ယခုသြဂုတ်လအတွင်း ခရမ်းချဉ်သီး ဈေးနှုန်း ပြန်လည် ကောင်းမွန်လာသဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) နောင်တရားဒေသ၌ ခရမ်းချဉ်သီး စိုက်ပျိုးသည့် တောင်သူများ ပြန်လည် အဆင်ပြေလာကြောင်း သိရသည်။
''အခု သြဂုတ်လ ပထမပတ်မှာတော့ တစ်ပိဿာငွေကျပ် ၁၅ဝဝ၊ မနေ့ကဆို ငွေကျပ်၁၃ဝဝ နဲ့ရောင်းရတယ်။ ခရမ်းချဉ်သီးအမှည့်တွေပေါ့။ အောင်ပန်းကုန်စိမ်းပွဲရုံမှာ ရောင်းတဲ့ဈေးပါ။ ခရမ်းချဉ်သီးစိုက်ပျိုးတဲ့ တောင်သူတွေနားမှာတော့ ငွေကျပ် ၈၅ဝ၊ ၉ဝဝ နဲ့ဝယ်တယ်။
အစိမ်းသီးတွေပေါ့။ ခုလို ခရမ်းချဉ်သီးဈေး ပြန်ကောင်းတော့ အရင်က ရှုံးခဲ့တာတွေပြန်ရတာပေါ့။ အခုလိုဈေးကောင်းနေဖို့ မျှော်လင့်ပါတယ်''ဟု ခရမ်းချဉ်သီး ဝယ်ရောင်းနေသည့် ထီရီးကရင်ကျေးရွာမှ ဦးတဘဲ ကပြောသည်။
''ခရမ်းချဉ်သီးဈေး ပြန်ကောင်းတော့ ကျွန်တော်တို့ စိုက်တဲ့လူတွေလည်း အဆင်ပြေတယ်။
ကျွန်တော့်ခြံဆို နှစ်ခါခူးပြီးပြီ။ ဒီလိုဈေးလေးဆိုရင်တော့ ခရမ်းချဉ်သီး စိုက်ရတာပျော်ပါတယ်''ဟု နောင်တရားမြို့မှ ဦးလှဲင်း ကပြောသည်။
မေလနှင့် ဇွန်လအတွင်းတွင် ခရမ်းချဉ်သီး စိုက်ပျိုးသည့် တောင်သူများ ဈေးကောင်းမရခြင်းကြောင့် ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး အခြေခံစားသောက်ကုန်များ လိုအပ်နေသည့် ဒေသများသို့ ပေးပို့လှူဒါန်းကြကြောင်း သိရသည်။