အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

အဖေဆုံးတော့ ကျွန်တော် ခုနစ်တန်းရောက်နေပြီ ဘကြီးခင်။   ကျွန်တော်ပညာကို  ဆက်ပြီးသင်ချင်တယ်။ ဒါပေမဲ့ သင်လို့မရတော့ဘူး။  ဒါနဲ့စစ်ထဲဝင်ဖို့ ကြိုးစားသေးတယ်။ အသက်ငယ်တာနဲ့ လက်လျှော့လိုက်ရတယ်။ ဒီတုန်းက ခေတ်ကလည်းမကောင်းဘူး ဘကြီးခင်။ ရန်ကုန်အစိုးရခေတ်ဖြစ်နေတယ်။ အင်းစိန်သူပုန်တွေ ဆူတုန်းပူတုန်းပေါ့။ စသုံးလုံးဆိုတာတောင်မပေါ်သေးဘူး။  အမြတ်တော်ဝန်ထောက်လည်း ပွ၊ ကျွန်တော်တို့အဖေလည်း ပွတာပဲ။    ဒါပေမဲ့ သူ သောက်စားပစ်တာနဲ့ ကုန်တာပဲ။ အဖေသေတော့ ကျွန်တော်တို့  ချွတ်ခြုံကျဖြစ်တာပဲ။   လူကလည်း မလောက်လေးမလောက်စားအရွယ်။ နှမလေးနှစ်ယောက်နဲ့။ ဒီတော့ ကျွန်တော်ကခေါင်းဆောင်ပြီး အိမ်ထောင်ကို ဦးစီးရမလိုဖြစ်လာတယ်။ ချက်ချင်းပဲကျောင်းထွက်ပြီး ကျွန်တော်တို့မိသားစု ကျောက်ဆည်ကို ပြန်ပြောင်းလာတယ်။  ကျောက်ဆည်ဝန်ထောက်ရုံးမှာ  အကူစာရေးဝင်လုပ်တယ်။ နေရာမကျဘူး။ အလုပ်ရဖို့မလွယ်ဘူး။ ဒါနဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တိုင်ပင်ပြီး ရန်ကုန်ဆင်းလာတယ်။ ရန်ကုန်မှာ အလုပ်မျိုးစုံလုပ်ဖူးတယ်။ နောက်တော့ ဗိုလ်ချုပ်ကြီးရဲ့ အိမ်စောင့်အစိုးရလက်ထက်မှာ သာကေတကိုအရွှေ့ မိန်းမရတာပဲ။

မိန်းမရတော့ ကျွန်တော်လမ်းဌာနရောက်နေပြီ။ အင်းစိန်မှာ ဆရာဦးလှမင်းတို့နဲ့တွေ့တယ်။ အဲဒီကတည်းက လမ်းဌာနမှာ  မြဲတော့တာပဲ။ သီရိတံတားအထိဆိုပါတော့။ အညာမှာ နှမနှစ်ယောက်လည်း ယောကျ်ားရပြီ။ 

အမေလည်းဆုံးပြီ။ နှမ နှစ်ယောက်စလုံးပဲ  ပညာတတ်တွေနဲ့ရတယ်။ တစ်ယောက်က ဆန်ဝန်ထောက်ကလေးနဲ့ရတယ်။  ဟန်ကျပန်ကျဖြစ်နေပြီ။ တစ်ယောက်က  ရွှေဘိုဘက်က  ဆည်အင်ဂျင်နီယာလေးနဲ့ရတယ်။

သူလည်း ချောင်ချောင်လည်လည်ပဲ။    ကျွန်တော်တစ်ယောက်သာ ဒုက္ခရောက်ကျန်ရစ်တာ ဘကြီးခင်

ဒီလိုပေါ့ကွာ၊ ကံအကြောင်းတရားက ဒီလိုဖန်တီးလာတာကိုး

ကျွန်တော်လည်း ကံကိုယိုးမယ်ဖွဲ့ရတာပဲ ဘကြီးခင်။ ဒါပေမဲ့ ကျွန်တော့်သားတွေ ကျွန်တော့်လိုမဖြစ်စေချင်ဘူး။ သူတို့ကို ပညာတတ်စေချင်တယ်။ အခုတံတားဆောက်တဲ့ ဆရာကြီးတို့လို အင်ဂျင်နီယာဖြစ်စေချင်တယ်။   ကျွန်တော့်အဖေရဲ့ ဆရာလို  အမြတ်တော်ဝန်ထောက်ဖြစ်စေချင်တယ်။ ဆရာဝန်ဖြစ်စေချင်တယ်

ဒါတွေဟာ   မင်းတို့ ငါတို့ လက်လှမ်းမမီဘူး မောင်ညွန့်အေး

ဘာလို့မမီရမှာလဲ ဘကြီးခင်။ ကျွန်တော်သာကျောင်းဆက်မနေနိုင်လို့ ဒုက္ခရောက်တာ။ ကျွန်တော့်သားတွေကို  ကျွန်တော်   ပညာသင်ပေးချင်တယ်။

အလတ်ကောင်က ချွန်မယ့်ပုံပဲ ဘကြီးခင်။ အခုပဲက ကန်စွန်းပင်ရေမှာရွှင်၊   ခ ခရမ်းသီး ဓားနဲ့လှီး၊ ဂ ဂဏန်းကောင် လက်မထောင်ကို အစအဆုံးအလွတ်ရနေပြီ

ထိုအကြောင်းတို့အားလုံး သောင်းဒန်၏နားသို့ရောက်လာသည်။ သောင်းဒန်စိတ်မကောင်း။ သို့သော်လည်း မတတ်နိုင်။ သူ လက်လှမ်းမီသရွေ့ကား ပြုစုပျိုးထောင်ပေးနိုင်သည်။ အားပေးစကားပြောနိုင်သည်။

အားပေးရုံပဲတတ်နိုင်သည်။ တစ်ဖန် သောင်းဒန်သည် ညွန့်အေးကို ကိုယ်ချင်းစာသည်။ သူကိုယ်တိုင်တက္ကသိုလ်ကို ရောက်နိုင်လျက်နှင့်မရောက်ခဲ့ရ။   ရောက်ပြန်တော့လည်း  ဘွဲ့ရအောင်မနေခဲ့ရ။ သူ လိုချင်သည်မှာ တက္ကသိုလ်က ပေးသည့် အင်ဂျင်နီယာဘွဲ့။ ရသည်မှာအင်းစိန်စက်မှုကျောင်းဆင်းလက်မှတ်။

မင်းတို့ ကလေးတွေအတွက် ကျောင်းဖွင့်ပေးဖို့ ငါ စီစဉ်မယ်ကွာ။ ဖြစ်စေရမယ်

သောင်းဒန်က ကြေညာလိုက်သည်။ စောစောကမူ အိမ်ထောင်သည်များရောက်လာလျှင် ကျောင်းသားများကို စင်ရော်သို့မော်တော်နှင့်ပို့ကာ ကျောင်းတက်စေမည်ဟု သောင်းဒန်စိတ်ကူးထားသည်။ ငါးတန်း၊ ခြောက်တန်း အရွယ်များအတွက်   လွယ်သည်။

က ကန်စွန်းပင် ရေမှာရွှင် အတန်းအတွက် သွားရေးလာရေး မလွယ်ကူလှ။ မူလတန်းကျောင်းတစ်ကျောင်း ဖွင့်မှဖြစ်မည်ဟု  သောင်းဒန်စိတ်ထဲတွင် တေးထားလိုက်သည်။

ညွန့်အေး နောင်တရသည့်အတွက် သောင်းဒန်ဝမ်းသာသည်။ သို့သော် ညွန့်အေးကိုကား လက်မလွှတ်ချင်။ သိန်းတင်နှင့်ညွန့်နှစ်ညွန့် တပူးတွဲတွဲလုပ်နေသည်။

သိန်းတင်က ဦးဆောင်ကာ အဖော်ညှိနေခြင်းပင်ဖြစ်ရမည်ဟု သောင်းဒန်တွက်သည်။ ထို့ကြောင့် ဘလှနှင့် ဦးခင်တို့ကို စနည်းနာခိုင်းသည်။

သိန်းတင်ဆိုတဲ့ကောင် ရန်ကုန်မှာ အားကိုးရှိရမယ် ဦးခင်။ အဲဒါ စုံစမ်းပေးစမ်းပါ

ဟုတ်သည်။ သိန်းတင်တွင် အားကိုးရှိသည်။

သိန်းတင်မိန်းမနှင့် ညွန့်ရွှေမိန်းမတို့ အဆက်အသွယ် ရှိကြသည်။ ညွန့်ရွှေမိန်းမ တင်မေသည် ဗိုက်ကြီးတစ်ခွဲသားနှင့် သာကေတ စေတနာဝေဖြာဆေးကုခန်းသို့ အလာတွင် အင်ဂျင်နီယာ ဦးသိန်းဖေနှင့်တွေ့သည်။

ဦးသိန်းဖေကား ရန်ကုန်-ဖောင်ကြီးလမ်းတွင် တံတားဆောက်လမ်းပြင်နေသည့်   အင်ဂျင်နီယာဖြစ်သည်။

သီရိတံတားတွင် ခဏလုပ်ဖူးသည်။ သောင်းဒန်၏ အလုပ်သမားများ ကျွမ်းကျင်သည်ကိုသိသည်။ ထိုစဉ်က ညွန့်ရွှေသည် ဦးသိန်းဖေနှင့်ခဏ တွဲလုပ်ရသည်။

ညွန့်ရွှေဆီသို့  ထမင်းပို့  ခဏခဏလာသဖြင့် ဦးသိန်းဖေသည် တင်မေကို မျက်မှန်းတန်းမိနေသည်။

တင်မေကို သူ့ယောကျ်ားအကြောင်းမေးသည်။

စင်ရော်ကိုပါသွားတယ် ဆရာ။  ဦးသောင်းဒန်ခေါ်သွားတာပဲ

ဟုတ်လား၊ အလကား လိုက်သွားတယ်။ ဒီမှာလည်းနင်က ဗိုက်ကြီးတစ်ခွဲသားနဲ့

မလိုက်စေချင်ဘူး ဆရာ။ ဒါပေမဲ့ ဦးသောင်းဒန်ကျေးဇူးရှိတယ်ဆိုပြီး လိုက်သွားတာပဲ။ ကျွန်မလည်း မကြာခင် သူ့ဆီလိုက်ရမယ်

ဒီကောင်တွေ လူမိုက်တွေပဲ။ အစားအသောက်က ရှားပါဘိသနဲ့။ အလကားတောထဲလိုက်ပြီး အငတ်ခံကြတယ်။ နင် လိုက်သွားလည်း ငတ်မှာပဲ။ တောကြီးမျက်မည်းထဲ ဘယ်ကလာ စားစရာရမလဲ။ ပြီးတော့သူပုန်လည်းကြောက်ရသေး။ သူတို့တံတားဆောက်တဲ့ နေရာက အလွန်ဆိုးတဲ့နေရာ

တင်မေ မျက်လုံးပြူးသွားသည်။ ရောက်ကတည်းက သူ့ယောကျ်ားထံမှ စာတစ်စောင်မျှမရ။ နေကောင်းရဲ့လား၊ ငှက်တောခွေးတောမှာ နာဖျားမကျန်းဖြစ်နေသလား။ ဤသို့စိုးရိမ်ပူပန်နေရသည့်အထဲ ဦးသိန်းဖေနှင့် တွေ့လိုက်သည့်အခါ ပို၍ပူပန်လာသည်။

ငါ့ဆီမှာ အလုပ်တွေ တစ်ပုံကြီးပဲ။ နင့်ယောကျ်ားဘာလုပ်သလဲ

လက်သမား ဆရာ

အေး အတော်ပဲ၊ ငါ့မှာ လက်သမားလည်းလိုတယ်။ ပန်းရန်လည်း လိုတယ်။ စက်မောင်းလည်း လိုတယ်

တင်မေ ဉာဏ်ပွင့်သွားသည်။ သူ့ယောကျ်ားထံစာရေးသည်။ ညွန့်ရွှေက ထိုသတင်းကို သိန်းတင်၊ ညွန့်အေး၊ ဦးခင်တို့ထံသို့ပါးလိုက်သည်။ သို့သော်လည်း ညွန့်ရွှေသည် ဆရာကြီး ဦးသောင်းဒန်၏မျက်နှာကိုကွက်ခနဲပြေး၍မြင်သည်။  သူ့ကိုစိတ်ဆိုးမည်အမှန်ဖြစ်သည်။ ထို့ကြောင့်  တိုးတိုးတိတ်တိတ်ပြောဆိုဆွေးနွေးသည်။ သူတို့အထဲတွင် အကဲဆုံးမှာ သိန်းတင်ဖြစ်သည်။ သိန်းတင်သည် နဂိုကမှ စိတ်ဓာတ်ပျက်နေရာ ထိုသတင်းရသည်နှင့်  ရန်ကုန်ပြန်ဖို့ပြင်တော့သည်။

သူ့ရောဂါသည် ညွန့်ရွှေ၊ ညွန့်အေးတို့ဆီသို့ ကူးစက်သွားသည်။ အိမ်က မိန်းမများကပါ စာရေးခေါ်ကြသည်။ ရန်ကုန်တွင် တင်မေသည် သူတို့သားမယားများနှင့်တွေ့သည့်အခါ  ဦးသိန်းဖေထံမှ ကြားရသည့်သတင်းကို အလကား မတ်တင်းဈေးနှင့်ဖြန့်လိုက်သည်။

အိမ်က မိန်းမများသည် သူတို့ယောကျ်ားများကို ရန်ကုန်သို့ ပြန်ခေါ်ကြသည်။

သောင်းဒန်သည်   သိန်းတင်ကိုလက်လျှော့လိုက်သည်။ သို့သော် ကျန်သည့်အလုပ်သမားများကိုမူ တတ်နိုင်သမျှ ထိန်းထားသည်။ သိန်းတင် ပြန်ချင်ပြန်နိုင်သည်ဟု ခွင့်ပေးလိုက်သည်။ သိန်းတင်ပြန်တော့မည့် သတင်းသည် တစ်စခန်းလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်စေသည်။ ညွန့်ရွှေနှင့်ညွန့်အေးတို့ကား သိန်းတင်နောက်သို့မလိုက်ဖြစ်တော့။ သို့သော်လည်း သိန်းတင်သည် သုံးကျပ် ဆယ့်ငါးပြားစား အလုပ်သမားနှစ်ယောက်ကို မ သွားသည်။ တစ်ယောက်မှာ ရုံးစောင့်ချစ်မောင်ဖြစ်ပြီးလျှင်၊ ကျန်တစ်ယောက်မှာ လက်သမားလက်သင်မောင်ကြီးဖြစ်သည်။ ကိစ္စမရှိ။ သူတို့သည် ကျွမ်းကျင်သည့်အလုပ်သမားများမဟုတ်ကြ။ သို့သော်လည်း နောက်ထပ် လူမလျော့အောင်ထိန်းရမည်။

ငိုချင်လျက်လက်တို့သူမှာ  ဦးသိန်းဖေဖြစ်သည်။

ဦးသိန်းဖေ၏လုပ်နည်းလုပ်ဟန်ကို  တားမြစ်ရမည်။

ယင်းအတွက် သောင်းဒန်သည် ဌာနချုပ်သို့ စာရေးသည်။  ဦးသိန်းဖေ၏လူစုနည်းကို တားမြစ်ပေးပါဟု ဌာနချုပ်သို့တောင်းပန်သည်။   ဦးသိန်းဖေကိုကား သောင်းဒန်အပြစ်မတင်ချင်။ သူလည်း သူ့လုပ်ငန်း အောင်မြင်ရေး အတွက် လူကောင်းရှာခြင်းဖြစ်သည်။

သောင်းဒန်၏လူများ အလုပ်တော်ကြောင်း ဦးသိန်းဖေ ကောင်းကောင်းသိသည်။ သို့သော် မလုပ်သင့်၊ မလုပ်ထိုက်ဟု သောင်းဒန်ထင်သည်။ ဦးသိန်းဖေသာ ဆက်လက်စည်းရုံးမည်ဆိုလျှင် စင်ရော်တံတားစခန်းတစ်ခုလုံး ပြုတ်ဖွယ်ရာသာ ရှိတော့သည်။ ဌာနချုပ်သို့စာရေးအကြောင်းကြားပြီးနောက် ရန်ကုန်ပြန်ချင်ကြောင်း ပြောသည့်သူနည်းသွားသည်။ မတတ်နိုင်သည့်အဆုံး နိုင်ရာနှင့်ကိုင်ရတော့သည်။

အေး၊ မင်းတို့ ငါ့ဆီက ထွက်ပြီး ဦးသိန်းဖေဆီမှာ လုပ်မယ်ဆိုရင်တော့ မလွယ်ဘူးသာမှတ်။ မင်းတို့ကို တို့ဌာနမှာ ဘယ်အရပ်မှာဖြစ်ဖြစ် အလုပ်မရနိုင်အောင်ငါ စာရေးမယ်။  ဌာနချုပ်ကိုလည်း  ဒီအကြောင်းအသိပေးထားပြီးပြီ။ ဒါပဲ

________

စင်ရော်တံတား

မေ ၆ ရက်

ကျော်ဆွေ

မင်းတို့ကို အမှတ်ရလို့ စာရေးလိုက်တယ် သူငယ်ချင်း။ သော်ကောင်း ကမ္ဘောဇတိုင်းကို သွားပြီလား။ ငါလည်း ရန်ကုန်မလာနိုင်သေးဘူး သူငယ်ချင်း။ အခုမှလုပ်ငန်းစရတယ်။ တောင်ဘက်က မြေကာဘဲတောင်အတွက် တိုင်တွေ ရိုက်ရတော့မယ်။ ပြီးရင် မြောက်ဘက်က မြေကာဘဲတောင်လုပ်မယ်။ ဒါတွေပြီးမှ ရေလယ်တိုင်တွေ ချရမှာပဲ။ မင်းရော ဘယ်လိုလဲ၊ အခုထိ မိန်းမမရနိုင်သေးဘူးလား။ ရုံးမှာ စာရေးမလေးတွေနဲ့ ရုန်းရုန်း ရုန်းရုန်းဖြစ်နေတယ်လို့ ကြားတာပဲ။  မြင့်မြင့်သန်း စာရေးတဲ့အထဲမှာ မင်းအကြောင်းပါလာတယ်။

တံတားဆောက်လုပ်ရေးအဖွဲ့ ခုထက်ထိ မဖွဲ့ရသေးဘူးနဲ့တူတယ်။ မင်းကိုပါခေါ်ဖို့ ရည်ရွယ်တာပဲ။ မင်းလာမလား။ လာခဲ့ပါကွာ။ တို့နဲ့အတူ တွဲလုပ်ရတာပေါ့။

ခု ငါ့မှာ တိုင်ပင်ဖော်တိုင်ပင်ဖက်မရှိဘူး။ သော်ကောင်းရယ်၊ မင်းရယ် ရောက်လာရင် ကောင်းမှာပဲ။

      ဆက်လက်ဖော်ပြပါမည်။