မြန်မာနိုင်ငံအမျိုးသား ယဉ်ကျေးမ ှုဗဟိုကော်မတီ သတ္တမအကြိမ် အစည်းအဝေးသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်

 

မြန်မာနိုင်ငံအမျိုးသား ယဉ်ကျေးမ ှုဗဟိုကော်မတီ သတ္တမအကြိမ် အစည်းအဝေးသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်

 

နေပြည်တော်  ဒီဇင်ဘာ  ၁

    မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ သတ္တမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင်   နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ယဉ်ကျေးမှုရတနာ ခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပြည်ထောင်စုဝန်ကြီးများ   ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် Jeng Phang  နော်တောင်၊ မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှု ဗဟိုကော်မတီ အကြံပေးပုဂ္ဂိုလ် ဦးကိုကို၊ ဒုတိယဝန်ကြီးများ၊  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကော်မတီဝင်ပညာရှင်များ၊   အသင်းအဖွဲ့ ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ  အမျိုးသား ယဉ်ကျေးမှုဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း က မြန်မာ့ရှေးဟောင်း မြို့ပြနိုင်ငံများတွင် တွေ့ရှိခဲ့သည့် စိတ်ပိုင်းဆိုင်ရာ၊  ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ် အထောက်အထားများ၊ စာပေ အထောက်အထားများနှင့် အိမ်နီးချင်းနိုင်ငံများ၏  ခေတ်ပြိုင်မှတ်တမ်းများအရ မြန်မာလူမျိုးများသည် ရှည်လျားသည့် သမိုင်းကြောင်း တစ်လျှောက်တွင် ဘာသာစကားဆိုင်ရာ အဆုံးအမများ၊ အဆင့်အတန်း မြင့်မားသည့် ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ သိမ်မွေ့နက်နဲသည့် အနုသုခုမပညာရပ်များဖြင့်  ကိုယ်ပိုင်အမျိုးသား ယဉ်ကျေးမှုတစ်ခုကို ခြေခြေမြစ်မြစ် ထူထောင်ခဲ့ကြပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစွာ နေထိုင်လာခဲ့ကြသည့် လူမျိုးအဖြစ် ခိုင်မာစွာ တွေ့ရှိရကြောင်း။

 မြန်မာနိုင်ငံတွင်ရှိသည့် ဒြပ်ရှိ/ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို   မိမိတို့နိုင်ငံသားအားလုံးက အမျိုးသားရေးအသိ၊ အမျိုးသားရေး တာဝန်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏  ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်များထဲမှ အစောဆုံး ယဉ်ကျေးမှု ထွန်းကားခဲ့သည့်  ပျူမြို့ဟောင်းသုံးမြို့ဖြစ်သော ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာနှင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသတို့သည် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ်   သတ်မှတ်ခံခဲ့ရပြီးဖြစ်ကြောင်း၊  ထို့ပြင်  မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကိုလည်း ကမ္ဘာ့အမွေအနှစ်  စာရင်းဝင်ဖြစ်စေရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း။

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဒေသ ၄၈ ခုကို ဥပဒေနှင့်အညီ ကာကွယ် ထိန်းသိမ်း စောင့်ရှောက်လျက်ရှိကြောင်း၊ မိမိတို့ ဗဟိုကော်မတီကလည်း မူဝါဒချမှတ်ပေးခြင်း၊ နယ်မြေအပိုင်းအခြားများ သတ်မှတ်ပေးခြင်း၊ ထိထိရောက်ရောက် ကာကွယ် စောင့်ရှောက်ပေးနိုင်ရန် ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် ရှေးဟောင်းနေရာများ၊ ရှေးဟောင်း အဆောက်အအုံများနှင့် ရှေးဟောင်းပစ္စည်းများကို မပျောက်ပျက်၊မဆုံးရှုံးရအောင် လိုအပ်သလို လမ်းညွှန်ကြီးကြပ်ပေးလျက် ရှိကြောင်း၊ ဒြပ်ရှိ၊ ဒြပ်မဲ့များရွှေ့ပြောင်းနိုင်သည့် ပစ္စည်းအသေးများနှင့် မရွှေ့ပြောင်းနိုင်သည့် အဆောက်အအုံကြီးများ အပြင် ကျယ်ပြန့်ပြီး အဆောက် အအုံ များစွာရှိသည့် ရှေးဟောင်းဒေသများကိုပါ ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း။

ပြတိုက်များသည်   နိုင်ငံ၏သမိုင်း၊ ယဉ်ကျေးမှုနှင့်  အဆင့်အတန်းကို ဖော်ပြနိုင်ရုံသာမက  မျိုးဆက်သစ်များကိုပါ အသိပညာပေးသည့် နေရာများဖြစ်သည့်အတွက် ပြတိုက်များ အဆင့်မြှင့်တင်ရေး၊ ထိထိရောက်ရောက် ပညာပေးနိုင်ရေးနှင့် ပုဂ္ဂလိကပြတိုက်များ   တည်ထောင်ဖွင့်လှစ်နိုင်ရန် အတွက်လည်း    မူဝါဒချမှတ်လမ်းညွှန် အားပေးလျက်ရှိကြောင်း၊ လိုအပ်နေသေးသည့် မြန်မာနိုင်ငံ ပြတိုက်များ ဥပဒေပြဋ္ဌာန်းနိုင်ရန်လည်း  ဆောင်ရွက်လျက်ရှိကြောင်း။

မြန်မာတိုင်းရင်းသားတို့၏   ရိုးရာယဉ်ကျေးမှု အနုသုခုမများ၊ တိုင်းရင်းသား ရိုးရာအက၊ ဂီတယဉ်ကျေးမှု အနုပညာများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို နှစ်စဉ် ကျင်းပပေးခဲ့သည်မှာ   (၂၄)ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း။

(၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့၏  မူပိုင်အမျိုးသား ယဉ်ကျေးမှုများ မှေးမှိန်ပျောက်ကွယ်သွားပါက   နိုင်ငံနှင့် လူမျိုးအပေါ် အထင်ကြီးလေးစားမှု လျော့နည်းပြီး အမျိုးသားရေး အားမာန်ခန်းခြောက်လာသည်နှင့်အမျှ နိုင်ငံ၏ အချုပ်အခြာအာဏာကို နှောင့်ယှက်ထိပါး လာကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတိုင်းက မိမိတို့၏ ကိုယ်ပိုင်အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများ၊ အမျိုးသားရေးစံနှုန်းများ မှေးမှိန်တိမ်ကော ပျောက်ကွယ်သွားခြင်း မရှိရအောင်လည်း အမျိုးသားရေး စိတ်ဓာတ်ခိုင်မြဲအောင် ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်လျက်ရှိနေကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်းကို အမှာစကား ပြောကြားခဲ့ပြီး ဖြစ်ကြောင်း။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သည့် နိုင်ငံဖြစ်သည် နှင့်အညီ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များလည်း ထောင်ပေါင်းများစွာ ရှိကြောင်း၊ ဘာသာစကားများ၊ ပုံပြင်များ၊ ရိုးရာလက်မှုပညာရပ်များ၊ ဓလေ့ထုံးစံများ၊ အနုပညာရပ်များအားလုံးသည်   ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များက စာရင်းကောက်ယူ မှတ်တမ်းတင်ထားသည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ပေါင်း၂၂၈၉ ခုကို သတ်မှတ်ထားပြီးဖြစ်ကြောင်း။

 မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အရေးပါသည့် ဥပဒေများကို ပြဋ္ဌာန်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများက  ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန်လည်း   တိုက်တွန်းလိုကြောင်း၊ ယင်းဥပဒေများကို ပြဋ္ဌာန်းခြင်းဖြင့် ယဉ်ကျေးမှု အမွေအနှစ်များကို ဥပဒေနှင့်အညီ ပိုမိုထိရောက်စွာ ကာကွယ်စောင့်ရှောက်လာနိုင်ပြီး တစ်ဖက်ကလည်း ပြည်သူများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို  ဟန်ချက်ညီညီ  ဖော်ဆောင်လာနိုင် မည်ဖြစ်ကြောင်း၊ ထုတ်ပြန်ခဲ့သည့် ဥပဒေ၊ နည်းဥပဒေများကိုလည်း   ပြည်သူလူထုအကြား ချပြရှင်းလင်း အသိပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်ရန်လည်း မဖြစ်မနေ လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်   မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှုဗဟိုကော်မတီ  ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဒြပ်ရှိ/ ဒြပ်မဲ့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်စာရင်း  တင်သွင်းရေး၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်စောင့်ရှောက်ခြင်းနှင့် စေတီ၊ ပုထိုး စသည့်   သာသနိက အဆောက်အအုံများ၊ ဗုဒ္ဓဘာသာဆိုင်ရာ ဘုရားပုထိုးများအား Digital နည်းပညာဖြင့် Directory  ပြုလုပ်ဆောင်ရွက်နေမှု အခြေအနေများ၊ ယဉ်ကျေးမှုအမွေအနှစ်  ဖော်ထုတ်ထိန်းသိမ်းခြင်း အတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ အမျိုးဂုဏ်ဇာတိဂုဏ် မြင့်မားရေးဆိုင်ရာ  ဆောင်ရွက်ချက်များနှင့် လက်ရှိဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို  ရှင်းလင်းတင်ပြသည်။

ယင်းနောက်  ဗဟိုကော်မတီ အတွင်းရေးမှူး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ၏  ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့်   ဆောင်ရွက်ရန် ကျန်ရှိသည့်လုပ်ငန်းများကို ရှင်းလင်း တင်ပြသည်။

ဆက်လက်၍    အစည်းအဝေးသို့ တက်ရောက်လာကြသူများက မြန်မာနိုင်ငံ၏ ဒြပ်ရှိ^ဒြပ်မဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များနှင့် တိုင်းရင်းသားရိုးရာဓလေ့ ထုံးတမ်းစဉ်လာများ    ရှာဖွေဖော်ထုတ် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးဆိုင်ရာများ၊ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ် ထိန်းသိမ်းရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြီး     လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး၍ နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။