ဇွဲ လုံ့လ ဝီရိယနှင့် ဘဝခရီး

 

ဇွဲ လုံ့လ ဝီရိယနှင့် ဘဝခရီး

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်)

    ဇွဲ၊လုံ့လ၊ဝီရိယနှင့် ကြိုးစားမှုသည် လူသားတိုင်းတွင် ရှိနေရမည့် အရည်အချင်းများ ဖြစ်သည်။ လူသားတို့၏ ဘဝခရီးတွင် မွေးဖွားလာသည်မှ ကွယ်လွန်ချိန်အထိ သွားလာလှုပ်ရှား ရုန်းကန်နေကြရသည်။  ကာယစွမ်းရည်၊ ဉာဏစွမ်းရည်များဖြင့် ဘဝခရီးကို ဖြတ်သန်းနေကြရသည်။ မိမိဘဝရပ်တည်ရေးအတွက် စာသင် ကျောင်းသို့ စတင်ရောက်ရှိသည်မှစ၍ ဇွဲ၊လုံ့လ၊ဝီရိယနှင့် ကြိုးစားမှုသည် မရှိမဖြစ် လိုအပ်လာပြီဖြစ်သည်။   ရည်မှန်းချက် ပြည့်မီရေးအတွက် ဇွဲလိုအပ်သည်။ လုံ့လနှင့်ဝီရိယလိုအပ်သည်။ ထိုသုံးခုကို ဟန်ချက်ညီစွာ အသုံးပြုလျက် သွားလာ လုပ်ကိုင်နေကြရသည်။ လုပ်ငန်းခွင်သို့ ရောက်ရှိချိန်တွင်လည်း ထိုဇွဲ၊ လုံ့လ၊ ဝီရိယ တို့ကိုချန်ထား၍မဖြစ်ပေ။ အမြဲတမ်း ကြိုးစားနေကြရသည်။

လုပ်ငန်းတစ်ခုကို ဆောင်ရွက်ရာတွင် ဇွဲ၊ လုံ့လ၊  ဝီရိယတို့ညီရန် လိုပေသည်။ သို့မှသာထမြောက်နိုင်ပေသည်။ တစ်ခုခုချို့ယွင်း နှေးကွေးကျန်ရစ်နေမည် ဆိုပါက လိုရာခရီးသို့ ရောက်နိုင်မည်မဟုတ်ပေ။ ရေကူးသူတစ်ယောက်တွင် ရေကူးခြင်းသည် လုံ့လဖြစ်သည်။ ဆက်၍ဆက်၍ အသစ်လှုပ်ရှားမှုကို ဖြစ်စေခြင်းမှာ ဝီရိယဖြစ်သည်။ ထိုသို့လှုပ်ရှားမှုကို  ဆက်တည်နေအောင် ထိန်းထားမှုသည်ဇွဲဖြစ်သည်။    သို့ရာတွင် ထိုသုံးပါးသည် နူးညံ့လှသော သဘောကြောင့်  အပိုင်းအခြား တိတိပြတ်ပြတ် ခွဲခြားသတ်မှတ်ထား၍ မရကောင်းပေ။ ဇွဲကြောင့်လုံ့လ၊ လုံ့လကြောင့် ဝီရိယ၊ ဝီရိယကြောင့်ဇွဲစသည်ဖြင့် အားထုတ်မှုတိုင်း၌ သိမ်မွေ့စွာ ဆက်စပ်အကျိုးပြုနေပေသည်။ စက်ဝိုင်းတစ်ခုလည်ပတ်သကဲ့သို့ပင်  ကျယ်ပြန့်သော အပိုင်းအခြားဖြင့် ဤကား ဇွဲ၏အမှု၊ ဤကား လုံ့လ၏အမှု၊ ဤကား ဝီရိယ၏အမှုဟု ခွဲခြားရလေသည်။

ဇွဲနှင့်ဝီရိယသည်  ဉာဏ်ပညာ၏ အရေးမဟုတ်ပေ။   ဗီဇစိတ်မှမွေးထုတ် အသက်သွင်းပေးရသော အင်အားဖြစ်ရာ  စိတ်၏လုပ်ငန်းတစ်ရပ်ဖြစ်သည်။ စိတ်ဓာတ်ဟူသည် အကောင်အထည် ဒြပ်ဝတ္ထုတစ်ခု အနေဖြင့် ကိုင်တွယ်စမ်းသပ်၍ မရစကောင်းသော အရာဖြစ်သည်။ သို့သော်မရှိတရား မဟုတ်ဘဲ အရှိတရား သာဖြစ်သည်။ စိတ်၏လုပ်ငန်းများ ဖြောင့်ဖြူးအောင်မြင်ထက်သန်မှ စိတ်၏ရည်မှန်းရာ တာဝန်ဘက်တွင်လည်း မလစ်ဟင်းဘဲ ရှိနိုင်ပေမည်။ စိတ်၏ အရည်အချင်းသည်လည်း တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိသည်။ထို့ကြောင့်ဇွဲ၊ လုံ့လ၊ ဝီရိယတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်လျက်ရှိနေကာ ထိုသုံးခုပူးပေါင်းခြင်းဖြင့် အောင်မြင်မှုကို ရရှိမည်မှာအမှန်တရားဖြစ်ပေသည်။

ဇွဲဟူသည် ကြာရှည်စူးစိုက်စွဲမြဲမှုနှင့် ခံနိုင်ရည်ပင်ဖြစ်လေသည်။ မိမိလုပ်ဆောင်ရမည့် တာဝန်ကို လုံးဝပြည့်စုံပြီးမြောက် အောင်မြင်ရန်မှာ ဇွဲရှိရမည်။   ဇွဲရှိမှလုပ်သမျှ အောင်မြင်မည်။   စိတ်နှလုံးတုံးတုံးချလျက် ရည်မှန်းချက်ရောက်အောင် သွားမည်ဆိုလျှင် အားထုတ်မှုကိုလည်း အရှိန်မပြတ်လမ်းကြောင်း မပြောင်းအောင် အားသွင်းပေးနေရန် လိုပေသည်။ အားထုတ်မှုအရှိန်မလျော့အောင် အားသွင်းပေးခြင်းသည် ဇွဲရှိခြင်းပင်ဖြစ်၍ဇွဲသည်အောင်မြင်မှုကိုပေးသော စိတ်စွမ်းအားပင်ဖြစ်လေသည်။

လုံ့လနှင့်ပတ်သက်၍ အများပြောဆိုသုံးနှုန်းနေသော စကားတစ်ခွန်းရှိသည်။ ယင်းမှာ  ယောက်ျားတို့လုံ့လ သေခါမှလျှော့မည် ဟူသောစကားဖြစ်သည်။ လုံ့လကို မသေမချင်း မွေးမြူကျင့်သုံး၍ မိမိတို့ရည်မှန်းချက် ပန်းတိုင်သို့  အရောက်ချီတက်ရမည်ဖြစ်သည်။ ဝီရိယရှိသောသူမှာ စိန်ရွှေစီးပွားများနိုင်သည် ဆိုသကဲ့သို့ မိမိဘဝကိုထူထောင်ရာ၌  နံနက်စောစောအိပ်ရာမှထခြင်း၊ သတ်မှတ်ချိန်းဆို ထားသောနေရာသို့ သတ်မှတ်ချိန်မတိုင်မီ ရောက်ရှိအောင် သွားရောက်ခြင်း၊ အချိန်ကိုလေးစားခြင်း၊ အချိန်မီပြီးစီးရမည့် လုပ်ငန်းဆောင်တာများကို အချိန်မတိုင်မီ စောစီးစွာပြီးမြောက်ခြင်းတို့သည် ဝီရိယရှိခြင်းပင်ဖြစ်သည်။ အတ္တာဟိအတ္တာနော နာထောဆိုသည့်အတိုင်း ကိုယ့်အားကိုယ်ကိုးကာ ဝီရိယကို အသုံးချခြင်းသည် အောင်မြင်ခြင်းပင်ဖြစ်သည်။

ဇွဲ၊ လုံ့လ၊ ဝီရိယတို့နှင့် ပတ်သက်၍ သစ်ပင်တစ်ပင်နှင့် နှိုင်းယှဉ်ပြရလျှင် လုံ့လသည်အပင်၊ ဝီရိယသည် အညွန့်၊ ဇွဲသည်ရေသောက်မြစ်ပင် ဖြစ်လေသည်။ မိမိရည်မှန်းချက်ရောက်အောင် အစဉ်ကျင့်ဆောင် အားထုတ်မှုသည် လုံ့လပင်ဖြစ်သည်။ မိမိကျင့်ဆောင် အားထုတ်မှုကို အစဉ်သတိပြု ဆင်ခြင်လျက် အတိမ်း အစောင်း အမှားအယွင်းမရှိရန် ထိန်းသိမ်းစောင့်ရှောက်ကာ ပို၍အသစ်အသစ် အားထုတ်နိုင်စွမ်းအတွက် မဆုတ်မဆိုင်းကြိုးစားခြင်းသည် ဝီရိယပင်ဖြစ်လေသည်။ မိမိ၏လုံ့လနှင့် ဝီရိယသည် အရှိန်သေမသွားစေရန် အစဉ်အားတင်း ကျားကန်ပေးနေခြင်းသည် ဇွဲပင်ဖြစ်သည်။

ထို့ကြောင့် မဟာဇနကပျို့တွင် “မမိလည်းဖမ်း၊ မိလည်းဖမ်းလျက်၊ ကိုယ်စွမ်းအားကိုး၊ ဆော်ပင့်နှိုးက၊ကောင်းကျိုးရှိရာ စမြဲတည်း” ဖွဲ့ဆိုထားသည်။ ဇွဲ၊ လုံ့လ ၊ ဝီရိယအင်အားများ ပြည့်ဝတိုးတက်စေရန် လေ့ကျင့် ဆောင်ရွက်ရန် လိုလေသည်။ မကြာခဏစိတ်ပျက်ခြင်း၊ အခက်အခဲကို အလျှော့ပေးတတ်ခြင်း၊ ယုံကြည်စိတ်အား လျော့နည်းခြင်း၊ အလားအလာကို အထင်သေးခြင်းတို့ကို ဖယ်ရှားလျက် မဖြစ်ဖြစ်အောင် လုပ်ဆောင်မည် ဟူသောဇွဲစိတ်ဖြင့် မရမနေအားထုတ်ရမည်။ မည်သည့် အခက်အခဲကိုမဆို အနိုင်မခံအရှုံးမပေး ကြံ့ကြံ့ခံရပ်တည်မည်ဟူသော စိတ်ဓာတ်ထားရှိလျှင် ဇွဲအားကောင်းစေနိုင်လေသည်။ သို့ဖြစ်၍ ယနေ့လူငယ် မောင်မယ်များအနေဖြင့် မိမိတို့နေ့စဉ် လုပ်ဆောင်မှုကိစ္စအ၀၀တွင် ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် လူသားတို့၏ဘဝခရီးလမ်း အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြစေရန် တိုက်တွန်း ရေးသားလိုက်ရပေသည်။  ။

Additional uncaught exception thrown while handling exception.

Original

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: SELECT 1 AS expression FROM {variable} variable WHERE ( (name = :db_condition_placeholder_0) ); Array ( [:db_condition_placeholder_0] => cron_last ) in variable_set() (line 1258 of /home/mwd/web/myawady.net.mm/public_html/includes/bootstrap.inc).

Additional

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: SELECT * FROM {fontyourface_font} WHERE enabled = 1 AND css_selector != '' ORDER BY name ASC; Array ( ) in fontyourface_get_fonts() (line 264 of /home/mwd/web/myawady.net.mm/public_html/sites/all/modules/fontyourface/fontyourface.module).


Uncaught exception thrown in shutdown function.

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: DELETE FROM {semaphore} WHERE (value = :db_condition_placeholder_0) ; Array ( [:db_condition_placeholder_0] => 144486299367855693c0b1c9.58399237 ) in lock_release_all() (line 269 of /home/mwd/web/myawady.net.mm/public_html/includes/lock.inc).