ပုသိမ်မြို့ရှိ သမိုင်းဝင်ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၌ (၃၆)ကြိမ်မြောက် မသိုး သင်္ကန်းတော်များ ဆက်ကပ်လှူဒါန်း
နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ သမိုင်းဝင် ရွှေမုဋ္ဌောမဟာ စေတီတော်မြတ်ကြီး၌ (၃၆)ကြိမ်မြောက် မသိုးသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းပွဲ ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီးရှိ ဦးမောင်ကြီး အာရုံခံ တန်ဆောင်း၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အေးငြိမ်းချမ်းသာ မြတ်စွာဘုရားအား မသိုးသင်္ကန်းတော်များ ကပ်လှူပူဇော်ကြပြီး သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် နိုင်ငံတော် ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိဿုတ အမှူးပြုသော သံဃာတော်များ ထံမှ ကိုးပါးသီလခံယူဆောက်တည် ကြပြီး သံဃာတော်များရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များနာယူကြည် ညိုကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး ပုသိမ်မြို့၊ မရမ်းချိုကျောင်း ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သောဘိတထံမှ အနုမောဒနာ တရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ၎င်းနောက် (၃၆)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲတွင် ဆုရရှိကြသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။