လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူစာချုပ် ချုပ်ဆိုဆောင်ရွက်လျက်ရှိသော စာချုပ်ဆေးခန်းများမှ တာဝန်ရှိသူများအား ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တွေ့ဆုံ
နေပြည်တော် ဒီဇင်ဘာ ၁
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့မွန်းလွဲပိုင်းတွင် လူမှုဖူလုံရေး အဖွဲ့ရုံးချုပ် စုပေါင်းအစည်းအဝေး ခန်းမ၌ လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူစာချုပ် ချုပ်ဆိုဆောင်ရွက်လျက်ရှိသော ဆေးခန်းများ၏ အာမခံအလုပ်သမားများအတွက် ဆေးကုသဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ စာချုပ်ဆေးခန်းမှ တာဝန်ရှိသူများကို တွေ့ဆုံသည်။
အစည်းအဝေးသို့ အလုပ်သမားဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန်၊ လူမှုဖူလုံရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူစာချုပ် ချုပ်ဆိုဆောင်ရွက်လျက် ရှိသော စာချုပ်ဆေးခန်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေး အဖွဲ့အနေဖြင့် အဓိကလုပ်ငန်းစဉ်နှစ်ရပ် ဖြစ်သည့် အာမခံ အလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း ((Providing Free Medical Care)၊ ငွေကြေးအကျိုး ခံစားခွင့်ပေးခြင်း (Providing Cash Benefits) တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှုဖူလုံရေး အဖွဲ့၏ အဓိက လုပ်ငန်းစဉ်တွင်ပါဝင်သည့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို တစ်ဖက်တစ်လမ်းမှ ဝန်ဆောင်မှုပေးလျက်ရှိသည့် Providers များ အားလုံးကို ကျေးဇူးတင်ကြောင်း၊ အာမခံ အလုပ်သမားများ၏ ကျန်းမာရေး ဝန်ဆောင်မှု လိုအပ်ချက်များကို ကောင်းမွန်ပြည့်စုံစွာ ဖြည့်ဆည်းပေးအပ်နိုင်ရေး အတွက် လူမှုဖူလုံရေး အဖွဲ့ပိုင် အလုပ်သမားဆေးရုံကြီးများ/ မြို့နယ်လူမှုဖူလုံရေး ဆေးခန်းများအပြင် ပုဂ္ဂလိကနှင့် ပူးပေါင်းပြီး စာချုပ်ဆေးရုံ/ဆေးခန်းများ ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း။
ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် ၂၀၁၅ ခုနှစ်မှစတင်ပြီး Carewell Medical Co., Ltd နှင့်ပူးပေါင်းကာ အဖွဲ့ပိုင်ဆေးခန်းများတွင် Carewell Medical Co.,Ltd မှ လိုအပ်သော ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၊ ဆေးနှင့်ဆေးပစ္စည်း ကိရိယာများဖြည့်တင်းကာ ဆေးဘက်စီမံခန့်ခွဲမှု လုပ်ငန်းများအပါအဝင် ဆေးကုသမှု ဝန်ဆောင်မှုများကို ပေးအပ်သည့် စမ်းသပ်ဆေးခန်းများအဖြစ် Carewell Medical Co., Ltd. နှင့် စတင်ဆောင်ရွက်ခဲ့ကြောင်း။
၂၀၁၈ ခုနှစ် ဧပြီလတွင် နိုင်ငံတကာတွင် ကျင့်သုံးအောင်မြင်နေသည့် Provider Purchaser Split (Capitation Payment) စနစ်ဖြင့် စာချုပ်ဆေးခန်းများ ဖွင့်လှစ်ခဲ့ပြီး Capitation Payment စနစ် စာချုပ်ဆေးခန်း ၂၄ ခု၊ Fee for Service Payment စာချုပ်ဆေးခန်း ၂၈ ခု ဖွင့်လှစ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အကျုံးဝင်အာမခံ အလုပ်သမားများအနက် အမျိုးသမီး အလုပ်သမားများသည် သုံးပုံ နှစ်ပုံခန့်ရှိခြင်းကြောင့် သားဖွားမီးယပ်ပြင်ပ လူနာကုသမှု (Specialist OG OPD Care) နှင့် မီးဖွားခြင်းဆိုင်ရာ ဝန်ဆောင်မှုများကို ထပ်တိုးဝန်ဆောင်မှု ဆောင်ရွက်ပေးနိုင်ခဲ့၍ စာချုပ်ဆေးရုံ/သားဖွားခန်း ၁၂ ခု ဖွင့်လှစ်ဆောင်ရွက်လျက် ရှိကြောင်း၊ စာချုပ်ဆေးခန်းများ အနေဖြင့် ဝန်ဆောင်မှုဆောင်ရွက်ပေးသည့် နေရာတွင် စေတနာ၊ မေတ္တာထားပြီး အလုပ်သမားဆေးရုံကြီးများ အသွင်အပြင် ခန့်ညားစေရေး၊ ဝန်ဆောင်မှုတိုးတက်ကောင်းမွန်စေရေး တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က စာချုပ်ချုပ်ဆိုဆောင်ရွက်လျက် ရှိသော စာချုပ်ဆေးရုံ/ဆေးခန်းများနှင့် ပတ်သက်၍ ဆေးကုသ ဆောင်ရွက်ပေးမှု အခြေအနေများနှင့် စာချုပ်ဆေးခန်းမှ တာဝန်ရှိသူများက ဆွေးနွေး တင်ပြမှုများကို ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။