မွန်ရိုးရာဓလေ့ထုံးစံ ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်စေရေးနှင့် မျိုးဆက်သစ် မွန်လူငယ်မောင်မယ်များအား လက်ဆင့်ကမ်း အမွေပေးအပ်နိုင်ရေး မှာကြား

 

မွန်ရိုးရာဓလေ့ထုံးစံ ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်စေရေးနှင့် မျိုးဆက်သစ် မွန်လူငယ်မောင်မယ်များအား လက်ဆင့်ကမ်း အမွေပေးအပ်နိုင်ရေး မှာကြား

 

    မွန်ပြည်နယ်  မွန်ရိုးရာ ဓလေ့ထုံးစံ ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရေး  ဖော်ထုတ်ထိန်းသိမ်းရေး ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၂၉ ရက်နံနက်ပိုင်းတွင်  ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်   မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်တိုင်းရင်းသားရိုးရာ ဓလေ့ထုံးစံယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်စေရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းရေးနှင့် မွန်ရိုးရာ သက်ဝင်ကိုးကွယ်ယုံကြည်မှု ဓလေ့ထုံးတမ်းအစဉ်အလာများ  ဖော်ထုတ်ပြသနိုင်ရေးတို့အတွက်  ယခုကဲ့သို့ တွေ့ဆုံဆွေးနွေး ရခြင်းဖြစ်ကြောင်း၊  မွန်တိုင်းရင်းသား လူငယ်လူရွယ်များ၏ အသိပညာ တိုးပွားစေပြီး မွန်ရိုးရာယဉ်ကျေးမှုနှင့် မွန်တို့၏ ရှေးကျသော ဓလေ့ထုံးတမ်းများ၊ ရိုးရာ ယုံကြည်မှုများကို    အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ဖော်ဆောင်ပေးခြင်း၊ လက်ဆင့်ကမ်း ထိန်းသိမ်းခြင်းတို့ကို ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မွန်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို နက်နက်ရှိုင်းရှိုင်း မြတ်နိုးခြင်းသည် ဂုဏ်ယူဖွယ်ရာဖြစ်ခြင်းကြောင့် ယင်းအစဉ်အလာကို မျိုးဆက်သစ် မွန်လူငယ်မောင်မယ်များအား လက်ဆင့်ကမ်းအမွေ စနစ်တကျပေးအပ်နိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ချောင်းဆုံမြို့နယ် မွန်ယဉ်ကျေးမှုအဖွဲ့ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး  ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၄/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာလ ၃၀ ရက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ဆက်လက်ကျင်းပရာ မွန်ပြည်နယ်   ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။

ယင်းနောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်က ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် စပ်လျဉ်းပြီး လုပ်ထုံးလုပ်နည်းများနှင့် အညီ ခွင့်ပြုချက်တင်ပြလာသည့် ကိစ္စရပ်များနှင့်ပတ်သက်၍  ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးများနှင့်ကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေး တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။