ဝန်ကြီးဌာန အားကစားပြိုင်ပွဲများကို ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အားပေးကြည့်ရှု ဆုများချီးမြှင့်
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ ဝန်ထမ်းများ စိတ်ပျော်ရွှင်စေရေးနှင့် စည်းလုံးညီညွတ်ရေးတို့ကို ရည်ရွယ်လျက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ လွန်ဆွဲ အားကစားပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တက်ရောက်ကြည့်ရှု အားပေးသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီး ဌာနအနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာလမှစတင်၍ ဦးစီးဌာနအလိုက် ဘောလုံးပြိုင်ပွဲများ၊ ဖူဆယ်ပြိုင်ပွဲများ၊ ဘော်လီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများ၊ အသင်းလိုက် ထုပ်ဆီးတိုးပြိုင်ပွဲများကို ကျင်းပခဲ့သည်။
အဆိုပါအားကစားပြိုင်ပွဲများအလိုက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပရာ အားကစားပြိုင်ပွဲနည်းအလိုက် နှစ်သိမ့်ဆုရ အသင်းများအား ဒုတိယအမြဲတမ်း အတွင်းဝန်က လည်းကောင်း၊ တတိယဆုရအသင်းများအား သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း၊ ဒုတိယဆုရ အသင်းများအား ဒုတိယဝန်ကြီးက လည်းကောင်း၊ အမျိုးသားလွန်ဆွဲပြိုင်ပွဲ ပထမဆုရ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအသင်း၊ အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ ပထမဆုရ သမဝါယမဦးစီးဌာနအသင်း၊ အမျိုးသား ဘောလုံးပြိုင်ပွဲပထမဆုရ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအသင်း၊ အမျိုးသား ဘော်လီဘောပြိုင်ပွဲ ပထမဆုရ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနအသင်း၊ ဖူဆယ်ပြိုင်ပွဲပထမဆုရ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအသင်း၊ ထုပ်ဆီးတိုးပြိုင်ပွဲ ပထမဆုရ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအသင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမဆုရ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန အသင်းတို့ကို ပြည်ထောင်စုဝန်ကြီးက ဆုဖလား၊ တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။