ဂျီနီဗာ၊ သဘာဝပတ်ဝန်းကျင်
ကမ္ဘာ့ကပ်ရောဂါကာလအတွင်း အသွားအလာတားမြစ်ကန့်သတ်မှုများ ချမှတ်ရခြင်းကြောင့် အသွားအလာ နည်းပါးသော်လည်း ယခုနှစ်အတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုမှာ လျော့ကျခြင်းမရှိကြောင်း ကုလ သမဂ္ဂက နိုဝင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့်နှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုမှာ စံချိန်အသစ်တင်ပြီး ယခုနှစ်တွင်လည်း ယမန်နှစ် နည်းတူဖြစ်နိုင်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်ရန် လေယာဉ်များ၊ သင်္ဘောများ ပြေးဆွဲမှုကို ရပ်နားထားကာ ပြည်သူ အများအပြားမှာ အိမ်ထဲတွင်သာ အနေများသည့်အတွက် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု အလွန်နည်းပါး မည်ဟု သိပ္ပံပညာရှင် အများအပြားက မျှော်လင့်ထားသည်။
သို့သော် ရေတိုကာလအတွင်း ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု အနည်းငယ်မျှကျဆင်းခြင်းသည် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုအပေါ် မည်သို့မျှအကျိုးသက်ရောက်မှုမရှိကြောင်း ဂျီနီဗာမြို့အခြေစိုက် ကမ္ဘာ့မိုးလေဝ သအဖွဲ့ကထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်နှစ်အတွင်း ရုပ်ကြွင်းလောင်စာများလောင်ကျွမ်းမှုမှ ထွက်ပေါ်လာ သည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ပမာဏသည် ၄၁၀ ဒသမ ၅ ppm အထိစံချိန်တင်မြင့်တက်ခဲ့ရာ သမိုင်းမှတ်တမ်းတွင် တစ်ကြိမ်တစ်ခါမျှမကြုံဘူးကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အတွင်းရေးမှူးချုပ် ပါမောက္ခပတ်တာရီတားလက်က ပြောသည်။
ယခုနှစ်အတွက် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထွက်ရှိမှုပမာဏ အတိအကျကို မရရှိသေးသော်လည်း ယမန်နှစ်အတိုင်းဖြစ်မည့်အလားအလာရှိနေကြောင်း ၎င်းကဆက်ပြောသည်ဟု သိရသည်။
Ref: TST