အာဆီယံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့(ASEAN-PAC )၏ (၁၉)ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

 

အာဆီယံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့(ASEAN-PAC )၏ (၁၉)ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

 

နေပြည်တော်  ဒီဇင်ဘာ  ၁

    အာဆီယံဒေသတွင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အေဂျင်စီများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံအဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption- ASEAN-PAC) ၏ (၁၉) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေး ပထမနေ့ကို နိုဝင်ဘာလ ၂၉ ရက်တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ Landmark Mekong Riverside Hotel  ၌ ကျင်းပရာ မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ 

အစည်းအဝေးတွင် သဘာပတိအဖြစ် လာအိုနိုင်ငံအစိုးရ စုံစမ်းစစ်ဆေးရေး အာဏာပိုင် အဖွဲ့ဥက္ကဋ္ဌ H.E. Mr.Khamphanh PHOMMATHATH  ကဆောင်ရွက်ပြီး ယခင်နှစ်က ကျင်းပခဲ့သည့် (၁၈)ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေး မှတ်တမ်းကို အတည်ပြုခြင်း၊  ယခင်နှစ်က အလှည့်ကျ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့မှ တစ်နှစ်တာလုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ အဖွဲ့ဝင်နိုင်ငံ အသီးသီးအနေဖြင့် ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စွမ်းဆောင်ရည်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ နိုင်ငံအလိုက်  ရှင်းလင်းဆွေးနွေးခြင်း၊  ကုလ သမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ဒေသဆိုင်ရာ ကိုယ်စားလှယ်မှ ဆွေးနွေးတင်ပြခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။

မြန်မာနိုင်ငံအဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် အများပြည်သူဆိုင်ရာ အသိပညာပေးမှုနှင့် အများပြည်သူမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို  အလေးထား ဆွေးနွေးခဲ့ပြီး အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍများတွင် ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ အသိပညာပေး အစီအစဉ်များကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နေမှု၊ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများ၊ ဖြောင့်မတ်တည်ကြည်မှု လူငယ်စကားဝိုင်းများနှင့် Edutainment အစီအစဉ်များ မှတစ်ဆင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် လူငယ်များ ပါဝင်လာရေး မြှင့်တင်ဆောင်ရွက်နေမှု၊ Edutainment အစီအစဉ်များတွင်ပါဝင်သည့် ကျောင်းသားများနှင့် ဆရာ၊ ဆရာမများထံမှ ကောင်းမွန်သည့် တုံ့ပြန်မှုများရရှိခဲ့မှု၊ ဖြောင့်မတ် တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်များကိုလည်း ထုတ်ဝေဖြန့်ချိခြင်း ဆောင်ရွက်နေမှု၊ ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍  အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေး အဖွဲ့(Corruption Prevention Unit - CPU) များ ဖွဲ့စည်းဆောင်ရွက်နေမှု၊ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်(Public Feedback Programme-  PFP) များ ဆောင်ရွက်နေမှု၊ နိုင်ငံ့ဘဏ္ဍာ ပြန်လည်ရယူနိုင်ရန် ဦးတည်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေမှု၊ သတင်းပေးသူ အကာကွယ်ပေးရေး ဥပဒေမူကြမ်း ရေးဆွဲဆောင်ရွက်နေမှုနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် ယင်းနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အဂတိလိုက်စားမှု  တိုက်ဖျက်ရေး ကော်မရှင်နှင့်  လာအိုနိုင်ငံအစိုးရ စုံစမ်းစစ်ဆေးရေး အာဏာပိုင်အဖွဲ့တို့အကြား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း၊  ညနေပိုင်းတွင် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် လာအိုနိုင်ငံအစိုးရ စုံစမ်းစစ်ဆေးရေး အာဏာပိုင်အဖွဲ့  (State   Inspection Authority-SIA)      ဥက္ကဋ္ဌ      H.E. Mr.Khamphanh PHOMMATHATH ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် လည်းကောင်း၊ ထိုင်းဘုရင့်နိုင်ငံ အမျိုးသားအဂတိလိုက်စားမှု ဆန့်ကျင်ရေး ကော်မရှင် (National Anti-Corruption Commission-NACC) မှ Deputy Secretary-General Mr.Prateep Juthasron ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် လည်းကောင်း တွေ့ဆုံ၍  အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။ ထို့နောက်  လာအိုနိုင်ငံ အစိုးရစုံစမ်း စစ်ဆေးရေး အာဏာပိုင်အဖွဲ့ (State Inspection Authority - SIA) ဥက္ကဋ္ဌမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

အစည်းအဝေး ဒုတိယနေ့ဖြစ်သည့် နိုဝင်ဘာလ ၃၀ ရက်တွင် ASEAN-PAC E-Booklet  မူကြမ်းနှင့် လွှင့်တင်ရေး ကိစ္စရပ်များ ဆွေးနွေးခြင်း၊  ၂၀၂၄  ခုနှစ်တွင် ASEAN-PAC အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည့်  အဆိုပြုခေါင်းစဉ်အပေါ် ဆွေးနွေးခြင်း၊ ၂၀၂၄ ခုနှစ် အဖွဲ့ဝင်အလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်မည့် အင်ဒိုနီးရှား နိုင်ငံ KPK မှ အစည်းအဝေး လက်ခံကျင်းပရေး ကိစ္စရပ်များဆွေးနွေးခြင်း၊ ASEAN- PAC ၏   ဆက်သွယ် ဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များစာရင်းအား အတည်ပြုခြင်းတို့ ဆောင်ရွက်ခဲ့ပြီး  ပိတ်ပွဲအခမ်းအနားသို့ လာအိုနိုင်ငံအစိုးရ စုံစမ်းစစ်ဆေးရေး အာဏာပိုင်အဖွဲ့(State Inspection Authority - SIA) ဥက္ကဋ္ဌ  H.E. Mr. Khamphanh PHOMMATHATH  က ကျေးဇူးတင် စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။