ယမန်နေ့မှအဆက်
''ဟုတ်ပါတယ်လေ၊ နောင်ခါလာနောင်ခါဈေးပဲ ထားလိုက်တာ ကောင်းပါတယ်ရှင်။ ဒီလိုပါ မခင်ရီရယ်၊ ကျွန်မဟာ မောင်ကြီး ကိုချစ်သောင်းရဲ့ငယ်ချစ်ဆိုတာ မခင်ရီတို့လည်း သိပြီးဖြစ်ပါလိမ့်မယ်''
မမြသွေးသည် မိဘပေးစားသော ကျောက်ကုန်သည် ဘုတလင်သား ကိုတင်မြင့်၊ ပုကွကွ ပါးစပ်ပြဲပြဲကို မချစ်ခဲ့ပေ။ ကြင်နာမြတ်နိုးခြင်းတို့ ခန်းခြောက်၍ မုန်းတီးတာ၊ အာဃာတပြင်းမှုတွေသာ စီရီပွားဆင့်ရင်း ဂျပန်ခေတ်သို့တိုင်ခဲ့ကာ မမြသွေး၏ လင် ကိုတင်မြင့်မှာ မန္တလေးမှ ပွဲကတော်သားအမိနှင့် ထွက်ပြေးသည်။
ကျေးရွာသားတို့ ပြက်ရယ်ပြုကြသလို ဘုတလင် သား ကိုတင်မြင့်သည် နုံသူထုံထိုင်းသူ မဟုတ်မူ၊ ပါးစပ်ပြဲကာ ပုကွသလောက် အပိုင်ကြံတတ်သဖြင့် ပွဲကတော် သမီး မိမိကြီးနှင့် နှစ်ပါးဂဟေဆက် စုလျားကြင်ဖက်ခဲ့ကြသည်။ ကိုတင်မြင့်သည် မုံရွာကျေးတောသူ မြသွေးထက် များစွာတီတာကြည်သာ ဖွဲ့နွဲ့၍ ဂွမ်းပုံကြီးလို ဖြူနုသော မိမိကြီးကို အရတော်စွဟု ပုံ၍ချစ်၏။
ပါလာသော အထုပ်ကို ပုံပေး၏။ မမြသွေးသည် ငယ်ချစ်ဟောင်းကို ပြန်မပေါင်းဘဲ မုန်းသော ကိုတင်မြင့်ကို စောင့်ဆိုင်းနေစဉ် ကိုတင်မြင့် မန္တလေးမှာ သေပြီဆိုသော သတင်းကိုကြား၍ မန္တလေးသို့တက်သွားရာ မိမိကြီးတို့ သားအမိကို လည်းကောင်း၊ သတင်းအစအနကို လည်းကောင်း မတွေ့ရတော့ပေ။
သို့သော် ကိုတင်မြင့်မှာ ရိုးရိုးမသေ၊ အသတ်ခံရသည် ဆိုတာ မမြသွေး သိရပြန်၏။
ရဲအဖွဲ့သို့ တိုင်တန်းပြီး အလောင်းကို ဖော်ကြည့်ရာ မမြသွေးကြားရသော သတင်း မှန်ကန်နေသည်။ ရဲက လူသတ်မှုဖွင့်၏။ မမြသွေးက လူသတ်သမားကို လိုက်လံ ရှာဖွေသည်။
မမြသွေး၏ စိတ်ကိုဆန်းကြယ်သည် ဆိုရမည်လား။
သိရခက်သည် ဆိုရမည်လားမသိ။
သို့ရာတွင် လူ့မာနနှင့် လူ့ဝန်တိုမှုတစ်ရပ်သာဖြစ်၏။
ကလေးတွေသည် ကိုယ်မကစားချင်၍ ပစ်ချထားသော ကစားစရာကို တစ်ပါးကလေး ကောက်ယူသွားတာ မကြိုက်၊ လုယက်၍ဖြစ်စေ၊ သတ်ပုတ်၍ဖြစ်စေ၊ ငိုယို၍ ဖြစ်စေ ပြန်ယူသည်။ နောက် သူလွှင့်ပစ်ချင်ပစ်မည်။
သိမ်းချင် သိမ်းထားမည်။
မုံရွာကျေးတောသူ ရိုးအ မမြသွေးသည် ကလေးတို့၏ ဝန်တိုစရိုက်မှ ရင့်ကျက်သော လူကြီးတို့၏ မခံချင်စိတ် ပူးကပ်ခံရသဖြင့် သတ္တိစွမ်းပကား ရှိလာ၏။
တစ်ဖက်တွင် မိမိကြီးတို့ သားအမိသည် ကိုတင်မြင့် နုံပေါပေါကို သတ်ပြီး ပစ္စည်းအပိုင်စီးကာ ရန်ကုန်ဆင်းလာ၍ ဂုဏ်ကြီးဒြပ်ကြီးပိုင်းတွင် တိုးဝင်ကြီးပွားနေစဉ် ပွဲကတော် ကွယ်လွန်သည်။ မိမိကြီးမှာ လည်ရင်းစွဲနှင့် ပါးနပ်ကျွမ်းကျင်နေ၏။ ပါတီနှင့် ရင်းနှီး၍ မိအင်ကိုး တည်ထောင်ကာ တိုးဆင့်ကြွယ်ဝလာလေသည်။
သူ့နောက်သို့ သဲသဲမဲမဲ လိုက်လာသူမှာ မမြသွေး။
အထက်မှအောက်သို့စုန်ရင်း မြို့ကြီးများကို ပိုက်စိပ်တိုက်သလို မမြသွေးသည် ရန်ကုန်ကိုလည်း တစ်ရပ်ကွက်ချင်း တစ်အိမ်ချင်းစေ့စပ်စွာ မြေလှန်သည်။ ကြာတော့ကြာ၏။ အခဲမကျေစတမ်း လုပ်သူတို့အတွက် ကြာသည်မရှိ။ စိတ်မရှည်စရာဆိုတာလည်း မရှိ။
လွန်ခဲ့သောလကတော့ မမြသွေးသည် မိမိကြီးအား ရှာဖွေတွေ့လေ၏။ လူယုံတော် မိပြားနှင့် သွားရင်းလာရင်း မကြာခဏဆုံအောင် လုပ်၍ အတွင်းသတင်းကို နှိုက်ယူ လေ့လာသည်။
အမှုဖြစ်ပွားသော ညနေတွင် မိပြား ဈေးသွားခိုက် မမြသွေးတက်လာ၏။ သို့သော် အခန်းထဲတွင် ကိုသန်းနိုင် ရှိနေသည့်အတွက် ဘုရားခန်းထဲ ဝင်ခိုနေရသည်။
ကိုသန်းနိုင်ပြန်ခဲလှ၏။
သူက သောင်းကျန်းချင်သည်။ မိမိကြီးက ကန်သည်။ အင်သည်။ သို့နှင့် စကားများကြရာ ကိုသန်းနိုင်က လည်ပင်းကိုညှစ်၏။
''ဘုရား ဘုရား၊ သေမသွားပါစေနဲ့။ အသေမသတ် ပါစေနဲ့''
မမြသွေးမှာ ကိုယ်တိုင်မသတ်ရမှာစိုး၍ ဆုတောင်းနေရသည်။
ကိုသန်းနိုင် ဆင်းသွား၏။
မမြသွေးက မိမိကြီး၏ အခန်းထဲပြေးဝင်လာသည်။
မိမိကြီးက လျှောသောအဝတ်၊ ပြေသောအဝတ်ကို မသိမ်းဆည်းသေးဘဲ အရက်ကို အငမ်းမရသောက်၏။ စီးကရက်ကို ဆက်ခါဆက်ခါဖွာ၏။
''ဘာလဲ ဘာကိစ္စလဲ''
''ငါလေ နင်တို့သားအမိ လူသတ်ပြီး ပစ္စည်းယူသွားတဲ့ ဘုတလင်က ကိုတင်မြင့်မယားဘဲ''
''ဟင်''
ဖန်ခွက်ကွဲကျ၏။ စီးကရက်လွတ်ကျသွား၏။
''နင့်အလှည့်ကျမှ နင်သေရမှာ ကြောက်သလားဟဲ့''
မမြသွေးက မိမိကြီး၏ ပခုံးနှစ်ဖက်ကိုကိုင်၍ လှုပ်ယမ်းသည်။ စိတ်ရှိလက်ရှိ ခလောက်သည်။
မိမိကြီးမှာ မျက်လုံးပြူးလျက် ပျော့ခွေသွား၏။
''သေပြီ''
ကိုယ့်လက်ဖြင့် မသတ်လိုက်ရတာ နာစရာကောင်းသည်။ သို့စဉ် ရှေ့ခန်းမှ ခြေသံကြားရသည်။ မမြသွေးက ခုတင်အောက် ဝင်ပုန်းနေ၏။ ခြေသံရှင်မှာ နောင်အေးဖြစ်၏။
''အဲဒီလူ ပြန်ထွက်သွားတော့ ကျွန်မလည်း ဘုရားခန်းထဲ ပြန်ရောက်လာတာပါပဲ။ အဲဒီလူ အောက်ဆင်းသွားတော့ ကျွန်မလည်း သူ့နောက်က နည်းနည်းခွာပြီး ဆင်းလိုက်သွားတယ်။ အဲဒါဟာ ကျွန်မကြောက်နေတဲ့ ကိစ္စပါပဲ။ အကြောင်းတစ်ခုရှိလို့ မောင်ကြီးကို မယူနိုင်သေးတာဟာ ဒီမိန်းမကို လက်စား မချေနိုင်သေးလို့ပါပဲ။
အခု လက်စားချေပြီးပြန်တော့ မယူနိုင်သေးဘူး။ ဒီအမှုပေါ်လာရင် မောင်ကြီးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှာစိုးလို့ပါပဲ။ ကျွန်မ ဘာလုပ်ရမလဲ မခင်ရီရယ်''
မခင်ရီ၊ ပန်းနှင့်ကိုချစ်သောင်းတို့သည် ငိုင်နေကြ၏။
နောက် သက်ပြင်းပြိုင်တူချလိုက်ကြကာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကြသည်။ မမြသွေးမှာ မျက်နှာတွေကို အားကိုးတကြီး လိုက်ကြည့်နေ၏။
''စောစောက ရဲမင်းကြီးဆိုတာလေး ကြားရုံနဲ့ မေ့သွားတာဟာလည်း ဒါကြောင့်ပါပဲ။ လုပ်သာလုပ်ရတယ်။ သွေးကတော့ အလိုလိုနေရင်း လန့်နေပါပြီရှင်''
ပန်းက မျက်တောင် တဖျပ်ဖျပ်ခတ်ရင်း လှုပ်ရှားလာသည်။
ဆက်လက်ဖော်ပြပါမည်။