(၅)ကြိမ်မြောက် ကမ္ဘာ့မီဒီယာ ညီလာခံတက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ထွက်ခွာ

 

 (၅)ကြိမ်မြောက် ကမ္ဘာ့မီဒီယာ ညီလာခံတက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ထွက်ခွာ

 

ရန်ကုန်  ဒီဇင်ဘာ  ၁

    တရုတ်ပြည်သူ့သမ္မတနိုင်ငံ  ကွမ်တုံပြည်နယ် ကွမ်ကျိုးမြို့နှင့် ယူနန်ပြည်နယ် ကူမင်းမြို့တို့တွင် ဒီဇင်ဘာလ ၁ ရက်မှ ၈ ရက်အထိ ကျင်းပမည့်   (၅)ကြိမ်မြောက် ကမ္ဘာ့မီဒီယာ ညီလာခံသို့ ပါဝင်တက်ရောက်ရန် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ကျိုးမြို့သို့ လေကြောင်း ခရီးဖြင့် ထွက်ခွာသွားကြသည်။

မြန်မာကိုယ်စားလှယ် အဖွဲ့တွင် ပြန်ကြား ရေးဝန်ကြီးဌာန  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား  ညွှန်ကြားရေးမှူးချုပ်  ဦးရဲနိုင်၊ မီဒီယာဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင်နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဦးစီးအရာရှိ ဒေါ်အေးဝါလှိုင်တို့ ပါဝင်ပြီး အဆိုပါအဖွဲ့အား    ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်   ဆင်ဟွာသတင်းဌာန (ရန်ကုန်ရုံးခွဲ)မှ  ကိုယ်စားလှယ်များက  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

(၅)ကြိမ်မြောက် ကမ္ဘာ့မီဒီယာညီလာခံ ဖွင့်ပွဲနှင့် မျက်နှာစုံညီ အစည်းအဝေးများကို  ဒီဇင်ဘာလ ၁ ရက်မှ ၄ ရက်အထိ ကွမ်ကျိုးမြို့တွင် ကျင်းပမည်ဖြစ်ပြီး အလုပ်ရုံ ဆွေးနွေးပွဲနှင့် ဖိုရမ်များ ကျင်းပမည်ဖြစ်ရာ နိုင်ငံတကာမှ  ပြန်ကြားရေးဆိုင်ရာ အစိုးရ အဆင့်မြင့် အရာရှိကြီးများ၊  မီဒီယာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၅၀ ခန့် တက်ရောက်ကြမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၅ ရက်တွင် ကူမင်းမြို့၌ ကမ္ဘာ့ မီဒီယာညီလာခံကို ဆက်လက်ကျင်းပမည်ဖြစ်ပြီး 2nd Elephant International Communications  Forum ကိုလည်း ကျင်းပမည်ဖြစ်ကြောင်းနှင့် ညီလာခံများကို နိုင်ငံတကာ သတင်းဌာနများဖြစ်သည့် ဆင်ဟွာ သတင်းအေဂျင်စီ၊ AP ၊ Reuters ၊ TASS  သတင်းဌာနနှင့် ကျိုဒိုသတင်းဌာန စသည့် ကမ္ဘာ့သတင်း မီဒီယာအဖွဲ့များ၏ ပူးပေါင်း စီစဉ်မှုဖြင့်၂၀၀၉ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။