အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ နှင့် တရုတ်နိုင်ငံရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတို့အကြား ဒေသတွင်း ပို့ဆောင်ဆက်သွယ်မှု တိုးတက်ရေးနှင့် သာယာဝပြောမှု မျှဝေရေးဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
နေပြည်တော် နိုဝင်ဘာ ၃၀
အာဆီယံ-တရုတ်စင်တာမှကြီးမှူး၍ အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ နှင့် တရုတ်နိုင်ငံရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတို့အကြား ဒေသတွင်းပို့ဆောင် ဆက်သွယ်မှုတိုးတက်ရေးနှင့် သာယာဝပြောမှုမျှဝေရေး ဖိုရမ်အစီအစဉ်ကို လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယင်ကျန်း မြို့နှင့် လွန်ပရာဘန်မြို့တို့၌ နိုဝင်ဘာလ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့ရာ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါ်တင်အေးဟန်နှင့် ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာလ ၂၆ ရက်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ရှိ ခရီးသွား ဆွဲဆောင်ရာ နေရာများဖြစ်သော ပသူလွန်းဘုရား၊ မြဘုရားထားရှိခဲ့သည့် ကျောင်းတော်ဟောင်း၊ ဗီယင်ကျန်းဖွံ့ဖြိုးရေးဇုန်တို့သို့ သွားရောက်လေ့လာကြပြီး ညနေပိုင်းတွင် ကြိုဆိုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
နိုဝင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဗီယင်ကျန်းမြို့ရှိ ဒုန်ချန်ပဲလေ့စ် ဟိုတယ်၌ ကျင်းပသည့် အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ နှင့် တရုတ်နိုင်ငံ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းတို့အကြား ဒေသတွင်း ပို့ဆောင်ဆက်သွယ်မှု တိုးတက်ရေးနှင့် သာယာဝပြောမှုမျှဝေရေးဖိုရမ်သို့ တက်ရောက်သည်။
ဖိုရမ်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် လာအိုနိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ၊ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ညီလာခံ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌတို့က အဖွင့်အမှာစကားများ ပြောကြားကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကား ပြောကြား ရာတွင် ယခုဖိုရမ်ကျင်းပရခြင်းသည် တရုတ်-အာဆီယံ နိုင်ငံများအကြား ရုပ်ပိုင်းဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာနှင့် လူသားအချင်းချင်း ဆက်သွယ်မှု ပေါင်းစည်းမှုအားလုံးကိုခိုင်မာစေရန် ရည်ရွယ်ကြောင်း၊ အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ အနေဖြင့် အာဆီယံနိုင်ငံများအကြား စဉ်ဆက်မပြတ် ရေရှည်တည်တံ့သည့် အခြေခံအဆောက်အဦများ ဖြစ်ပေါ်လာရေး၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် တီထွင်ကြံဆမှုများ တိုးတက်လာရေးနှင့် ပို့ဆောင်ဆက်သွယ်မှု လွယ်ကူစေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်းနိုင်ငံသားများ အချင်းချင်း ဆက်သွယ် ပေါင်းစည်းခြင်းတို့ကို မြှင့်တင်ဆောင်ရွက်သွားရန်ဖြစ်ပြီး တရုတ်နိုင်ငံရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း အနေနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးတက်လာစေကြောင်း၊ အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ လုပ်ငန်းစဉ်များတွင် မြန်မာ-လာအို စွမ်းအင်ကဏ္ဍပူးပေါင်း ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံအတွင်း မီးရထားလမ်းနှင့် အမြန်လမ်းမကြီးများ တည်ဆောက်ခြင်း စသည့် လုပ်ငန်းစဉ်များလည်း ပါဝင်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် အာဆီယံနိုင်ငံများ၏ အခြေခံအဆောက်အဦဆိုင်ရာ စီမံချက်များ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းခြင်းများနှင့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရေး ကဏ္ဍများတွင် ပူးပေါင်းကူညီပေးစေလိုကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းသာယာမှု၊ အားလုံးပါဝင်မှု၊ တန်းတူညီမျှမှု၊ အပြန်အလှန်သင်ယူမှုနှင့် အပြန်အလှန်အကျိုး ရှိမှုတို့ကို ဖြစ်ပေါ်လာနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အာဆီယံစီးပွားရေး အသိုက်အဝန်းဆိုင်ရာ အာဆီယံဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ်၊ အာဆီယံ-တရုတ်ဗဟိုဌာန အထွေထွေ အတွင်းရေးမှူးချုပ်တို့က အမှာစကားများ ပြောကြားကြသည်။
ယင်းနောက် မြန်မာကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အာဆီယံ-တရုတ် ဆက်သွယ်ပေါင်းစည်းမှု လုပ်ငန်းစဉ်များနှင့် အောင်မြင်မှုများအပေါ်ရှင်းလင်း ပြောကြားရာတွင် ၂၀၂၃ ခုနှစ် သြဂုတ်လစာရင်းများအရ မဟာစီမံကိန်း ၂၀၂၅ ပါ မဟာဗျူဟာလုပ်ငန်းစဉ် ငါးခုအောက်ရှိ နယ်ပယ် ၁၅ ခု၊ ရာခိုင်နှုန်းအားဖြင့် စီမံကိန်း၏ ၇၃ ဒသမ ၄၂ ရာခိုင်နှုန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ-တရုတ် ပို့ဆောင်ဆက်သွယ်မှု တိုးတက်ရေး၊ နည်းပညာပူးပေါင်း ဆောင်ရွက်ရေး၊ ဒစ်ဂျစ်တယ် လုပ်ငန်းစီမံချက် ၂၀၂၃ အစရှိသည်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်သည် အာဆီယံ-တရုတ် ဒေသတွင်းနိုင်ငံသား အချင်းချင်း အပြန်အလှန် ကူးလူးသွားလာ ဆောင်ရွက်မည့်နှစ်အဖြစ် သတ်မှတ်ထားကြောင်း၊ ယနေ့ကျင်းပသည့် ဖိုရမ်က အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ပြီး အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ နှင့် တရုတ်နိုင်ငံ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတို့ အကြား ချိတ်ဆက်ဆောင်ရွက်မှုများကို ပိုမိုတိုးတက် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်းစသည်ဖြင့် ပြောကြားသည်။
ယင်းနောက် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံမှူးကြီး ဒေါ်နန်းဖြူစင်သန်းမြင့်က အနာဂတ်ကာလတွင် ကြုံတွေ့ရမည့် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ၂၈ ရက်တွင် လွန်ပရာဘန်မြို့ရှိ ရှင်းသုန်ဘုရားကျောင်းနှင့် ဘုရင့်နန်းတော်ပြတိုက်တို့သို့ သွားရောက်လေ့လာခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ၂၉ ရက် မွန်းလွဲပိုင်းတွင် လွန်ပရာဘန်မြို့မှ ပြန်လည်ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ညနေပိုင်းတွင် ရောက်ရှိခဲ့သည်။
အဆိုပါဖိုရမ်ကို အာဆီယံပို့ဆောင် ဆက်သွယ်မှု မဟာစီမံကိန်း ၂၀၂၅ (Master Plan on ASEAN Connectivity- MPAC 2025) နှင့် Belt and Road Initiative (BRI)တို့အကြား ပိုမိုကောင်းမွန်သော ချိန်ညှိမှုရရှိစေရန်နှင့် ကိုဗစ်-၁၉ ကာလအလွန်ဒေသတွင်း ချိတ်ဆက်ဆောင်ရွက်မှုကို တစ်သမတ်တည်း အဆင့်မြှင့်တင်ရန် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ပြီး ဖိုရမ်သို့ အာဆီယံ-တရုတ် ဗဟိုဌာနမှ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကဏ္ဍမှ အကြီးအကဲများ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။