ဆိုမာလီယာတွင် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ  ၁၁၀ အထိမြင့်တက်

 

ဆိုမာလီယာတွင် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ  ၁၁၀ အထိမြင့်တက်

 

    ဆိုမာလီယာနိုင်ငံတွင် အယ်နီညိုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး   ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပွားရာ ယခုအခါ သေဆုံးသူဦးရေမှာ အနည်းဆုံး ၁၁၀ အထိ မြင့်တက်လာပြီး အခြား၂ ဒသမ ၄ သန်းကျော်မှာ သဘာဝဘေးသင့်ခဲ့ရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု အေဂျင်စီ(OCHA)က ဒီဇင်ဘာလ ၃ ရက်တွင်ထုတ်ပြန်သည်။

ယခုဖြစ်ပွားသည့် ရေကြီးရေလျှံမှုများသည်   ဆိုမာလီယာနိုင်ငံ၏ အစားအစာ ရှားပါးမှု အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့ပြီး နိုင်ငံအတွင်းရှိ အနည်းဆုံး ခရိုင် ၃၆ ခုတွင် လူတစ်သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း OCHAက  ဆက်လက်ပြောကြားသည်။ ရေကြီးမှုများသည် ယခုနှစ် အောက်တိုဘာလမှ စတင်ခဲ့ခြင်းဖြစ်ပြီး ရေကြီးမှုများကြောင့်   နိုင်ငံတစ်ဝန်းရှိ အခြေခံအဆောက်အဦများ၊ ကုန်သွယ်မှု၊ ပညာရေးနှင့် စားနပ်ရိက္ခာ ထောက်ပံ့ရေး ဝန်ဆောင်မှုများကို  ရပ်ဆိုင်းသွားစေခဲ့ကြောင်း သိရသည်။

ယခုဖြစ်ပွားသည့် ရေကြီးမှုသည် နိုင်ငံအတွင်း၌ ဆယ်စုနှစ် လေးခုအတွင်း အဆိုးရွားဆုံး    မိုးခေါင်မှုဖြစ်ပွားပြီးနောက်ပိုင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုင်ငံအတွင်း၌လည်း အစားအစာ ရှားပါးမှုကိုဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။