်ကို ဖြစ်အောင်လုပ်ပေးတတ်သည့် ပန်းပဲဆရာဖြစ်သည်။ ညွန့်အေးလို သံချည်သံခွေ အလုပ်သမားကိုလည်း သောင်းဒန်မရနိုင်။ သီရိတံတားတွင် အတွေ့အကြုံကောင်းကောင်းရသူဖြစ်သည်။

ကဲ ပြောလို့မရရင် ပြန်ပေါ့ကွာ

သောင်းဒန်လက်လျှော့လိုက်သည်။ ခေါင်းကိုက်ချင်သလိုလို ဖြစ်လာသည်။

မပူပါနဲ့ ဆရာကြီး ကျွန်တော်တို့ ရအောင်ရှာပေးပါ့မယ် စက်ကြီးမောင်း ဘလှကပြောသည်။

သောင်ဦးမှာ အေးမောင်ဆိုတာ ရှိတယ်ဆရာကြး။

ကျွန်တော်တို့ သူငယ်ချင်းပဲ။ ဟိုမှာက သူ့အလုပ်ဖြုတ်တော့မယ်။ သောင်ဦးအစိုးရမိုင်းမှာလုပ်နေတယ်။ သိပ်အဆင်မပြေလှဘူးပြောတယ်။ သူ လာချင်တယ်လို့ ရန်ကုန်မှာတုန်းကပြောတယ်။ ကျွန်တော်တို့စာရေးမှာပေးမယ် ဆရာကြီး

အေးကွာ မင်းတို့ပါ ဝိုင်းပြီးရှာမှပဲ။ ဒါမှမဟုတ်ရင်လူသစ်မရသေးခင်အကြား မင်းကတော့ သက်သာမှာမဟုတ်ဘူး။ နှစ်ဆတိုး လုပ်ရလိမ့်မယ် စိတ်ချ ဆရာကြီး ကျွန်တော် အချိန်ပို လုပ်ပေးမယ် ဆရာကြီး

မင်းကောင်က  သိန်းတင်တို့လို စက်အမျိုးမျိုးမောင်းနိုင်ရဲ့လား

ရတယ် ဆရာကြီး ဒီကောင်က သိန်းတင်ထက်တောင် လုပ်သက်ရင့်သေးတယ်။ ကလေးခြောက်ယောက်နဲ့ မစားလောက် မသောက်လောက်ဖြစ်နေလို့ သောင်ဦးမိုင်းမှာ လခကောင်းတာနဲ့ သွားလုပ်တာ

အေးကွာ ခေါ်ကြည့်ဦးပေါ့

သိန်းတင် ပြန်မည့်အတွက် သောင်းဒန် ခေါင်းမခဲတော့။ သို့သော် နောက်ဆက်တွဲပြဿနာတို့ ပေါ်လာသည်။ လက်သမားညွန့်ရွှေနှင့်သံချည်သံခွေ ညွန့်အေးတို့ပါ သိန်းတင်နှင့်ပြန်၍ လိုက်မည်ဟု လေသံထွက်လာသည်။ လက်သမား ညွန့်ရွှေမှာ သူ့မိန်းမ ကိုယ်လေးလက်ဝင်နှင့်မို့ စင်ရော်သို့ မခေါ်ချင်။  မိန်းမကလည်း မလိုက်ချင်။ ထို့ကြောင့် ရန်ကုန်ပြန်တော့မည်။ ထို့အတူသံချည်သံခွေ  ညွန့်အေးကလည်း   ကလေးများ ကျောင်းထားရေးအတွက်  ရန်ကုန်မှာပဲ ရရာအလုပ်လုပ်တော့မည်ဟု ဆိုသည်။ သိန်းတင်နှင့် ညွန့်နှစ်ညွန့် ပေါင်းမိနေပြီ။

ကလေးတွေ ကျောင်းထားဖို့က  အရေးကြီးတယ်ဘကြီးခင်။ ဘကြီးခင်မှာ ကလေးမရှိလို့ ဒီပြဿနာမပေါ်ဘူး။ ကျွန်တော့်မှာ သားသုံးယောက်ရှိတယ်။

ဒီကောင်တွေကို ကျောင်းကောင်းကောင်းထားရမယ်။

ကျွန်တော် ခုနစ်တန်းက ထွက်ခဲ့ရတာ သိပ်နာတာပဲ

ညွန့်အေးက ရင်းနှီးသော ပန်းပဲဆရာ ဦးခင်ကိုပြောသည်။ ညွန့်အေးသည် အမြတ်တော်ရုံး စာရေးကြီး၏သားကြီးဖြစ်သည်။ သူ့အောက် နှမနှစ်ယောက်ရှိသည်။  သူ့အဖေသည် ကျောက်ဆည်ဇာတိဖြစ်သည်။ ဆည်ရုံးတွင်  စာရေးလုပ်နေရာမှ မန္တလေးအမြတ်တော်ဝန်ထောက်ရုံးသို့  စာရေးကြီးအဖြစ်ပြောင်းရွှေ့သည်။ အမြတ်တော်၊ ဝန်ထောက်နှင့်ခင်မင်ရင်းနှီးသည်။ မိဘလက်ထက်ကတည်းက ရင်းနှီးသူများဖြစ်ရာ   ညွန့်အေးအဖေနှင့်  အမြတ်တော်ဝန်ထောက်တို့သည် မန္တလေးတွင် ကြီးပွားကြသည်။ အမြတ်တော်ဝန်ထောက်၏ ဝင်ငွေဆယ်ပုံတစ်ပုံခန့်ညွန့်အေး အဖေလည်း ရသည်။ သို့ဖြစ်ရာ  ညွန့်အေးအဖေသည်    အသောက်အစားဖက်လာသည်။

အသောက်လွန်တော့ အသည်းရောဂါရလာသည်။

      ဆက်လက်ဖော်ပြပါမည်။